Pages

Friday, October 19, 2012

ပစ်မှတ်



“ဒိုင်း”
“ဒိုင်း..ဒိုင်း”
“ဒိုင်း...ဒိုင်း...ဒိုင်း”
ရှေ့၌ရှိသော ပစ်မှတ်အလယ်ဗဟိုတည့်တည့်ကို ချိန်ရွယ်ပြီး တဒိုင်းဒိုင်းနှင့် ပစ်ထည့်လိုက်သည်။ ပစ်မှတ်မှန်သွားသည့်အခါတိုင်း မီးက တဝင်းဝင်းပွင့်သွားသည်။ ထို့နောက် ရှေ့အနည်းငယ် အလှမ်းဝေးနေသေးသည့် ပစ်မှတ်ကိုလည်း အာရုံစိုက်၍ ပစ်ထည့်လိုက်ပြန်သည်။ မီးတဝင်းဝင်းပွင့်သွားသည်ကိုကြည့်ပြီး စိတ်ကတက်ကြွလို့နေသည်။ နောက်ထပ်တစ်ချက်အနေနှင့်  အနောက်၌ကျန်ခဲ့သော ပစ်မှတ်များကိုလည်း ခေါင်းလှည်ပြန်၍ ကျားကုတ်ကျားခဲ ပစ်ထည့်လိုက်ပြန်သည်။



ကျွန်မ  တဒိုင်းဒိုင်းနှင့် သေနတ်ပစ်နေသည့်နေရာမှာ တိုကျိုဒစ်စနီကွင်း( Tokyo Disneyland)ထဲ၌ရှိသော Woody နဲ့ Buzz ကာတွန်းဇတ်ကောင်များရှိသည့် အခန်းတွင်ဖြစ်သည်။  ကျွန်မနှင့် အန်တီသည် နံနက်အစောကြီးအချိန်မှစ၍ ဒစ်စနီကွင်းထဲသို့ရောက်နေကာ အမယ်စုံလှသည့် ချစ်စဖွယ်ကာတွန်းဇတ်ကောင်များရှိရာ အခန်များထဲသို့ တစ်ခန်းဝင်တစ်ခန်းထွက်၍ တပျော်တပါး လှည်ပတ်နေကြခြင်းဖြစ်သည်။ လှည်ပတ်သူများ များလွန်း၍ တချို့ကစားခန်းထဲသို့ ဝင်ခွင့်ရရန် လူတန်းရှည်ကြီးကို ၁နာရီကျော်ကျော် စောင့်နေရတတ်ပြန်သည်။ သို့သော် စောင့်ရကျိုးနပ်ပေသည်။ ဒစ်စနီကစားကွင်းထဲရှိ အခန်တိုင်းက ဆွဲဆောင်မှုရှိလှသည်။ ခန့်ညားလှသည်။ ကစားနည်းနှင့် အခန်းအပြင်အဆင်များက တစ်ခန်းနှင့်တစ်ခန်း မထပ်။ ကားတွန်းဇတ်ကောင်လေးများကလည်း ချစ်ဖို့အလွန်ကောင်းလှပြန်သည်။ ကိုယ်အသက်အရွယ်ကိုပင် မေ့သွားကာ သူငယ်လေးတစ်ယောက်အလား တဝေးဝေး တဝါးဝါးနှင့် ခုန်ပေါက်နေမိတော့သည်။ Woody နှင့် Buzz  ရှိသည့် အခန်းနေရာသို့ရောက်သည့်အချိန်၌ နေပင်ဝင်နေပေပြီ။



Woody နှင့် Buzz တို့ရှိသည့် အခန်းထဲသို့ ဝင်လိုက်သည်နှင့် စက်ရထားပုံစံ နှစ်ယောက်တစ်တွဲထိုင်စီးလို့ရသည့် ထိုင်ခုံတစ်ခုက အပေါက်ဝ၌ ကြိုလို့နေသည်။ ကျွန်မနှင့် အန်တီလည်း ထိုနှစ်ယောက်တစ်တွဲထိုင်ခုံပေါ်သို့ တက်လိုက်ကြသည်။ ထိုစက်ထိုင်ခုံက တဖြေးဖြေးနှင့် အခန်းထဲသို့ဝင်ကာ စတင်ရွေ့လျားသွားပါသည်။ စက်ထိုင်ခုံ၏ ဘေးတဘက်တချက်၌မူ  woody နှင့် buzz ကာတွန်းရုပ်များနှင့် အခြားစက်ရုံပုံစံအရုပ်များက နေရာယူထားသည်ကိုတွေ့လိုက်ရသည်။ အခန်းတွင်းကစားနည်းမှာလည်း စက်ထိုင်ခုံပေါ်တက်ထိုင်စီးနေစဉ် ထိုင်ခုံရွေ့လျားရာလမ်းတလျှောက်ရှိ အရုပ်များကို စက်သေနတ်ဖြင့် လိုက်ပစ်ရခြင်းပင်ဖြစ်သည်။



“ဒါ သေနတ်ပစ်ရတဲ့အခန်း”ဆိုပြီး ကျွန်မအဒေါ်က အခန်းပေါက်ရောက်စဉ်က ပြောလိုက်သော်လည်း ထိုင်ခုံစတင်ကာ ရွေ့လျားနေသည်အထိ ဘာကိုပစ်ရမည်ကို သဘောမပေါက်ဖြစ်နေမိသည်။ သို့နှင့် နည်းယူရန် ရှေ့ခပ်လှမ်းလှမ်းမှ စုံတွဲတစ်တွဲ ပစ်နေသည်ကို တစ်ချက်ငေးကြည့်လိုက်ပါသည်။
သြော်...ဒီလိုပစ်ရတာကိုး ...။ နည်းကိုသိသွားသည်နှင့် ကျွန်မလည်း မနားတမ်း ပစ်ပါတော့သည်။ ပစ်မှတ်တစ်ချက်မှန်သွားတိုင်း ထိုင်ခုံလက်ကိုင်တန်းရှိ အမှတ်ပြစက်မှ အမှတ်များက တိုးတိုးသွားသည်။ အမှတ်တိုးသွားလေ ပို၍ပစ်ချင်လေ။ ပို၍ အစွမ်းကုန် ထိထိမိမိပစ်လေ အမှတ်ကတိုးလေဖြစ်နေတော့သည်။



 အာရုံစိုက်၍ ပစ်ကောင်းနေ၍ အခန်း၏ ထွက်ပေါက်သို့ရောက်သွားသည့်တိုင် ဆက်၍ ဆော့ချင်နေသေးသည်။ ထိုင်ခုံပေါ်မှ ဆင်းရန် အင်တင်တင် ဖြစ်နေရသည်။
 “ဟယ် နင်က အမှတ် (၁၅၀၀၀)ကျော်တောင် ရတယ် ။ ငါ့မှာတော့ အမှတ် (၂၀၀၀)ကျော်ပဲရတယ်။ ငါ့တူမကတော်လိုက်တာ။ နင်ဘာကိုပစ်တာလဲ။ ငါ့မှာတော့ ဘာပစ်ရမှန်းမသိတော့ လျှောက်ပြီးရမ်းပစ်လိုက်တော့တာ။ ဟားဟ ”
ကျွန်မ အဒေါ်က ပြောပြီး ရယ်နေတော့သည်။ ကျွန်မတို့လည်း သေနတ်ခန်းထဲမှ ထွက်လာသည်နှင့် ခုနက သဲကြီးမဲကြီး  သေနတ်ပစ်ကြသည့်အဖြစ်ကို ရယ်နေမိကြသည်။



“ ကာတွန်းရုပ်ပေါ်မှာရှိတဲ့ ပစ်မှတ်ကို သေနတ်ကထွက်တဲ့ ရောင်ခြည်နဲ့ ထိအောင်ပစ်လိုက်တော့ အမှတ်တွေတိုးတိုးသွားတာပေါ့”
ကျွန်မက ဒီလို ဝင့်ဝင့်ကြွားကြွားပြောတော့
“ဟင်... ဟုတ်လား... ငါတော့မသိပါဘူး။ ရှိသမျှ ရမ်းတမ်းပစ်ထည့်လိုက်တော့တာ။ ဘာကို ပစ်ရမှန်းလည်း မသိ။ နင်က ဘယ်လိုသိတာလဲ ”
 ကစားနည်းသာ ပြီးသွားသည်။ ကျွန်မအန်တီကတော့ ဘာကိုပစ်၍ ပစ်ရမည်ကိုနားမလည်။ ဘာတွေကို ပစ်ခဲ့သည်လည်း သူမသိပေ။ ခက်တော့သည်။
 “ သြော်...အခန်းထဲ စဝင်ဝင်ခြင်းတော့ မသိပါဘူး။ ဒါပေမယ့် သူများပစ်တာကို ကြည့်လိုက်တော့ သဘောပေါက်သွားတယ်။ ပစ်မှတ်က အရုပ်တွေရဲ့ အလယ်ဗဟိုမှာ ရှိတာလေ။ အဲတာနဲ့ ရှိသမျှ အရုပ်တွေပေါ်က ပစ်မှတ်တွေကို အမိအရ ပစ်ထည့်လိုက်တာ။ စက်ထိုင်ခုံနဲ့ အလှမ်းနည်းနည်းဝေးနေသေးတဲ့ ပစ်မှတ်တွေကိုလည်း လက်လှမ်းမှီသလောက် ကြိုပြီးပစ်ထားလိုက်တယ်။ ပြီးတော့ အနောက်က ကျန်ခဲ့တဲ့ ပစ်မှတ်တွေကိုလည်း ရလိုရငြား လှည်ပြန်ပြီး ပြန်ပစ်တာပေါ့။ အန်တီထိုင်တဲ့ ဘက်က ပစ်မှတ်တွေကိုလည်း ရအောင် ပစ်တာလေ”
“ ငါ့တူမ တော်တယ်”
အန်တီ့ထံမှ ချီးကျူးစကားလေး ရလိုက်ပါ၏။



အပျော်တမ်း ကစားနည်းဖြစ်၍ အမှတ်တိုးသည် မတိုးသည်က အရေးမကြီးသော်လည်း ဤသေနတ်ပစ်ကစားနည်းလေးက ကျွန်မအား အသိတရားလေး တစ်ခုကို လစ်ဟပြလိုက်ပါသည်။
ပစ်မှတ် အလွန်အရေးကြီးကြောင်း နားလည်လိုက်ရပါ၏။ ပထမဦးစွာ မိမိ၏ ပစ်မှတ်ကို သိဖို့လိုပါသည်။ မည်မျှ အားကြိုးမာန်တက် ပစ်သော်လည်း ပစ်မှတ်မသိပါက ထိဖို့ဝေးစွ၊ အချိန်ကုန် လူပန်းရုံသာ ရှိပါလိမ့်မည်။ ဘဝပန်းတိုင်ဆီသို့ ချီတက်ကြရာဝယ် မိမိ၏ ပစ်မှတ်ကို သိမည်၊ ထိုပစ်မှတ်ကို
ပစ်ရန် နည်းလမ်းများကိုလည်း နည်းယူမည်၊ အချိန်ကိုတန်ဖိုးထား၍ အားကြိုးမာန်တက်နှင့် အာရုံစိုက်ပြီး ပစ်မည်ဆိုပါက ပစ်မှတ်မှန်၍ ရမှတ်တိုးမည်မှာ ဧကန်မုချပါပေ။



Saturday, October 13, 2012

အသီး ချိုချိုမွှေးမွှေးလေး


“အလုပ်ဆိုတာဟာ ခါးတဲ့အမြစ်ရှိပေမယ့် ချိုတဲ့အသီးတွေသီးပါသတဲ့” ကြားဖူးတဲ့ ဆိုရိုးစကားလေးတစ်ခုပါ။ ကျွန်မကိုယ်တိုင်လည်း အဲဒီချိုတဲ့အသီးတွေသီးပွင့်ရာ အလုပ်သို့ သွားရောက်လုပ်ကိုင်ခဲ့ဘူးပါတယ်။ အဲဒီအသီးချိုချိုလေးတွေကို ကျွန်မရဲ့စာဖတ်မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။



သင်ယူထားခဲ့တဲ့ ကျောင်းသင်ခန်းစာများရဲ့ အသုံးချနိုင်စွမ်းကို လက်တွေ့အလုပ်သွားလုပ်ခြင်းဖြင့် ပိုပြီးနားလည်သဘောပေါက်လိမ့်မယ်လို့ ကျွန်မခံယူထားပါတယ်။ ပြီးတော့ဒီလိုလက်တွေ့အလုပ်သွားရောက်လုပ်ကိုင်ရာကနေ ရလာမယ့်ဝင်ငွေတွေကိုလည်း တခုတ်တရ လိုချင်တာလည်း တစ်ချက်ပါ။ နောက်တစ်ချက်ကတော့ ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ အင်ဂျင်နီယာကုမ္ပဏီများရဲ့ လုပ်ငန်းဆောင်ရွက်ပုံနဲ့ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာမိတ်ဆွေများနဲ့ မိတ်ဖွဲ့လိုတာကလည်း တစ်ကြောင်းပါ။ အကြောင်းတရားများစွာရဲ့ တွန်းပို့မှုနဲ့ မြို့ပြအင်ဂျင်နီယာကုမ္ပဏီများသို့ လက်တွေ့ဆင်းအလုပ်သွားရောက်လုပ်ကိုင်ချင်တဲ့ ကျောင်းသူကျောင်းသားများအတွက် ဖွင့်လင့်ပေးထားတဲ့ (minor)ဘာသာရပ်ကို ကျွန်မစိတ်တိုင်းကျ ရွေးချယ်တက်ခဲ့ပါတယ်။



ဒီminor class ဟာ ဆရာ(၃)ဦးပေါင်းပြီး ဖွင့်ထားခြင်းဖြစ်ပါတယ်။ ဆရာများရဲ့ အတွေ့အကြုံများနဲ့ သင်ပြပေးတဲ့အတွက် အတန်းတွင်း သင်ခန်းစာတွေဟာ တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ တခါတရံမှာလည်း အပြင်မှလုပ်ငန်းရှင်များကို ဖိတ်ကြားပြီး အတွေ့အကြုံများ ဖလှယ်စေပါတယ်။ ယခင်အတန်းသားဟောင်းများကိုလည်း ပြန်လည်ဖိတ်ကြားပြီး လက်တွေ့အလုပ်သွားလုပ်ခြင်းကနေရခဲ့တဲ့အတွေ့အကြုံတွေကို တင်ပြခိုင်းတာလည်း ရှိပါသေးတယ်။ သင်ခန်းစာတွေကတော့ အားလုံးရှယ်ပါပဲ။ ဒါ့အပြင် ကျောင်းအခန်းတွင်းမှာ မဲနှိုက်အဖွဲ့ခွဲပြီး ကုမ္ပဏီလုပ်ငန်းရှင်များကတစ်ဖွဲ့၊ အလုပ်သွားရောက်လုပ်ကိုင်မယ့်သူများကတစ်ဖွဲ့ခွဲပြီး အင်တာဗျူးအစီအစဉ်တွေကိုလည်း အစမ်းလေ့ကျင့်ခဲ့ရပါတယ်။ ပျော်စရာလည်းကောင်း၊ စိတ်လှုပ်ရှားစရာလည်းကောင်းပေါ့။ (၄)လတာ စာသင်နှစ်တစ်ခုတက်ရောက်ရပြီး၊ နွေရာသီကျောင်းပိတ်ရက်(၂)လတာတွင်းမှာ ကုမ္ပဏီများသို့ သွားရောက်လက်တွေ့ဆင်းရခြင်းဖြစ်ပါတယ်။



ကျွန်မတို့ဌာနနဲ့ဆက်သွယ်ထားတဲ့ ကုမ္ပဏီတချို့ဟာ နွေရာသီကျောင်းပိတ်ရက်နှစ်လတာအတွင်း အလုပ်သင်ဆင်းချင်တဲ့ ကျောင်းသူကျောင်းသားများကို ခေါ်ယူလေ့ရှိပါတယ်။ ကျွန်မသွားရောက်လက်တွေ့ဆင်းဖို့ စာရင်းကျလာတဲ့ ကုမ္ပဏီကတော့ (CECI)လို့ခေါ်တဲ့ အင်ဂျင်နီယာကုမ္ပဏီပဲဖြစ်ပါတယ်။ ကျွန်မနဲ့အတူ အတန်းသားစုစုပေါင်း၎ယောက် ကုမ္ပဏီတစ်ခုတည်းအတူကျပေမယ့် ဟိုရောက်သွားတော့ မတူတဲ့ ဌာနတွေမှာ အလုပ်လုပ်ဖို့ အသီးသီးကွဲသွားပါတော့တယ်။



 (CECI)ကုမ္ပဏီရောက်တော့ ဟွိုင်ကော် နဲ့ ပေ့ကယ်ဆိုတဲ့ သူငယ်ချင်းအသစ်နှစ်ယောက် ရလိုက်ပါတယ်။ ကျွန်မတို့သုံးယောက်က မတူတဲ့ကျောင်းအသီးသီးက လာကျပေမယ့် နွေရာသီနှစ်လတာအတွင်းမှာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။



“နင်တို့နှစ်ယောက်နဲ့ ခင်ရတာ အရမ်းပျော်တာပဲသိလား။ ထိုင်ဝမ်လူမျိုးတွေဟာ ခင်ဖို့သိပ်မကောင်းဘူးလို့ထင်ထားတာ နင်တို့နဲ့တွေ့မှပဲ ငါ့အမြင်တွေပြောင်းကုန်ပြီ”
 ကျွန်မက အဲလိုပြောတော့
“နင်တက်တဲ့ ကျောင်းက ကျောင်းကောင်းဆိုတော့ မာနကြီးတဲ့စာကြပိုးတွေမို့လို့ပါ။ တခြားကျောင်းက ကျောင်းသားတွေက အဲလိုမဟုတ်ပါဘူး”
“အင်...ဟုတ်မှာပါ” သူတို့နှစ်ယောက်အပြောကို ကျွန်မထောက်ခံလိုက်ရပါတယ်။
 သူတို့နှစ်ယောက်က တကယ်ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေပါပဲ။



ကုမ္ပဏီမှာ ကျွန်မတို့သုံးယောက်ထိုင်ရတဲ့နေရာတွေက အလှမ်းဝေးပေမယ့်  အားတာနဲ့ နေရာသုံးခုစလုံးမှာ သုံးဦးသားအလှည့်ကျ ရောက်နေတတ်ကျပါတယ်။ (CECI)ရောက်ခါစက ကျွန်မဟာ ACTO CAD ကို စလုံးရေစတောင် သိထားခြင်းမရှိဘူးတော့  တီးမိခေါက်မိရှိထားဖူးတဲ့ ဟွိုင်ကော်ဆီပြေးမေးရတာလည်း အမောပါပဲ။ သူက ACTO CAD တတ်ထားပြီးသူမို့ အားတဲ့အချိန်မှာ 3Ds max ကို ကိုယ်ဟာကိုယ် လေ့ကျင့်နေတတ်ပါတယ်။ ဟွိုင်ကော်ဟာ ယောကျာ်းလေးထဲမှာ တော်တော်လေး စိတ်ရှည်တဲ့သူလို့ဆိုနိုင်ပါတယ်။ မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ စေတနာပိုပို ပြောပြတတ်သူပါ။ ပေ့ကယ်နဲ့က မိန်းကလေးချင်းမို့ တခြားအပြင်ကိစ္စအကြောင်း အားလူးလည်းဖုတ်၊ စားစရာရှိလည်း ဝေစားမျှစားနဲ့ ညီအစ်မလို ခင်မင်ခဲ့ရပါတယ်။ တစ်ချို့တရုတ်စာအသံထွက်နဲ့ အဓိပ္ပါယ်တွေ မသိတော့ဘူးဆိုလည်း ပေ့ကယ်ဆီ ပြေးမေးနေကျပေါ့။  သူတို့နှစ်ယောက်ရှိလို့လည်း (၂)လတာ အလုပ်သင်ဆင်းခဲ့တဲ့ အချိန်တွေမှာ သိပ်ပြီးခက်ခက်ခဲခဲ မရှိခဲ့ပါဘူး။ သူတို့ကို ပြင်ဆင်ပေးထားတဲ့ ဘုးရားသခင်ကို ကျေးဇူးတင်ရမယ်။



(CECI)ကုမ္ပဏီမှာ ဌာနခွဲပေါင်းအခု ၂၀နီးပါးရှိပါတယ်။ ပို့ဆောင်ရေးဌာန၊ သံလမ်းဌာန၊ ဆောက်လုပ်ရေးဌာန၊ စက်ပစ္စည်းဌာန၊ သတင်းဌာန၊ အုပ်ချုပ်ရေးဌာန စသဖြင့် စုံလို့ပါပဲ။
(CECI)ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး(structure)ဒီဇိုင်းဆွဲတဲ့ ဌာနဟာ (၁)နဲ့(၂)ဆိုပြီး ဌာနငယ်နှစ်ခု ခွဲထားပါသေးတယ်။ ကျွန်မတာဝန်ကျတဲ့ ဌာနကတော့ ဆောက်လုပ်ရေး ဌာန(၂) SB ဖြစ်ပါတယ်။ ဒီဌာန(၂)က အဓိကအနေနဲ့ တံတားဒီဇိုင်းတွေကို ဆွဲခြင်းဖြစ်ပါတယ်။ ဌာန(၂)မှာကိုပဲ အင်ဂျင်နီယာ ဝန်ထမ်းအယောက်(၇၀)လောက်ရှိပါလိမ့်မယ်။ ဒေါက်တာဘွဲ့ရထားတဲ့သူက(၂)ယောက်ရှိပါတယ်။ အများစုကတော့ မာစတာဘွဲ့ရထားသူတွေပါ။ သူတို့တွေအားလုံး တော်တော်လေးကို အလုပ်ကြိုးစားကြတာကို တွေ့ရပါတယ်။ အလုပ်ကို dead line အမှီ အားကြိုးမာန်တက်လုပ်ရတဲ့အကြောင်း၊ တာဝန်ကို အချိန်မှီမပြီးလို့ကတော့ ပြန်ပြီးဒဏ်ငွေဆောင်ရတဲ့အကြောင်းလည်း ကြားသိရပါတယ်။ ဒါကြောင့် ကျွန်မတို့အလုပ်သင်ဆင်းသူတွေက ညနေ(၅)နာရီ ဒေါင်ဆိုတာနဲ့ ပြန်ဖို့တာဆူနေပေမယ့် သူတို့ကတော့ ညမိုးချုပ်တဲ့ထိ အလုပ်ဇွဲကပ်နေကြတုန်းပါပဲ။ စနေ၊ တနင်္ဂနွေဆိုလည်း ဘယ်သူတွေ အချိန်ပို လာကြမလဲ ဆိုပြီး အဖွဲ့ငြိနေတတ်ကြပြန်တယ်။ သူတို့တော့ အလုပ်ကြိုးစားတာ ဟုတ်ပါရဲ့၊ သူတို့အိမ်သားတွေ ဘယ်လိုနေတယ် မပြောတတ်ဘူး။ ဒါကြောင့်လည်း ထိုင်ဝမ်နိုင်ငံဟာ အိမ်ထောင်ကွဲတာ အာရှမှာ နံပတ်(၁)ချိတ်နေတာ ဖြစ်မယ်။ အလုပ်နဲ့ မိသားစုအရေး တဘက်စောင်းနင်းမဖြစ်ဖို့တော့ လိုတယ်ဆိုတာ မြင်လိုက်မိတယ်။



အလုပ်ကို တကုန်းကုန်း လုပ်ကြပေမယ့် တခါတရံ အလုပ်တွင်း စုပေါင်းမုန့်စားချိန်လည်းရှိပါသေးတယ်။ တခါတရံ ဖျော်ရည်နဲ့ အသားညုပ်ပေါက်ဆီ၊ တခါတရံ ခေါက်ဆွဲ။ အမျိုးစုံပါပဲ။ အားလုံးကို ကုမ္ပဏီက ကုန်ကျခံပြီး ဝန်ဆောင်ပေးတာပါ။ ဒီလို အနားယူ စားကြသောက်ကြချိန်ဆို တရင်းတနှီး စကြနောက်ကြနဲ့ မောင်နှမတွေလိုပါပဲ။ ကုမ္ပဏီတွင်းမှာ ဝါသနာတူ အဖွဲ့ငယ်လေးတွေလည်း ရှိပါသေးတယ်။ အားကစားအဖွဲ့၊ အင်္ဂလိပ်စကားပြောလေ့လာရေးအဖွဲ့၊ ဂျပန်စာလေ့လာရေးအဖွဲ့၊ ပန်းအလှဆင်လေ့လာရေးအဖွဲ့ ဆိုပြီး အစုံပါပဲ။ အင်္ဂလိပ်စကားပြောလေ့လာရေးအဖွဲ့မှာ ခိုင်ကောနဲ့အတူ ပါဝင်ဖြစ်လိုက်သေးတယ်။ ခရစ်ယာန်မိဿဟာရ အဖွဲ့လည်းရှိပါသေးတယ်။ ကျွန်မ အလုပ်သင်ဆင်းချိန်အတွင်းမှာ ခရစ်ယာန်မိဿဟာရ အဖွဲ့များဦးဆောင်တဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ဖခင်များနေ့နဲ့ ကြုံလိုက်ပါသေးတယ်။ (CECI)ကုမ္ပဏီအတွင်းက လာရောက်ပါဝင်တဲ့ ဖခင်အားလုံးကို လက်ဆောင်တွေပေးကြ၊ ဂုဏ်ပြုသီချင်းတွေဆိုကြနဲ့ ပျော်ဖို့တကယ်ကောင်းပါတယ်။ ကျွန်မအဖေကို ပေးဖို့ဆိုပြီး ကဒ်လေးတစ်ခုတောင်ရလိုက်ပါသေးတယ်။



ကုမ္ပဏီမှာ ကျွန်မတို့အုပ်စုနဲ့ အရမ်းရင်းနှီးခဲ့ရသူတွေကတော့ ခိုင်ကော(ကို)၊ ရှောင်ထန်းကော(ကို)၊ ရှောင်ဖန်းကော(ကို)နဲ့ ရှောင်ချီကျဲ(မ)တို့ပါ။ အားလုံးက ကျွန်မတို့(၃)ယောက်ကို မောင်လေးညီးမလေးတွေလို သွန်သင်လမ်းပြပေးကြတယ်။ အလုပ်သင်ဆင်းပြီးတာတောင် ကျွန်မတို့၃ယောက်ကို ခင်မင်လို့ အချိန်ညှိပြီး ဆိုင်မှာ ဒင်နာ(dinner)လေးတောင် တစ်ခေါက်နွှဲလိုက်ကြပါသေးတယ်။
ကုမ္ပဏီကို အလုပ်သင်ဆင်းလာတဲ့သူတွေဆိုတော့ ကျွန်မတို့ကို အလုပ်ချိန်မှာ ထွေထွေထူးထူး ဘာမျှတော့ မခိုင်းပါဘူး။ ဒါပေမယ့် စရောက်တဲ့နေ့မှာ မန်နေဂျာ ဦးဦးက အားလုံးကို ဒီလိုလေး စကားခြွေထားပါတယ်။ “ဒီ၂လတာအတွင်းမှာ ကုမ္ပဏီကိုလာပြီး အလုပ်သင်ဆင်းတဲ့အခါမှာ ပထမဦးဆုံး ကိုယ်ဘာလိုချင်တာလည်း အရင်သိအောင်လုပ်ပါ။ ပြီးရင် ကိုယ်လိုချင်တာကို ရအောင်ယူသွားပါ။ မသိတာ၊ မတတ်တာရှိရင် အားလုံးကို မေးလို့ရတယ်။ အားလုံးက ဒီမှာ မိသားစုလိုပဲ ”
ဆိုပြီး ကျွန်မတို့ကို ကြိုဆိုအားပေးခဲ့ပါတယ်။



ကုမ္ပဏီမှာ ကျွန်မတို့လုပ်ရတာဆိုလို့ အင်ဂျင်နီယာဝန်ထမ်းတွေလိုတဲ့ အချက်အလက်တွေရှာပေးရတာမျိုး၊ စာစီပေးရတာမျိုးနဲ့ မိတ္တူကူးပေးရတာတို့ပါ။ ကျန်တဲ့အားတဲ့အချိန်ဆိုရင် ကိုယ်နှစ်သက်ရာ ကိုယ့်ဟာကိုယ်လေ့လာလို့ရပါတယ်။ ကျွန်မလည်း (၂)လအတွင်းမှာ ACTO CAD တတ်အောင်သင်မယ်ဆိုတာနဲ့ ကျွန်မကို လေ့လာလို့ရအောင် တယောက်တမျိုးဝိုင်းကူပေးကြပါတယ်။ ဒီစာအုပ်ကောင်းတယ်၊ ဒီခွေလေးကောင်းတယ်၊ ဒါလေးကို ဒီလိုဆွဲရတယ်၊ ဒါတတ်ပြီးရင် နောက်ထပ်ဟိုပုံဆွဲဒီဇိုင်းကို တတ်အောင်သင်ထား စသဖြင့်လမ်းညွန်ပေးကျတာဟာ တကယ့်ရွှေတွင်းထဲ ကျနေသလို ကုန်းကောက်လို့ မကုန်နိုင်အောင်ပါပဲ။



ဌာနခွဲအသီးသီးမှာတာဝန်ကျနေကျတဲ့ ကျွန်မတို့လို အလုပ်သင်ဆင်းသူ ကျောင်းသူကျောင်းသားအားလုံးအတွက် ဟောပြောပွဲတွေ တပတ်တခေါက်လောက် လုပ်ပေးပါတယ်။ ဌာနခွဲအသီးသီးရဲ့ လုပ်ငန်းဆောက်ရွက်ပုံအကြောင်းတွေ၊ အင်ဂျင်နီယာတစ်ဦး သိသင်တဲ့ အခြေခံနည်းဥပဒေသတွေကို ဟောပြောပေးခြင်းဖြစ်ပါတယ်။ တခြားမိမိနဲ့ သက်ဆိုင်တဲ့ ဌာနခွဲဆိုင်ရာ လေ့လာပို့ချမှုတွေကိုလည်း မိမိစိတ်ကြိုက် တက်ရောက်ခွင့်လည်း ပေးထားပါသေးတယ်။ (CECI)ကုမ္ပဏီမှာ တစ်ချို့တက္ကသိုလ်ဆရာတွေက အကြံပေးသူတွေအနေနဲ့လည်း တာဝန်ထမ်းဆောင်ကြတာမို့ တစ်ချို့ဝန်ထမ်းတွေဟာ အဲဒီဆရာတွေရဲ့မိတ်ဆက်ပေးမှုနဲ့ အလုပ်ဝင်ခွင့်ရသွားကြတယ်လို့လဲ သိရပါတယ်။ ဒါကြောင့် ကျောင်းတက်နေစဉ်မှာ ဆရာရှေ့မှာ မျက်နှာရထားဖို့လည်း လိုတယ်ဆိုတာ သိလိုက်ရပါတယ်။ ကျွန်မတို့တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းတော်တော်များများလည်း  ဒီ (CECI)ကုမ္ပဏီမှာ အလုပ်လုပ်နေကြတာကို တွေ့မြင်ခင်မင်ခွင့် ရလိုက်ပါတယ်။ ကျောင်းတစ်ကျောင်းထဲကဆိုတော့ ပိုပြီးဂရုစိုက်ပေးကြတာလည်း ဖြစ်ပါတယ်။



ကုမ္ပဏီရဲ့ ဝန်ထမ်းအတော်များများက ခင်မင်ဖို့ကောင်းပါတယ်။ သူတို့လို တော်တဲ့အင်ဂျင်နီယာကြီးတွေကို လက်ပွန်းတတီး ရင်းနှီးခွင့်ရလို့ စိတ်ထဲတော်တော်လေး ဝမ်းမြောက်ရပါတယ်။ သူတို့တွေ ဒီဇိုင်းပုံတွေကို ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးတိုင်ပင်တာကို ဘေးနားကနေကြည့်ပြီး အားကျလိုက်ရတာ။  (၂)လတာအတွင်း တွေ့မြင်ခဲ့ရသမျှဟာ ကျွန်မရဲ့အိမ်မက်ကြီးကို အရောင်တင်ဖို့ အားတွေပိုပြီးဖြစ်လာခဲ့ရပါတယ်။ အချုပ်အနေနဲ့ ပြောရရင်တော့ (၂)လတာအတွင်း (CECI)ကုမ္ပဏီကနေ ကျွန်မခူးယူ စားသုံးခဲ့ရတဲ့ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ အားကျခြင်း၊ မျှော်လင့်ခြင်းစတဲ့ အသီးတွေက ချိုချိုမွှေးမွှေးလေးပေါ့ရှင်။




Saturday, October 6, 2012

ရှေ့ဆင့်နောက်ဆင့်




ချစ်တဲ့စာဖတ် မိတ်ဆွေတို့ရေ....
 ပွင့်လင်းရာသီလို့ခေါ်တဲ့ ဆောင်းဦးရာသီ တစ်ပတ်လည်လာပြန်ပြီနော်။ နာရီစက္ကန့်လေးတွေရဲ့ တွန်းပို့မှုနဲ့အတူ ကျွန်မတို့တွေဟာ ဘဝခရီးကို တစ်နေ့ပြီးတစ်နေ့ လျှောက်လှမ်းလာခဲ့ကြပြီ။ တခါတရံ ပူပြင်းတဲ့နေရောင်အောက်မှာ ချွေးလုံးတဒီးဒီးမြေခရတဲ့ နေ့ရက်တွေရှိသလို၊ တခါတရံကြပြန်တော့လည်း နေရိပ်အောက်မှာ ခရီးတထောက် အမောဖြေနားခိုခွင့်ရတဲ့ အချိန်တွေလည်း ရှိပါတယ်။ လူ့ဘဝခရီးက လှိုင်းကြပ်ခွပ်လေးလို နိမ့်လိုက်မြင့်လိုက်နဲ့ပေါ့။



အဲဒီလို အခက်အခဲတစ်ချို့နဲ့ ထုဆစ်ထားတဲ့ ဘဝခရီးကို လျှောက်နေကြတဲ့အခါ ကျွန်မတို့လူသားတွေဟာ ထာဝဘုရားသခင်ကို အားကိုးလို့ရတယ်ဆိုတဲ့အကြောင်း ကျမ်းစာထဲမှာ ဒီလိုပြောထားပါတယ်။
သုတ္တံကျမ်း ၃း ၆ ။ ။ သွားလေရာ၌ ထာဝရ ဘုရား ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။



“ရှေ့ဆင့်နောက်ဆင့်လေး လွဲသွားတယ်ကွာ”
“အဆင်မသင့်လိုက်တာ” ဆိုပြီး တို့တွေ ငြီးညူမိကြဖူးမှာပါ။ ဒါပေမယ့် ထာဝရဘုရားသခင်ကို ယုံကြည်အားကိုးသူအတွက် ရှေ့ဆင့်နောက်ဆင့် အဖြစ်အပျက်၊ အသွားအလာ  အားလုံးဟာ တစ်ကယ့်ကို အပေးအယူ စည်းချက်ညီလွန်းလှတယ်ဆိုတာ ကျွန်မကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ချို့နဲ့ သိခွင့်ရလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့အနီးအနားမှာ အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးဖို့ ကောင်းကင်တမန်လေးတွေကိုလည်း ဘုရားက ပြင်ဆင်ပေးထားတဲ့အကြောင်း ဒီဆောင်းပါးလေးနဲ့ဝေမျှလိုက်ပါတယ်။





 
၁။ ကျွန်မ အဝေးသင်တက္ကသိုလ်တက်စဉ်  နောက်ဆုံးနှစ် စာမေးပွဲဖြေတဲ့နေ့တစ်နေ့မှာပေါ့။ အဲဒီနေ့က စာမေးပွဲဖြေကောင်းကောင်းနဲ့ အချိန်ပြည့်ဖြေဆိုလို့အပြီး၊ ပြန်ချင်စိတ်နဲ့ စာမေးပွဲခန်းကနေ ကမန်းကတန်းထွက်လာခဲ့လိုက်မိတယ်။
"ဟေး မင်မင်။ ဖြေနေလိုက်တာ ကျက်ထားတာတွေတိုးလို့လား။ မပြီးနိုင်တော့ဘူး။ နင့်ကိုပဲစောင့်နေတာ"
“အင်းပါ...ငါ့အတွက်စောင့်နေပေးရလို့ ဆောရီးပါပဲနော်”
သူငယ်ချင်းတစ်သိုက်စောင့်နေတဲ့ သစ်ပင်ကြီးရှိရာသို့ ကသုတ်ကရက် ပြေးလာတဲ့ကျွန်မကို အားလုံးက ဝိုင်းပြီးမေတ္တာပို့နေကြတာပါ။


“ကဲ... အားလုံးလူစုံပြီဆိုတော့ သွားနေကြစားသောက်ဆိုင်မှာ ညစာသွားဝိုက်ကြမယ်”
“ဝေးဟေး...သွားမယ်သွားမယ်”
အားလုံးတပျော်တပါးနဲ့ စားသောက်ဆိုင်သို့သွားပြီး ဗိုက်ဖြည့်လိုက်ကြတယ်။ စားမေးပွဲလည်းဖြေကောင်း၊ အစားအသောက်ကလည်းကောင်းဆိုတော့ မင်မင်တို့ဂွမ်းဆီထိပြီပေါ့။ ဒီလိုနဲ့ ညနေအိမ်ပြန်ရောက်တဲ့အထိ အပျော်လှိုင်းတွေက တသိမ့်သိမ့်ရှိလို့နေတယ်။ ညမိုးချုပ်စရှိတော့မှ ဖြေခဲ့ပြီးတဲ့စာအုပ်တွေပြန်သိမ်း၊ နောက်နေ့ဖြေဆိုရမယ့် ဘာသာရပ်စာအုပ်တွေပြင်ဆင်ထုတ်တဲ့အခါကြတော့မှ
“ဟဲ့... ငါ့ကျောင်းသားကဒ်က ဘယ်ရောက်နေတာပါလိမ့်။ လမ်းမှာများ ကျပျောက်ခဲ့တာလား။ ဒုက္ခပါပဲနော်။ သေချာပြန်စဉ်းစား။ ပြန်စဉ်းစားကြည့်စမ်း”
ကျောင်းသားကဒ်ကို ဘယ်လိုမှ ရှာမတွေ့။ ခေါင်းကိုတဖျဉ်းဖျဉ်းကုတ်ပြီး သေချာစဉ်းစားကြည့်လိုက်တဲ့အခါမှ...


“အို... ငါဒီနေ့ညနေ စာမေးပွဲခန်းကထွက်လာတော့ ရေးကြီးသုတ်ပြာပြေးလာခဲ့တာ။ ကျောင်းသားကဒ်ယူဖို့ မေ့ကျန်ခဲ့တာဖြစ်ရမယ်။ ဟုတ်တယ်။ စားပွဲပေါ်မှာပဲ မေ့ကျန်ခဲ့တာနေမှာ”
ကိုယ့်အကြောင်းကိုယ်လည်းသိထားလို့လေ။ တခါတုန်းကလည်း ဈေးသွားပြီး ဟင်းရွက်ဆိုင်မှာ ဟင်းရွက်သွားဝယ်တာ၊ ကျသင့်တဲ့ပိုက်ဆံထုတ်ပေးပြီး အဲဒီဝယ်ထားတဲ့ဟင်းရွက်ယူဖို့ မေ့လာခဲ့ဖူးပါတယ်။ ဟီးဟီး။
“အခုည မိုးချုပ်နေပြီ။ ခုချိန်မှ ကျောင်းသွားပြီး ကျောင်းသားကဒ်ပြန်ယူဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ စာမေးပွဲအခန်းစောင့်ဆရာမတွေပဲ သိမ်းထားပေးလောက်ပြီထင်တယ်။ တကယ်လို့မသိမ်းထားပေးဘူးဆိုရင်ရော။ အင်ဒုက္ခပဲ။ မနက်ဖြန်မနက်ဆိုရင် တခြားနှစ်က ကျောင်းသားတွေ စာမေးပွဲလာဖြေရင် ငါ့ကျောင်းသားကဒ်ကို လျှောက်ပစ်ထားလိုက်မှဖြစ်၊ မနက်ဖြန်စာမေးပွဲဖြေစရာမလိုတော့ပဲ ဖြစ်ရတော့မယ်”
တောင်မြောက်စဉ်းစားပြီး ခေါင်းကရှုပ်လာပါတော့တယ်။ ဘုရားသခင်ကယ်ပါလို့ နှုတ်ကစပြီး တရပါတော့တယ်။


ဒီလိုနဲ့ ဗြုန်းစားကြီး “အလှမေ”ဆိုတဲ့သူငယ်ချင်းကို သွားပြီးမြင်ယောင်မိလိုက်တယ်။ အို...အလှမေလည်း ငါနဲ့မေဂျာတူပဲ။ ဒုတိယနှစ်လို့ပြောဖူးတယ်။ အလှမေနဲ့က တရုတ်ကျောင်းစတက်တဲ့နှစ်က ခင်မင်ခဲ့ဘူးတဲ့ သူငယ်ချင်းပါ။ သူလည်းမြန်မာကျောင်းအထက်တန်းအောင်ပြီး တရုတ်ကျောင်းပြောင်းလာတက်တဲ့ တရုတ်မလေး။ တဘက်ကနေလည်း အဝေးသင်တက်နေသူ။ ကျွန်မနဲ့ဘဝတူပေါ့။ ဖြစ်ချင်တော့ မေဂျာပါတူလိုက်ပါသေးတယ်။ နောက်သူက တရုတ်အထက်တန်းတစ်တန်းကို ခုံကျော်တက်သွားလို့ ကျွန်မနဲ့ အခန်းကွဲသွားပါတယ်။ ဒါပေမယ့် ကျောင်းမှာတခါတရံ တွေ့နေကျပါ။ အလှမေကိုစဉ်းစားမိတာနဲ့ သူ့အိမ်ကို ကမှန်းကတန်းသွားလိုက်ပါတယ်။ ဘုရားရဲ့ကျေးဇူးတော်ပါပဲ။ ချိန်းထားရင်တောင်လွှဲချင်လွှဲနေပါအုံးမယ်။ သူ့အိမ်လည်းတခါမျှ မသွားဖူးပေမယ့် ရောက်တာနဲ့ အလှမေလို့ တစ်ချက်အော်ခေါ်လိုက်တာနဲ့ သူပြေးထွက်လာပါတယ်။ သူ့ဆီရောက်တော့ သူဖြေတဲ့စာမေးပွဲခန်းနဲ့ ကျွန်မဖြေတဲ့အခန်းက တစ်ခန်းတည်းဖြစ်တာကို သိလိုက်ရတယ်။ ပြီးတော့သူက မနက်အချိန်မှာ ဖြေရတာတဲ့။ အို ဘုရားမတာပါပဲ။


“အလှမေရေ ကူညီပါအုံးနော်။ ငါ့ရဲ့ကျောင်းသားကဒ် ကျောင်းမှာကျန်ခဲ့လားမသိဘူး။ အဲဒါ နင်မနက်ဖြန်သွားရင် ငါ့ရဲ့စာမေးပွဲစားပွဲမှာ ရှိမရှိ တချက်သွားကြည့်ပေးပါနော်” ဆိုပြီးအကူအညီတောင်းရပါတော့တယ်။
“ရပါတယ်”
ဒီလိုနဲ့ အကူအညီတောင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ မနက်ဖြန်ရောက်ဖို့ စိတ်ကတထင့်ထင့်နဲ့။ နေ့လည် သူပြန်လာချိန်လောက် သူ့အိမ်ကို မျှော်လင့်ခြင်းကြီးစွာနဲ့ ကျွန်မသွားလိုက်ပါတယ်။


“အလှမေ... ငါ့ကျောင်းသားကဒ်တွေ့ရဲ့လားဟင်”
“တွေ့တယ်။ ဒီမှာယူလာခဲ့ပြီ။ ရော့...”
အိုပျော်လိုက်တဲ့ဖြစ်ခြင်း။ သူပေးလာတဲ့ ကျောင်းသားကဒ်လေးကိုကြည့်ပြီး ပျော်လိုက်ရတာ။
“ကျေးဇူးတင်လိုက်တာဟယ်။ နင်ဘယ်လိုရှာတွေ့တာလဲ။ ဆရာမကိုသွားမေးပေးတာလား”
“မဟုတ်ဘူး။ နင့်စားပွဲနံပါတ်က ငါ့ထိုင်တဲ့စားပွဲရဲ့အနောက်မှာပဲ။ အဲတာ စားပွဲပေါ်မှာ တွေ့တာနဲ့ တခါတည်းယူထားလိုက်တာ”
“အိုဟုတ်လား။ နင့်ကိုကျေးဇူးတင်လိုက်တာ”


အလှမေအိမ်က ပြန်လာတော့ ကျွန်မပျော်လွန်းလို့ ထပြီးကချင်စိတ်တောင် ပေါက်မိပါတယ်။ ဘုရားသခင်ရဲ့ကူညီမစပေးတဲ့ ဇတ်ကွက်တွေကိုလည်း တအံ့တသြတွေ့မြင်လိုက်ရပါတယ်။ ဒီအဖြစ်အပျက်လေးကနေ နောက်ထပ်ကျွန်မရလိုက်တဲ့ သင်ခန်းစာကတော့ ပစ္စည်းတွေမေ့တတ်တဲ့အကျင့်လေးကို ပြုပြင်ရတော့မယ်ဆိုတာပါပဲ။  အမေကျွန်မကို ဘယ်လောက်ဆုံးမဆုံးမ ကျွန်မကတော့ ဟိုမေ့ဒီမေ့လို့ နေဆဲပါပဲ။ ခုတော့ ဒီအဖြစ်အပျက်လေးနဲ့ ကိုယ်တွေ့ကြုံရတော့မှပဲ နောက်ဆို ကိုယ့်နေရာကနေထတာနဲ့ တစ်ချက်ပြန်ကြည့်သင့်တယ်ဆိုတာ ကျွန်မကိုယ့်ကိုကိုယ် နာယူလိုက်ပါတော့တယ်။


ဘုရားကိုလည်း အရမ်းကျေးဇူးတင်မိသွားတယ်။ အဖြစ်အပျက်အားလုံးဟာ ဘုရားရဲ့အစီအမံတွေကြားထဲမှာ လည်ပတ်နေတာကို တွေ့လိုက်ရတယ်။ အလှမေနဲ့ခင်ရတယ်။ မေဂျာလည်းတူတယ်။ စာမေးပွဲဖြေတဲ့အခန်းလာတူပြန်တယ်။ မနက်ညဖြေတဲ့အချိန်ကွာခြားမှုရှိတယ်။ ကိစ္စမရှိဘူး။ ဖြေတဲ့စားပွဲခုံနံပါတ် ရှေ့နောက်ဖြစ်နေတယ်။ ဖြစ်ပျက်နေတဲ့ ရှေ့ဆင့်နောက်ဆင့် ဇတ်ဝင်ခန်းအားလုံးဟာ အပိုအလိုမရှိ ချိတ်ဆက်နေတာကို ကျွန်မနားလည်လိုက်ရပါတော့တယ်။ ဘုရားသခင်ရဲ့နာမတော် ဘုန်းကြီးပါစေသော်။






၂။ ထိုင်ဝမ်တက္ကသိုလ်မှာ ပထမနှစ်တက်စကပေါ့။ ရုပဗေဒ လက်တွေ့အတန်းလည်း တက်ရပါတယ်။ လက်တွေ့အတန်းမှာ ပုံမှန်အနေနဲ့ ရုပဗေဒဆိုင်ရာ သီအိုရီတွေနဲ့ စက်ပစ္စည်းတွေကို အဖွဲ့ခွဲပြီး လက်တွေ့သင်ယူရပါတယ်။ ဒါပေမယ့်စာမေးပွဲမှာတော့ အမှားအမှန်ရယ် ရွေးဖြေပုံစံမျိုးရယ်ပဲ မေးတာပါ။ ကျွန်မအတွက်တော့ တရုတ်လိုလေ့လာရတာမို့ သူများ(၁၀)မိနစ်လောက်ဖတ်ရင် ရတဲ့စာကို ကျွန်မအတွက်တော့ (၁)နာရီကျော်လောက်အချိန်ပေးပြီးဖတ်မှ ရပါတယ်။ သူများတွေအနေနဲ့ လက်တွေ့အတန်းရဲ့စားမေးပွဲဟာ အရမ်းလွယ်ကူနေမှာပါ။ ကျွန်မကတော့ ထုံးစံအတိုင်း နည်းနည်းတော့ စိတ်ပူမိတာ အမှန်ပါပဲ။ ဒါကြောင့်စာမေးပွဲအတွက် ဘုရားဆီမှာ ဆုတောင်းထားလိုက်ပါတယ်။ “ဘုရားသခင် စာတွေကလည်းများ၊ ရှုပ်လည်းရှုပ်၊ ရောလည်းရောထွေးနေပါပြီ။ (0) တော့ကွဲပါရစေ” ဆိုပြီးတော့ ဘုရားလက်ထဲ အပ်နှံထားလိုက်ပါတယ်။


စာမေးပွဲဖြေတဲ့နေ့မှာ ကျွန်မရယ် သျှန်းရင်ရယ် ကျားအိန်းရယ် သူငယ်ချင်းသုံးယောက် စာမေးပွဲဖြေချိန်ထက်စောစောလာပြီး အတူစာကျက်ကြတယ်။
“သျှန်းရင် နင့်ဖတ်စာအုပ် ခဏကြည့်မယ်နော် ။ တချို့အဖြေတွေ မှန်မမှန် တိုက်ကြည့်ချင်လို့”
ကျွန်မက သျှန်းရင်ကို ခွင့်တောင်းပြီး သူ့စာအုပ်ကို ငှားကြည့်လိုက်ပါတယ်။
“သူ့စာအုပ်က သပ်ရပ်လိုက်တာနော်။ စာအုပ်အဖုံးကလည်း တွန့်ကြေနေတာမရှိဘူး။ ငါစာအုပ်ကိုင်ကြမ်းတာနဲ့တော့ကွာပါ့ ”
ကျွန်မသူ့စာအုပ်မျက်နှာဖုံးကို ဘာရယ်မသိ အတွေးနဲ့ကြည့်ပြီး စဉ်းစားလိုက်တာပါ။ ပြီးတော့ သူ့စာအုပ်မျက်နှာဖုံးမှာ အခန်းနံပတ်၊ အဖွဲ့နံပါတ် အားလုံးသေသေသပ်သပ်လေးရေးထားတာကို တွေ့လိုက်ရတယ်။
“ဆရာ့နာမည် ရေးရမယ့်အကွက်မှာတောင် ဆရာ့နာမည်ရေးထားပါလား။ ငါတောင် ဆရာနာမည် မေ့နေပြီ။ သူ့စာအုပ်ကနေ ကူးရေးထားလိုက်မှ”
ဆိုပြီး လက်တွေ့အတန်းဆရာရဲ့နာမည်ကို ကူးရေးထားလိုက်ပါတယ်။ လက်တွေ့အတန်းရဲ့သင်ပေးသူဆရာဆိုတာ နာမည်ကသာ သက်ဆိုင်တဲ့ဘာသာရပ်ပါမောက္ခနာမည်ရေးပေမယ့် တကယ့်လက်တွေ့ကျတော့ လက်ထောက်ဆရာတွေနဲ့သာ အများဆုံးသင်ယူရတာမို့ ကျွန်မခေါင်းထဲမှာ ဆရာ့နာမည်လည်း စွဲမနေပါဘူး။ တော်ရုံအရေးမကြီးတဲ့ကိစ္စဆိုရင် လုပ်ရ၊မှတ်ရ၊ရေးရတာ ပျင်းတာမို့ ကျွန်မစာအုပ် မျက်နှာဖုံးမှာ ဆရာ့နာမည်ကို ရေးမထားမိခဲ့ဘူး။ သျှန်းရင်စာအုပ်ကိုတွေ့မှသာ ဘာရယ်မသိ ကူးထားလိုက်မိတော့တယ်။


စာမေးပွဲခန်းထဲဝင်တော့ အဖြေရွေးဖြေပုံစံမျိုးမှာ တွေ့ပါပြီလေ။ ကျောင်းသားတွေကို အလကားအမှတ်ပေးထားတဲ့ ပုစ္ဆာတစ်ပုဒ်။ သင် သင်ယူနေတဲ့ရုပဗေဒဘာသာရပ်ရဲ့ ပါမောက္ခနာမည်ဟာ ဘယ်သူလဲတဲ့။ ရေငတ်တုန်း ရေတွင်းထဲပြုတ်ကျတယ်လို့ပဲပြောရမလား။ အဲဒီပုစ္ဆာရဲ့အဖြေကို ကျွန်မချက်ချင်း ဝမ်းသာအားရနဲ့ ဖြေလိုက်ပါတော့တယ်။ ဆရာ့နာမည်မေးတဲ့ မေးခွန်းမျိုး တသက်တကိုယ် တခါမှ မဖြေဖူးပါဘူး။ ဒါပေမယ့် ကျွန်မအဲဒီအမှတ်ကိုတော့ ဝကွက်ရလိုက်ပါပြီ။ (0)ကွဲတာကတော့ အောင်စာရင်းထိုင်စောင့်စရာမလိုတော့ပါဘူး။ အမှားအမှန်နဲ့ရွေးဖြေဆိုတာမျိုးဟာ လွယ်မယောင်နဲ့ မပိုင်လို့ကတော့ ထိုင်ငိုရမှာပါ။ အမှတ်ရတာလွယ်တယ်ဆိုပေမယ့် မပိုင်လို့မှားရင်လည်း (0)တောင်ကွဲမှာမဟုတ်ပါဘူး။ ဘုရားသခင်ကတော့ ကျွန်မကို (0)ကွဲအောင် ကူညီပေးလိုက်ပါပြီ။ တကယ်လည်းအဲဒီဘာသာရပ်ကို အမှတ်(၇၀)ကျော်နဲ့ အောင်မြင်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့နာမတော် ဘုန်းကြီးပါစေသော်။






၃။ ဒုတိယနှစ်ယောက်တော့ အတန်းအားချိန်မှာ အချိန်ပိုင်းအလုပ်လုပ်ချင်စိတ်က တဖွားဖွားဖြစ်လာပါတယ်။ နိုင်ငံခြားရောက်ခါစဆိုတော့ အတန်းထဲမှာပဲထိုင်ပြီးစာသင်တာနဲ့ မဖြစ်ချေဘူးလေ။ အားတဲ့အချိန်လေးမှာ အလုပ်လုပ်ရင်း အတွေ့အကြုံလေးတွေယူအုံးမှ ဆိုပြီးပေါ့။
 အလုပ်လုပ်တော့ လူမှုပေါင်းသင်ဆက်ဆံရေးကနေ ဘာသာစကားပြောတာလည်း လေ့ကျင့်လို့ရတယ်၊ မုန့်ဖိုးလည်းရတယ်ဆိုပြီး အလုပ်လုပ်ချင်စိတ်က တားမရ ဖြစ်လို့နေပါတယ်။ ဒါနဲ့ကျွန်မသူငယ်ချင်းမိတ်ဆက်ပေးတဲ့ သချာင်္ဌာနရဲ့စာကြည့်တိုက်မှာ အလုပ်သွားလုပ်ပါတယ်။


တိုင်းတပါးသားတွေနဲ့ အလုပ်လုပ်ခါစဆိုတော့ စိတ်ကနဲနဲတော့ လှုပ်ရှားရပါတယ်။ သူတို့ပြောတဲ့လေသံကမြန်လို့ သေသေချာချာနားထောင်ရပါသေးတယ်။ အရေးထဲ အလုပ်ထဲမှာ စာရင်းကိုင် မမဆူပုပ်တစ်ယောက်လည်းရှိတော့ ကိုယ့်အပိုင်းကို ပြီပြင်အောင်၊ပြောစရာမဖြစ်အောင် သတိလေးနဲ့လုပ်ရကိုင်ရတဲ့အပိုင်းလည်း ရှိပါတယ်။


တစ်နေ့ကျွန်မကို စာရင်းကိုင်မမက အလုပ်တစ်ခုခိုင်းပါတယ်။ ကျောင်းရဲ့ မှိန်း(main)စာကြည့်တိုက်မှာရှိတဲ့ ဌာနတစ်ခုကို စာအုပ်သွားပေးခိုင်းပါတယ်။ သူပြောတဲ့ ဌာနနဲ့ ပေးရမယ့်သူရဲ့နာမည်ကို စာရွက်လေးမှာရေပေးပြီး
 “မင်မင် အဲဒီ(xxx)ဌာနကိုသွားပြီး အဲဒီလူကို ဒီစာအုပ်သွားပေးလိုက်”တဲ့။
“အဲဒီဌာနက မှိန်းစာကြည့်တိုက်ရဲ့ ဘယ်နေရာမှာရှိတာလည်း။ ဘယ်လိုသွားရမှာလဲ” ကျွန်မကလည်း လူရည်မလည်သေးတာမို့ မေးလိုက်တာပါ။
“မှိန်းစာကြည့်တိုက်ရောက်ရင် XXXXX...XXX.....xxxxx....xxxxx”
စက်သေနတ်ပစ်သလို တရစပ်ပြောလိုက်တဲ့ စကားကို ကျွန်မဘယ်လိုမှ နားထောင်လို့လိုက်မမှီခဲ့ဘူး။ နောက်တစ်ခါထပ်မေးရင် ရှိတဲ့ပစ္စည်းနဲ့ကောက်ပေါက်တော့မယ့် မျက်နှာမျိုးဆိုတော့ ကျွန်မလည်း ထပ်မမေးတော့ပါဘူး။
“ဟိုရောက်မှပဲ...ကိုယ့်ဟာကို ရှာကြည့်တော့မယ်”ဆိုပြီး ရဲဆေးတင်ပြီးထွက်လာခဲ့ပါတယ်။


မှိန်းစာကြည့်တိုက်ရောက်တော့ အဲဒီဌာနတည်နေရာပြပုံကို ဆိုင်းဘုတ်ပေါ်မှာရှာကြည့်ပေမယ့် မတွေ့ပါဘူး။  ဒါနဲ့ တောင်ကြည့်မြောက်ကြည့်ပြီး ကောင်တာမှာသွားမေးလိုက်ပါတယ်။
“အဲဒီဌာနလား...ဒီအပေါက်ကနေထွက် ပြီးရင် ညာချိုး၊ တည့်တည့်သွား၊ ပြီးရင်ဘယ်ချိုး၊ ပြီးရင်...”
ကောင်တာမမရဲ့ ဘယ်ချိုး၊ညာချိုး၊ ဘယ်ချိုး၊ ညာချိုးနဲ့အပြောက စိတ်ကိုတောင်ပိုရှုပ်လာစေပါတယ်။ ဒါနဲ့ကျွန်မလည်း “ကိုယ့်ဟာကိုယ်သွားကြည့်မယ်ကွာ” ဆိုပြီး အဲဒီကောင်တာမမပြောသလို ဘယ်ချိုးညာချိုးနဲ့သွားလိုက်တာ လမ်းသာဆုံးသွားတယ်။ အဲဒီဌာနကို ရှာလို့ကိုမတွေ့ပါဘူး။ ဒါနဲ့ အဲဒီလမ်းဆုံးကနေ လာလမ်းအတိုင်းပြန်လာကြည့်တော့လည်း မတွေ့ပါဘူး။ ဆက်သွားရင် အဲဒီကောင်တာပဲ ပြန်ရောက်သွားမယ့် အဖြစ်ပဲရှိတော့တယ်။


နာရီကိုကြည့်လိုက်တော့ အချိန်တော်တော်လေးကုန်နေပြီမို့ ခိုင်းလိုက်တဲ့မမရဲ့ အမျက်တော်ရှမှာကိုလည်း တွေးပူရပြန်ပါတယ်။ “ဘယ်လိုလုပ်ရပါ့” ဆိုပြီး နောက်ဆုံးအနေနဲ့ ကျွန်မဖုန်းကောက်ကိုင်လိုက်ပါတယ်။ ကျွန်မကို ဒီအလုပ်မိတ်ဆက်ပေးထားတဲ့ သူငယ်ချင်းစီးလန်ကို မေးမလို့ပါ။ ပါးစပ်က “ဘုရားသခင် သမီးကို ကူညီပေးပါ” လို့ ရေရွတ်မိသလို တဖက်ကလည်းဖုန်းနံပါတ်နှိပ်။ တဖက်ကလည်း လမ်းလျှောက်ရင်းဟိုရှာဒီရှာပေါ့။
ဒါနဲ့ စင်္ကြံလမ်းဘယ်ချိုးလိုက်တယ်ဆိုရင်ပဲ အဝါရောင်တီရှပ်အင်္ကျီဝတ်ထားတဲ့သူကို တွေ့တာနဲ့ နှိပ်လက်စဖုန်းကိုပိတ်ပြီး အဲဒီလူဆီပြေးသွားလိုက်ပါတယ်။


“ဟိုင်း...ကျွန်မလည်းမြန်မာပြည်ကလာတဲ့ ကျောင်းသူပါ။ ကျွန်မကိုတစ်ခုကူညီပေးလို့ရမလား။ ကျွန်မxxx ဌာနကို သွားမလို့ပါ။ ဘယ်လိုသွားရမလဲမသိလို့”
“ရတယ်ရတယ်။ လာလိုက်ခဲ့ဆိုပြီး ကျွန်မရဲ့ရှေ့ကနေဦးဆောင်ပြီး အဲဒီဌာနကို လိုက်ပို့ပေးပါတယ်။”
“ကျေးဇူးတင်ပါတယ်နော်”
အဲဒီဌာနက ခုနကျွန်မသွားခဲ့တဲ့ လမ်းဆုံးရဲ့ဘေးဘက်မှာတွေ့ရတဲ့ တံခါးပေါက်ကနေ အထဲကိုပြန်ဝင်သွားရတာပါ။
တံခါးပေါက်မှာ ဘာမှလည်းရေးမထားတာမို့ အထဲမှာ အလုပ်ဌာနတွေရှိအုံးမယ်ဆိုတာ မသိခဲ့တာပါ။ ကျွန်မရဲ့အခက်အခဲတွေကို ကူည်ီဖြေရှင်းပေးတဲ့ မမကို အရမ်းကျေးဇူးတင်သွားရပါတယ်။


အဲဒီအင်္ကျီအဝါရောင်ဝတ်ထားတဲ့မမက ကျွန်မလိုရာလိုက်ပြပြီးနောက် ပြန်သွားပါတယ်။ ဒီမမဟာလည်း မြန်မာပြည်ကျောင်းသူပါပဲ။ ကျွန်မခေါက်တုန့်ခေါက်ပြန် လမ်းရှာနေတဲ့အချိန်မှာ သူကမှိန်းစာကြည့်တိုက်ထဲမှာ အလုပ်လုပ်နေရာကနေ ဖုန်းပြောဖို့အပြင်ထွက်လာတာနဲ့ တိုးလိုက်ခြင်းပါပဲ။ မြန်မပြည်ကျောင်းသူတစ်ယောက်မှန်း ကျွန်မသိလိုက်တဲ့အချက်ကတော့ သူဝတ်ထားတဲ့ အဝါရောင်တီရှပ်အင်္ကျီကြောင့်ပါ။ အဲဒ်ီတီရှပ်က ကျွန်မတို့နှစ်ရဲ့  မြန်မာပြည်ကျောင်းသူကျောင်းသားမောင်မယ်သစ်လွင်ပွဲအတွက် အမှတ်တရထုတ်ထားတဲ့ အင်္ကျီလေး။ ကျွန်မကိုယ်တိုင် အဲဒီတီရှပ်လေးကို ဝတ်ခဲ့ဖူးတာမို့ မှတ်မိသွားရတာပါ။ ကျွန်မအဲဒီနေရာကိုရောက်နေချိန်နဲ့ အဲဒီမမ အပြင်ထွက်နေချိန်ကွက်တိဖြစ်သွားရတာဟာ တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။ သူအပြင်ထွက်နေတယ်ပဲထား၊ အဲဒီနေ့မှာ အဝါရောင်တီရှပ်သာ ဝတ်မထားဘူးဆိုရင် ကျွန်မတို့ချင်း မြန်မာပြည်သားမှန်း သိနိုင်စရာအကြောင်းလည်းမရှိပါဘူး။ ဒါဆို အဲဒီမမလည်း စေတနာပို အချိန်ကုန်ခံပြီး ကိုယ်တိုင်လိုက်ပြနေမှာလည်း မဟုတ်ပါဘူး။ သူမဟုတ်ပဲ  အဝါရောင်အင်္ကျီဝတ်ထားတဲ့ တစ်ခြားမြန်မာပြည်ကျောင်းသားကိုတွေ့လို့ အကူအညီတောင်းမယ်ဆိုရင်လည်း တိုင်ပတ်နေပါအုံးမယ်။ အဲဒီမှိန်းစာကြည့်တိုက်မှာ အလုပ်လုပ်နေသူလောက် ဘယ်နေရာမှာ ဘယ်ဌာနခွဲရှိမလဲဆိုတာ ဘယ်သူပိုသိအုံးမှာလဲနော်။ ဘုရားက ကျွန်မအတွက် အချိန်မှန်၊ လူမှန် ပြင်ဆင်ပေးထားပြီးသားပါ။ ဘုရားသခင်ရဲ့နာမတော် ဘုန်းကြီးပါစေသော်။






၎။ အဲဒီနေ့မနက် ကျွန်မအစောကြီးနိုးနေပါတယ်။ အင်ဂျင်နီယာဆိုင်ရာပထဝီဝင်ဘာသာရပ်အတွက် လေ့လာရေးတောင်တက်ခရီးစဉ် သွားဖို့ပေါ့။ လွန်ခဲ့တဲ့အပတ်အတန်းချိန်မှာ ဆရာက အဲဒီတောင်ရှိရာ မြေပုံနဲ့တကွ သွားရမယ့်လမ်းကြောင်း အသေးစိတ်အချက်အလက်တွေကို ပေးထားပြီးတာမို့ ထွေထွေထူးထူးပြင်ဆင်စရာတော့မရှိပါဘူး။ သတ်မှတ်ထားတဲ့အချိန်ထက် စောစောလေးရောက်ဖို့ စိတ်ကူးထားတာမို့ ကျွန်မအဆောင်ကနေ အစောကြီးထွက်လာပါတယ်။ အဲဒီတောင်ခြေကိုရောက်မယ့် ဘတ်စ်ကားက ကျောင်းဘေးနားက ကားဂိတ်မှာ စီးလို့ရပါတယ်။ ကားဂိတ်ရောက်လို့ (၁၀)မိနစ်လောက်စောင့်လိုက်ရုံနဲ့ ကားကရောက်လာပါတယ်။ တခါမျှမသွားဖူးတဲ့လမ်းဆိုတော့ မနက်ခင်းနိုးထမှုတွေကြားက  မြို့ပြရဲ့အလှတရားကိုခံစားရင်း အချိန်ကကုန်မှန်းမသိ။ ဒီလိုနဲ့ ကျွန်မဆင်းရမယ့်ကားဂိတ်ကိုရောက်သွားပါတယ်။


ဒါနဲ့ဘတ်စ်ကားပေါ်ကဆင်းတာနဲ့ ဘယ်လမ်းကိုဆက်သွားရမလဲဆိုပြီး ဆရာ့ရဲ့လမ်းကြောင်းပြစာရွက်ကိုထုတ်ကြည့်လိုက်ပါတယ်။ ဆရာ့စာရွက်ထဲမှာက ကားဂိတ်ဆင်းတာနဲ့အနီးမှာ အထက်တန်းကျောင်းတစ်ကျောင်းရှိမယ်လို့ပါတော့ ကျွန်မလည်းအဲဒီအထက်တန်းကျောင်းကို လိုက်ရှာကြည့်မိတယ်။ အဲဒီမှာပဲ ဇဝေဇဝါစဖြစ်မိတယ်။
ရှေ့တောင်နောက်မြောက်ကြည့်လိုက်သမျှ တိုက်အိမ်တွေကိုပဲတွေ့နေရတယ်။ ကျောင်းနဲ့တူတာဆိုလို့ အရိပ်အရောင်တောင်မရှိပါဘူး။ တောင်ဆိုလို့လည်း ခြတောင်ပို့တောင်မတွေ့ရပြန်ဘူး။ ဒါပေမယ့် ခုနကားစီးတုန်းက အပြင်ရှုခင်းတွေကို လိုက်ကြည့်ထားတဲ့အတွက် ကားဂိတ်ရောက်ခါနီး လမ်းချိုး၂ခုလောက်အကွာမှာ ကျောင်းပုံစံမျိုး ဝန်းကြီးတစ်ခုကိုတွေ့ထားတာဆိုတော့ အဲဒီရှိတဲ့နေရာကို ပြောတာဖြစ်မယ်ဆိုပြီး လမ်းလျှောက်သွားကြည့်လိုက်ပါတယ်။ အဲဒီကိုရောက်တော့လည်း ကျောင်းနာမည်က ဆရာ့မြေပုံထဲက နာမည်မဟုတ်ပြန်ဘူး။ ကျွန်မခေါင်းရှုပ်သွားတော့တယ်။


အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ကြည့်တော့လည်းမကိုင်ဘူး။ အဲဒီသူငယ်ချင်းက ဆိုင်ကယ်မောင်းပြီးလာမယ်ဆိုတော့ ဖုန်းကိုင်ဖို့ အဆင်မပြေလို့လည်း ဖြစ်နိုင်ပါတယ်။ လမ်းပေါ်ကရှိတဲ့လူကို မေးမယ်ဆိုတော့လည်း မနက်စောစောမို့ လူကပြတ်နေပြန်တယ်။ အဲဒါနဲ့ (၇-၁၁)ကုန်စုံဆိုင်ကိုတွေ့လို့ ကောင်တာကောင်မလေးကို မေးပြန်တော့လည်း မသိဘူးတဲ့။ ကောင်းရော။ ဒါနဲ့ကားဂိတ်ကိုပဲ ပြန်လမ်းလျှောက်လာလိုက်တယ်။ ကားဂိတ်ရောက်တဲ့အထိ အချိန်ကတော်တော်လေးလိုနေသေးတာမို့ ကားဂိတ်ကထိုင်ခုံပေါ်ငုတ်တုတ်ထိုင်ပြီး ဘယ်လိုလုပ်ရပါ့ဆိုပြီး စဉ်းစားနေလိုက်တော့တယ်။ ရထားဂိတ်ပဲသွားပြီး ရထားနဲ့ပဲပြန်သွားရမလားပေါ့။ ဒါနဲ့နီးစပ်ရာရထားဂိတ်ကိုရှာပုံဖွင့်ရပါတော့တယ်။ လမ်းကတွေ့တဲ့လူတွေကိုမေးတော့လည်း “ဒီလမ်းအတိုင်းတည့်တည့်သွား”တဲ့ ။ ကျွန်မလည်း တည့်တည့်သွားတာ တော်တော်လေးရောက်တဲ့အထိ ရထားဂိတ်ကိုရှာလို့မတွေ့ပါဘူး။ စိတ်ကစိုးရိမ်စပြုလာပါတယ်။


ဒီတောင်တက်လေ့လာရေးခရီးစဉ်ကို မသွားလို့လည်းမဖြစ်။ နောက်ကျလို့လည်းမဖြစ်ဘူး။ မနောက်ကျဖို့ ဆရာက အတန်းထဲမှာ အထပ်ထပ်မှာထားတယ်လေ။ ကျွန်မလည်း တော်တော်လေးကို အံ့သြနေမိတယ်။ ဆရာပြောထားတဲ့ ကားနံပါတ်ကို တက်စီးပြီး ဂိတ်ဆုံးရောက်တော့ဆင်းလိုက်တာပဲလေ။ ဒါပေမယ့် ဘယ်ကိုရောက်နေလည်းမသိ ဖြစ်နေတော့တယ်။ ဒါနဲ့ခြေလှမ်းကို အရင်ကားဂိတ်ရှိရာပဲ ပြန်လှည့်လာခဲ့လိုက်တယ်။ ကျွန်မလည်းဒီနားမှာပဲ ရွာလည်နေတော့တယ်။ ဒါပေမယ့် ကျွန်မကိုးကွယ်တဲ့ဘုရားသခင်က ကျွန်မကိုပစ်မထားဘူးဆိုတာ ယုံတယ်။ ကျွန်မလက်သုံးစကားဖြစ်တဲ့ ကိုယ်တော်ဘုရား သမီးကိုကူညီပါဆိုပြီးပဲ ရေရွတ်မိတော့တယ်။ ဒီလိုနဲ့ ကားဂိတ်ကို ပြန်ပြီးရောက်လာပြန်တယ်။


ကားဂိတ်ရောက်တော့ တဘက်လမ်းကိုကူးမယ့် ကောင်လေးတစ်ယောက်ကိုတွေ့တာနဲ့  ကျွန်မသွားမယ့်နေရာကို ဘယ်လိုသွားရမလဲလို့ အပြေးအလွှားသွားမေးလိုက်တယ်။ “ဟိုဘက်လမ်းကိုကူးပြီး ကားသွားစီးရမယ်။ ငါလည်းအဲဒီကိုပဲသွားမလို့”
“ဟင်ဟုတ်လား။ နင်လည်း အဲဒီအတန်းက ကျောင်းသားလား”
“အေးဟုတ်တယ်”
သူဖြေပြီးတာနဲ့ လမ်းဖြတ်မီးကစိမ်းလာတာမို့ ကျွန်မလည်းသူ့အနောက်ကနေ လမ်းဖြတ်ကူးလိုက်ပါတယ်။ ကျွန်မ နောက်ထပ်ရှည်ရှည်ဝေးဝေး ထပ်မေးမနေတော့ပါဘူး။ ပန်းတိုင်တူနေတဲ့ ခရီးဖော်ပါနေမှတော့ ကျွန်မသူ့နောက်က ထပ်ကျပ်မခွာလိုက်သွားရုံပဲပေါ့။ နောက်ခဏကြာတော့ ကားဂိတ်ဆုံးထိစီးပြီး ကားပေါ်ကဆင်းတာနဲ့ ကျွန်မတို့ကိုစောင့်နေတဲ့ ဆရာနဲ့ အဖွဲ့သားတစ်ချို့ကိုတွေ့လိုက်ရတယ်။ သတ်မှတ်ချိန် ကွက်တိရောက်သွားနိုင်ခဲ့ပါတယ်။


ကျွန်မရောက်တာနဲ့ လက်ထောက်ဆရာဆီသွားပြီး “ဆရာရေးထားတဲ့ ကားလမ်းကြောင်းက မှားနေတယ်။ နာမည်တော့တူတယ်။ ဒါပေမယ့် ကား နောက်ထပ်ပြန်ချိန်းစီးရသေးတယ်”
“ဟုတ်လား။ ဆရာ ပါမောက္ခကို ပြောလိုက်ပါ့မယ်”ဆိုပြီး ကျွန်မကို ပြောပါတယ်။
ကျွန်မ ခုနက ရွာလည်နေတဲ့ ကားဂိတ်နာမည်နဲ့ တောင်ခြေကိုရောက်တဲ့ ကားဂိတ်နာမည်က တူနေပါတယ်။ ဒါပေမယ့် နောက်ထပ်အခြားကားတစ်စီးကို လမ်းကူးပြီးပြန်ပြောင်းစီးရတာကို ဖော်ပြဖို့ ဆရာတို့ပေါ့လျော့သွားလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်မတကယ်ပဲ ဇောချွေးပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မကိုကူညီပေးမယ့် အခန်းသားတစ်ယောက်နဲ့  ရှေ့ဆင့်နောက်ဆင့်  အချိန်ကိုက်တွေ့ဖို့ ဘုရားက ပို့ဆောင်ပေးခဲ့ပြန်ပါတယ်။ အရာရာကို ကူညီပေးနိုင်စွမ်းတဲ့ဘုရားပါပဲ။  ဘုရားသခင်ရဲ့နာမတော် ဘုန်းကြီးပါစေသော်။