Pages

Tuesday, May 1, 2012

လိုတရ

“ဆရာမ၊ ဒါ..ဒီလအတွက် လခပါ ”

အဒေါ်ကြီးက ပိုက်ဆံထည့်ထားသည့် စာအိတ်ကို ကျွန်မအားပေး၍ ပြောလိုက်ခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ်ရှင်”

ထို့နောက်ဆက်၍

" သြော်ဒါနဲ့ ဆရာမကို ပြောရအုံးမယ်။ ကျွန်မတို့လင်မယား နောက်အပတ်ခရီးထွက်စရာလေးရှိလို့ နောက်အပတ်ကစပြီး ကလေးတွေရဲ့ စန္ဒရားသင်တာကို တစ်လလောက်တော့ နားထားချင်တယ် "

“ဟုတ်ကဲ့ ရပါတယ်”

ကျွန်မသည် အားလပ်သည့်အချိန်များ၌ စန္ဒရားသင်ချင်သော ကလေးများအိမ်သို့ သွား၍ သင်ပေးခြင်းဖြစ်သည်။ လကုန်၍ လက်ထဲပိုက်ဆံဝင်လာပြီဖြစ်၍ အပြန်လမ်း၌ ပျော်နေမိပါသည်။ အိမ်ပြန်ရောက်၍ စာအိတ်ကို ဖွင့်ကြည့်လိုက်စဉ်

“အို..."

စာအိတ်ထဲက ပိုက်ဆံများက ကျွန်မကို မျက်လုံးပြူးသွားစေပါသည်။

“ လခက နှစ်လစာတောင် ဖြစ်နေပါလား။ မှားပြီးပိုပေးမိတာလား ဒါမှမဟုတ် စေတနာပိုလို့ ငါကိုများ ပိုပေးထားတာများလား။ အို.. မဟုတ်သေးပါဘူး။ ပိုတယ်ဆိုလည်း တစ်လစာလခတန်ဖိုး ကွက်တိ ပိုပေးပါ့မလား...”

သို့လော၊ သို့လော နှင့် နောက်ဆုံးတော့ ပိုသည့်ငွေများကို ပြန်သွားပေးရန် ကျွန်မဆုံးဖြတ်လိုက်ပါသည်။ နောက်တစ်လ စန္ဒရားပြန်သွားသင်မှ ပြန်ပေးလိုက်တော့မယ်လေ။ အရေးကြီးတာလဲမဟုတ်ဘူး။ အိုမဟုတ်သေးပါဘူး၊ ပိုက်ဆံဆိုတော့ အမြန်ဆုံးသွားပေးလိုက်တာပဲကောင်းပါတယ်။

နောက်တစ်ပတ်အတွင်း ပြန်သွားပေးရန် ကျွန်မဆုံးဖြတ်လိုက်ပါသည်။


~~~~~


“တီ..တီ..တီ”

အိမ်ဝန်းတံခါးခေါင်းလောင်းလေးကို အဆက်အပြတ်နှိပ်သော်လည်း အချိန်တော်တော်ကြာသည်အထိ လူအရိပ်အရောင်မျှမတွေ့ရပါ။ သို့နှင့် လှည့်ပြန်တော့မည်လုပ်စဉ်

“အို ဆရာမပါလား”

အမောတကောနှင့် ပြေးလာသော အဖွားကိုတွေ့လိုက်ရသည်။

“အိမ်မှာကလေးအမေနဲ့အဖေမရှိကြဘူးကွဲ့၊ ခရီးထွက်သွားကြတယ်။ အဖွားနဲ့ကလေးတွေပဲ ရှိကြတယ်”

“ဟုတ်ကဲ့ပါ အဖွား။ အဒေါ် ဟိုတစ်ပတ်က ပေးလိုက်တဲ့ စန္ဒရားလခပိုက်ဆံတွေက ပိုနေလို့ ကျွန်မပြန်လာပေးတာပါ။ အဖွားပဲ လက်ခံထားပေးလိုက်ပါနော်”

“ဟုတ်ပါပြီ ဆရာမ။ ကလေးတွေအမေပြန်လာရင် အဖွားပြန်ပြောပြလိုက်ပါမယ်”

အဖွားက ကျေးဇူးတင်သည်ဆိုသည့် အပြုံးဖြင့် ကျွန်မပေးသည့် စာအိတ်ကို လက်ခံထားလိုက်ပါသည်။

~~~~~



“ဆရာမ ကိုတွေ့လို့ လာနှုတ်ဆက်တာ” 

အသံလာရာဆီသို့ ကျွန်မခေါင်းမော့ လှည့်ကြည့်လိုက်တော့...
လူမှုရေးပွဲတစ်ခုသို့အသွား စန္ဒရားသင်သော ကလေး၏ အမေနှင့် တွေ့လိုက်ရခြင်းဖြစ်သည်။ သို့နှင့် ကျွန်မတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ကြသည်။

“အဒေါ် အဝေးကနေ ဆရာမကို တွေ့လို့ လာနှုတ်ဆက်တာပါ။ အဒေါ်တို့ ဟိုတလောကမှ ခရီးကပြန်ရောက်တာ ”

“ဟုတ်ကဲ့။ သြော်ဒါနဲ့ အဒေါ်ကျွန်မကို ပေးတဲ့လခငွေက ပိုနေလို့ ကျွန်မပြန်သွားပေးလိုက်သေးတယ်”

“ဟုတ်တယ်ဆရာမရေ...အဖွားက အဒေါ်ကိုအားလုံးပြန်ပြောပြပါတယ်။ ဒီအကြောင်းပဲ ဆရာမကိုပြာပြချင်လို့ အဒေါ်လာနှုတ်ဆက်တာ”

ဘာတွေများ ထူးထူးခြားခြားပြောစရာ အကြောင်းများ ရှိနေပါလိမ့်ဟု ကျွန်မမျက်လုံးများက ကြောင်စီစီဖြစ်နေပါလိမ့်မည်။ အဒေါ်ကြီးကတော့ ကျွန်မကိုတွေ့လိုက်ရသည်ကို  အလွန်ဝမ်းသာပျော်ရွှင်နေသည့်ပုံ ပေါ်လွင်နေပါသည်။ အာဝစွမ်းရွှင်ရွှင်နှင့် ပြောနေသည်မှာ ရေပက်မဝင်တော့ပေ။


“အဒေါ်တို့ လင်မယားခရီးထွက်သွားတော့ အိမ်မှာအဖွားနဲ့ ကလေးတွေပဲ ကျန်ခဲ့ကြတာလေ။ အဲဒီမှာပဲ ဇတ်လမ်းကစတော့တာပါပဲ။ ချန်ထားပေးခဲ့တဲ့ ပိုက်ဆံတွေက ကလေးကျောင်းစရိတ်၊ စားစရိတ်တွေနဲ့  မလောက်မငှ ဖြစ်သွားတယ်။ အဒေါ်တို့လည်း တခြားမြို့ကခုမှ ပြောင်းလာကြတဲ့သူတွေဆိုတော့ အသိမိတ်ဆွေတွေလည်း မရှိကြဘူးလေ။ ဒါနဲ့ အဖွားက ပိုက်ဆံအခက်အခဲပေါ်လို့ ကလေးတွေနဲ့အတူ ဘုရားသခင်ကိုပဲ ဆုတောင်းနေကြရတယ်တဲ့။ သူတို့ရဲ့အခက်အခဲတွေကို ဘုရားသခင် ကူညီဖြေရှင်းပေးမယ်ဆိုတာ အဖွားကယုံတယ်။ သူတို့အားလုံး အဖြေကိုစောင့်နေတဲ့အချိန်မှာ ဆရာမပြန်သွားပေးခဲ့တဲ့ ငွေတွေကို လက်ခံရလိုက်တာ။ အဖွားနဲ့ ကလေးတွေ အားလုံးအံ့သြဝမ်းသာဖြစ်ခဲ့ကြရတယ်တဲ့။ အခက်အခဲရောက်နေချိန်မှာ ဘုရားသခင်ထံဆုတောင်းလို့ရတယ်ဆိုတာ ကလေးတွေ လက်တွေ့သိမြင်သွားကြရတယ်။ ဆရာမကိုလည်းကျေးဇူးတင်ပါတယ် ”


“ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး။ ဘုရားက ကျွန်မကို ဒီလိုအသုံးပြုတဲ့အတွက်ပဲ ကျွန်မကဝမ်းသာလှပါပြီ”


ကျွန်မသည် အိမ်အပြန်လမ်း၌ အံ့သြဝမ်းသာမှုများ ထွေးပွေ့လာခဲ့ရပါသည်။ "သူတစ်ပါး အခက်အခဲရောက်လျှင် ကူညီပေးရသူ ဖြစ်လိုပါ၏"ဟု ဘုရားရှင်၌ ဆုပန်ခဲ့ဘူးသည်ကို ရေးရေးလေးပြန်သတိရလာပါသည်။ ထိုဆုကို ကျွန်မကိုယ်တိုင်ပင် မေ့နေခဲ့ပါပြီ။ ဘုရားသခင်ကတော့ သူ့အချိန်တန်လျှင် တောင်းဆုကိုပေးကြောင်း ကျွန်မပို၍ သိနားလည်ခဲ့ရပါသည်။ မြေးအဖွားတသိုက်လည်း အခက်အခဲများကြားထဲ၌ ဘုရားသခင်၏ ကူညီပေးနိုင်သော လက်တစ်စုံကို မြင်တွေ့ခွင့်ရသွားကြပေပြီ။
ဘုရားသခင်ထံသို့ လိုလျှင်တလိုက်သော် ရပါ၏။


No comments:

Post a Comment