Pages

Sunday, February 20, 2011

Acto CAD (or) project 1

ENGINEERING GRAPHICS ဘာသာရပ်အတွက် သင်ရတဲ့ ပုံဆွဲနည်း နည်းပညာများဟာ စိတ်ဝင်စားစရာကောင်းသလို၊ ပြုလုပ်ခဲ့ရတဲ့ project တွေကြောင့်လည်း ကျွန်မတို့လို drawing graphics တွေနဲ့ ထိတွေ့ခါစ ကျောင်းသူကျောင်းသားများအတွက် လက်တွေ့ကျကျ ပို၍အကျွမ်းဝင်အသုံးပြုခွင့်ရပြီး ပညာများတိုးစေခဲ့ပါတယ်။

project(1) အနေနဲ့ ဆရာရဲ့ တောင်းဆိုမှုတွေက ဒီလိုပါ။ ကျွန်မတို့ကျောင်းသူကျောင်းသားများကို (၂)ယောက်တစ်ဖွဲ့ဖွဲ့စေပြီး၊ မိမိတို့အဖွဲ့ကြိုက်နှစ်သက်ရာ ကျောင်းဝင်းထဲရှိ ကျောင်းအဆောက်အဦးတစ်ခုကိုရွေး၍ Acto CAD ပုံဆွဲပြီး စာစီကုံးကာ project ပြုလုပ်ရခြင်းပါ။

ကျွန်မရဲ့ အားကိုးရတဲ့ အဖွဲ့ဝင် သူငယ်ချင်း ရွှင့်တုံးပါ။ ရွှံ့တုံးမဟုတ်ပါ။ :၀)
(ရွှင့်တုံး)


ကျွန်မတို့ နှစ်ယောက် ငြင်းလိုက်ခုံလိုက်နဲ့ နောက်ဆုံးအတည်ပြု ရွေးချယ်လိုက်တဲ့ ကျောင်းအဆောက်အဦးကတော့ စိတ်ပညာဌာနပါ။


google map ကနေ ဖြတ်ညှပ်ကပ်ထားတဲ့ ကျွန်အတို့အဖွဲ့ လက်စွမ်းပြမယ့် National Taiwan Universityရဲ့ စိတ်ပညာဌာန ပုံပါ။


ပထမဦးဆုံးအနေနဲ့ အဆောက်အဦးကို Acto CAD ဆွဲဖို့ ၊ မိုးတွေတဖြိုက်ဖြိုက်ရွာနေတဲ့ကြားကနေ ကွင်းဆင်းဓတ်ပုံသွားရိုက်ခဲ့ပါတယ်။





အဆောက်အဦးရဲ့ အရှေ့အနာက်တောင်မြောက၊် အနီးအဝေး view ပေါင်းစုံကို camera နဲ့ အပုံပေါင်း(၁၀၀)ကျော် စိတ်တိုင်းကျ ဓတ်ပုံရိုက်လိုက်တာ တညနေကုန်တဲ့ အထိပါပဲ။

Acto Cad project အတွက် အဆောက်အဦးရဲ့ အတိုင်းအတာကိုတော့ ဓတ်ပုံသွားရိုက်ခဲ့စဉ်ကပင် အုတ်ခဲချပ်တစ်ခုရဲ့ အလျားအနံကို တိုင်းခဲ့ပြီး၊ computer နဲ့ပုံဆွဲတဲ့ အခါမှ ရိုက်ယူခဲ့တဲ့ဓတ်ပုံတွေကို ကြည့်ရူတိုင်းတာပြီးပုံဖော်ခဲ့ပါတယ်။ အတိုင်းအတာအတွက် အဆင့်မြင့်တိုင်းတာတဲ့စက်ကရိယာများနဲ့ တိုင်းတာခဲ့တာမဟုတ်တဲ့အတွက် အနည်းငယ်မှားယွင်းမှုတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားထားတာပါ။



ကျွန်မတို့ဆွဲထားတဲ့ ဒီActo CAD drawing ပုံကတော့ google map မှာမြင်ရတဲ့ plan view အတိုင်းပါပဲ။







camera နဲ့ (၃)ခါ ခွဲပြီး ရှိက်ထားတဲ့ front view ပါ။


ပုံဆွဲစဉ်က အချိန်ယူပြီးခေါင်းစားခဲ့ရပေမယ့် လှတပတနှင့်ထွက်လာသည့် ဒီActo CAD front view ပုံက ကျွန်မတို့နှစ်ယောက်ကို ပီတိတွေဖြာစေခဲ့ပါတယ်။










right side view Acto CAD ပုံပါ။ ဓတ်ပုံရိုက် စဉ်က သစ်ပင်ကွယ်နေတဲ့ အတွက် ပုံဆွဲတဲ့အခါ အနည်းငယ်တော့ လက်ဝင်လှပါတယ်။









ဓတ်ပုံရိုက်စဉ်က နေရာအခက်ခဲကြောင့် လိုချင်တဲ့ left side view ကို စိတ်တိုင်းကျ မရိုက်ယူ နိုင်ခဲ့ပါဘူး။


ဒါပေမယ့် Acto CAD left side view ပုံ ကတော့ အဆင်ပြေစွာနဲ့ ခုလိုဆွဲနိုင်ခဲ့ပါတယ်။















ဒါကတော့ တခမ်းအနားနဲ့ ဆွဲထွက်လာတဲ့ rear view ပုံပါ။
ပြတင်းပေါက်တွေများတယ်ဆိုပေမယ့် အချိုးအစားတူညီတဲ့အတွက်၊ တစ်ခုကိုသာ ဂဃဏန ဆွဲပြီး ကျန်တဲ့အရွယ်တူအချိုးတူများကို မိတ်တူပြုလုပ်လိုက်ပါတယ်။ ဒါကြောင့် front view လောက်အချိန်ယူစရာမလိုပဲ လိုချင်တဲ့ rear view ပုံထွက်လာပါတယ်။




အဆောက်အဦးရဲ့ view ပေါင်းစုံကို အချိန်ယူဆွဲပြီးစဉ်မှာတော့ "pratice make perfect" ဆိုသလိုပါပဲ၊ ActoCAD ရဲ့ drawing menus၊ toolbars တွေကို အကျွမ်းတဝင် သုံးစွဲတတ်သွားပါပြီ။

ကျောင်းစာသင်ခန်းထဲမှာ ဆရာအနေနဲ့ တစ်ချို့သင်ခန်းစာများကို အချိန်တိုအတွင်း လုံးစေ့ပတ်စေ့ သင်ပြီးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ယခုလို project လုပ်ဆောင်ခြင်းဖြင့်သာ၊ စာသင်ခန်းထဲမှာ မသင်လိုက်ရတဲ့ လက်တွေ့ပုံဆွဲနည်းသင်ခန်းစာတွေကို ကိုယ်ပိုင်တတ်မြောက်မှုအနေနဲ့ ယူငင်သုံးစွဲတတ်သွားနိုင်မှာပါ။

အဖွဲ့ခွဲ ပြုလုပ်ရတဲ့အတွက်လည်း ရလဒ်များက ပိုပြီးသာသွားပါတယ်။ ဒီလိုအဖွဲ့ခွဲပြုလုပ်ခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်မှုနှင့် တာဝန်ယူတတ်မှုအရေအသွေးများ တောက်ပြောင်လာရသလို၊ မိမိရဲ့ idea များကိုလည်း အခြားသူတစ်ယောက်ကို ရဲရဲဝင့်ဝင့်တင်ပြရဲလာပါတယ်။ မိမိအဖွဲ့ ဝင်များရဲ့ အကြံပေးမှုများကို ဂရုတစိုက်နားထောင်ပေးရန်လည်း အရေးကြီးကြောင်း သိလာစေပါတယ်။

ဒီproject(1) ဟာ ကျွန်မတို့ ကျောင်းသူကျောင်းသား အားလုံး အချိန်ယူအပင်ပန်းခံပြီး ပြုလုပ်လိုက်ရတာပါ။ အပင်ပန်းခံလိုက်ရတဲ့အတိုင်းလည်း ရရှိလိုက်တဲ့ အကျိုးအမြတ်က နှိုင်းယှဉ်လို့မရအောင်များလှပါတယ်။
" there is no royal way to learn" ဆိုတဲ့အတိုင်း၊ ဖြတ်လမ်းနည်းနဲ့ ဘယ်ပညာရပ်ကိုမျှ အလွယ်တကူမတတ်မြောက်နိုင် ဘူးဆိုတာ ကျွန်မဝင်ခံလိုက်ရပါတယ်။

သခင့်ထံသို့ သွားပါ

မောင်လေး၊ ညီမလေးတို့ရေ...

"ကိုးရီးယားလူမျိုးတွေကို မင်းတို့တွေ မြင်ဖူးကြလား"လို့ မေးရင်၊ "အလိုက်တာအံ့ရောလို့" မမကို ပြန်ပြောကြမှာ မြင်ယောင်သေးတယ်။ ကိုးရီးယားဇတ်ကား ကောင်းလေးတွေကိုကြည့်ပြီး သူတို့လူမျိုးတွေကို မြင်ဖူးကြ၊ သိထားကြပြီ မဟုတ်လား။

မမလည်း သူတို့လူမျိုးတွေရဲ့ ဓလေ့တစ်ခုကို သိထားတယ်။ ပြောပြမယ်နော်။ ကိုးရီးယားလူမျိုးတွေမှာ ဓလေ့တစ်ခုရှိတယ်တဲ့။ သူတို့မေ့ပစ်ချင်တဲ့ အကျင့်ဆိုးတွေကို စွန်ကလေးတစ်ခုအပေါ်မှာ ရေးလိုက်ကြတယ်။ ပြီးတော့ အဲဒီစွန်ကလေးကို ခပ်မြင့်မြင့်ကောင်းကင်ထက်ကို လွှင့်တင်လိုက်ကြတယ်တဲ့။ ဟိုးမမြင်ရတော့တဲ့ အမြင့်တစ်နေရာကို အဲဒီစာရေးထားတဲ့စွန်ကလေး ရောက်ပြီဆိုရင်တော့၊ စွန်လွှတ်ထားတဲ့ ကြိုးကို ညှပ်ပစ်လိုက်ကြတယ်တဲ့။ စွန်ကလေးကို ကောင်းကင်လေဟာနယ်ထဲမှာ ဖျောက်ပစ်လိုက်ကြတာပေါ့။ သူတို့တွေ ဘာကြောင့်ဒီလို လုပ်ကြတာလဲလို့ စဉ်းစားမိရဲ့လား။



စွန်ကလေးက သူတို့ရဲ့အပြစ်တွေကို ဟိုးအဝေးဆီ ယူသွားပေးပြီး၊ အဲဒီလို မကောင်းတဲ့အရာတွေ အကျင့်တွေကိုလည်း နောက်ထပ် မကျူးလွန်တော့ဘူး၊ မပေါ်လာနိုင် တော့ဘူးဆိုပြီး ယုံကြည်လို့ လုပ်ကြတာတဲ့။

အဲဒီလိုလုပ်လို့ ကိုယ့်မှာရှိတဲ့ အပြစ်တွေ၊ မကောင်းတဲ့အကျင့်တွေ ပျောက်သွားနိုင်လို့လား။ မမတော့ မယုံပါဘူး။ အပြစ်တွေကို တကယ်ပျောက်ကင်းအောင် လုပ်ပေးနိုင်တဲ့သူက ဘုရားသခင်တစ်ပါးတည်းသာရှိတာပါ။ လူတွေရဲ့ ခွန်အားနဲ့ ဘယ်လိုမှ မဖျောက်ဖျက်နိုင်ပါဘူး။ ဒါကြောင့်မို့လည်း ဘုရားသခင်က လူသားတွေအတွက် ကယ်တင်ရှင်သခင်ယေရှုကို ပြင်ဆင်ပေးခဲ့တာပါ။ သခင်ယေရှုကို ယုံကြည်လက်ခံသူမှသာ အသစ်သောအသက်တာနဲ့ အသစ်သော ပြုပြင်ခြင်းကိုခံရမှာပါ။

ကျမ်းစာထဲမှာလည်း အဖြစ်အပျက်တစ်ခု ရှိတယ်လေ။ တစ်ခါတုန်းက တစ်ဆယ့်နှစ်နှစ်လုံး သွေးသွန်ရောဂါဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်တဲ့။ သူ့မှာ ရှိသမျှဥစ္စာတွေနဲ့ ရောဂါကို ကုပေမယ့် မပျောက်တဲ့အပြင် ရောဂါတောင်ပိုတိုးလာခဲ့တယ်။ (၁၂)နှစ်တောင် ရောဂါခံစားနေရတယ်ဆိုတော့ သိပ်ပြီးစိတ်ညစ်၊ စိတ်ပျက်နေရတာပေါ့။ ဒါပေမယ့် သခင်ယေရှုရဲ့ သတင်းကိုကြားတော့ "ငါလည်းပဲ သခင်ရဲ့ အဝတ်တော်ကို တို့လိုက်ရရင်တော့၊ ငါ့ရောဂါတွေ ပျောက်သွားနိုင်တယ်"လို့ ယုံကြည်နေတယ်။အဲဒီလိုနဲ့ သခင်ယေရှုလာတော့ လူတွေတိုးနေရတဲ့ကြားကပဲ အနောက်နားကနေ သခင်ရဲ့ အဝတ်တော်ကိုတို့လိုက်တယ်တဲ့။ အဲဒီခဏလေးအချိန်မှာပဲ သူ့ရဲ့ရောဂါတွေအားလုံး ပျောက်သွားတယ်လို့ သိရှိခံစားလိုက်ရတယ်။



သခင်ယေရှုကလည်း သူ့ကိုယ်ကနေ တန်ခိုးထွက်သွားတာကို သိလိုက်တော့ ဘယ်သူတို့သလဲလို့ မေးပြီး ကြည့်လိုက်တဲ့အခါ၊ အဲဒီမိန်းမကလည်း ကြောက်ရွှံ့တုန်လှုပ်မှုတွေနဲ့ ကိုယ်တော့်ရှေ့မှာ ပျပ်ဝပ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့အဖြစ်ကို ပြောပြလိုက်တယ်ဆိုရင်ပဲ သခင်က "သင့်ရဲ့ ယုံကြည်ခြင်းက သင့်ရဲ့အနာကို ငြိမ်းစေပြီ"လို့ မိန့်တော်မူလိုက်တယ်။ ရောဂါသည် မိန်းမဟာ သခင့်ဆီသွားရင် ရောဂါပျောက်တယ်လို့ သိတာနဲ့ သွားခဲ့လို့(၁၂)နှစ်လုံးလုံး ခံစားခဲ့ရတဲ့ ရောဂါကနေ လွတ်မြောက်ခဲ့ရတယ်။
မောင်လေး၊ ညီမလေးတို့ရော ကိုယ်ကိုတိုင်မကြိုက်တဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ချင်ရင် ဘုရားသခင်ကို ဆုတောင်းပြီး ပြောပြပါ။ (၁၂)နှစ်လုံး ရောဂါခံစားခဲ့ရတဲ့ မိန်းမတောင် ပျောက်ကင်းခဲ့ရပြီ။ ဒါကြောင့် မောင်လေး၊ ညီမလေးတို့မှာ ရှိတတ်တဲ့ တီဗီဂိမ်းစွဲတဲ့ အကျင့်တွေ၊ ဆေးလိပ်စွဲတဲ့အကျင့်၊ ရောဂါစွဲနေတဲ့အရာ မှန်သမျှကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တာ ဘုရားသခင် တစ်ပါးတည်းသာ ရှိတယ်ဆိုတာကို သတိရပါ။ သိပြီဆိုတာနဲ့ သခင့်ဆီသို့ တကယ်ပဲ အရောက်သွားလိုက်ပါ။
အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။


မှတ်ချက်။ ။ ကလေးပုံရိပ် ခရစ်ယာန်ရုပ်စုံမဂ္ဂဇင်း၌ ရေးသားဖော်ပြခြင်းခံရဖူးသည်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

Thursday, February 17, 2011

ဆရာမပေးသည့် လက်ဆောင်(၁၂)မျိုး

ကျောင်းမှပြန်လာသည့် သား၏လွယ်အိတ်ကို ကျွန်မဖွင့်ကြည့်မိတော့၊ နွားသားရေအိတ်ကလေးတစ်လုံးကလွဲ၍ အခြားမည်သည့်အိမ်စာသင်ခန်းစာမှ မတွေ့မိပါ။ ထိုနွားသားရေအိတ်ကလေးကို စိတ်ဝင်စားမိ၍ ဖွင့်ကြည့်လိုက်တော့ အထဲ၌ သွားကြားထိုးတံတစ်ချောင်း ၊ သားရေကွင်းတစ်ကွင်း ၊ အနာကပ်ပလာစတာတစ်ခု ၊ ခဲတံတစ်ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပီကေတစ်ခု ၊ ဂွမ်းကပ်ဘောလုံးတစ်လုံး ၊ ချောကလက်တစ်ခု ၊ တစ်သျှုးစဣူ ၊ ရွှေရောင်ကြိုးတစ်ချောင်း ၊ ပိုက်ဆံဒင်္ဂါးတစ်ပြားနှင့် ချိုချဉ်တစ်ခုကို တွေ့လိုက်ရသည်။

"အိတ်ထဲမှာ အမှိုက်ရော ၊ မုန့်တွေကို လုံးထွေးထည့်ထားပါလား " ဟု သားကိုရုတ်တရက် ကျွန်မထင်လိုက်မိသော်လည်း၊ အပန်းရောင်စာရွက်လေးကို ဆက်ပြီးမြင်လိုက်မှသာ အကြောင်းရင်းကိုသိလိုက်ရတော့သည်။

သားတို့၏ဆရာမက သူမ၏ လေးတန်းတပည့်လေးများအား ကျောင်းတက်စနေ့သစ်၌ ကြိုဆိုနှုတ်ဆက်ထားခြင်းဖြစ်သည်။ ထိုစာရွက်လေးပေါ်၌ ဆက်ပြီးရေးထားသည့် အကြောင်းအရာများက ကျွန်မ၏စိတ်ကို အမှန်တကယ်ညှို့ယူသွားစေပါသည်။

"ဒီအိတ်ကလေးထဲကပစ္စည်းတွေဟာ နည်းနည်းထူးဆန်းစရာဖြစ်စေပေမယ့်၊ ဒါတွေဟာ အချက်အလက်တချို့ကို ကိုယ်စားပြုထားတာပါ။ ဒီအကြောင်းအရာအချက်အလက်တွေဟာ တပည့်တို့ရဲ့စိတ်ကို နှိုးဆော်သတိပေးနိုင်ပါစေလို့ ဆရာမမျော်လင့်ပါတယ်။" ဟူ၍ ယခုလိုရေးသားထားသည်ကို ဖတ်လိုက်ရသည်။


(၁)သွားကြားထိုးတံလေးက တပည့်တို့တေ၊ွ အခြားသူတွေရဲ့ ကောင်းတဲ့အရာလေးတွေကို ရွေးချယ်အတုယူတတ်ဖို့ သတိပေးတာပါ။







(၂) ရုန်းကန်နိုင်ရဲတဲ့သတ္တိကို အမြဲထိန်းသိမ်းထားရင်း၊ အရာရာတိုင်းကို အောင်မြင်ပြီးမြောက်စေဖို့ သားရေကွင်းလေးက သတိပေးတာပါ။







(၃)အနာကပ်ပလာစတာလေးကတော့ တပည့်တို့ကိုယ်တိုင်နှင့်တခြားသူတွေ၊ တစ်ချိန်ကခံစားခဲ့ရဖူးတဲ့ ဝေဒနာဒဏ်ရာတွေကနေ ပြန်ပြီးအသက်ဝင် အားယူနိုင်ဖို့ဖြစ်တယ်။





(၄) ခဲတံလေးနဲ့ မင်းတို့ရဲ့ နေ့စဉ်ရည်မှန်းချက်လေးတွေကို ရေးမှတ်ထားနော်။











(၅)လူတိုင်းအပြစ်ပြုလုပ်မိတတ်ကြတယ်၊ ကိစ္စမရှိပါဘူးကွယ်။ ဒီလိုအမှားတွေကို ဖျက်ပြစ်ဖို့ ခဲဖျက်လေးက မင်းကို ကူညီပေးနိုင်ပါတယ်။






(၆)အလုပ်လုပ်တဲ့အခါ အဆက်မပြတ်နဲ့ စွဲစွဲမြဲမြဲလုပ်မှသာ၊ အောင်မြင်မှုရရှိမယ်ဆိုတာကို ပီကေလေးက မင်းကိုသတိပေးနေတယ်။ အဲဒီလို ဇွဲနဲ့လုပ်ဆောင်နေတဲ့အချိန်မှာပဲ၊ ပျော်ရွှင်မှုတွေကို ပြန်ပြီးရရှိခံစားနိုင်ပါတယ်။





(၇)ဒီစာသင်ခန်းလေးဟာ ကောင်းမွန်တဲ့နှုတ်ခွန်းဆက်သမှုတွေနဲ့အတူ၊ နွေးထွေးတဲ့ခံစားချက်လေးတွေလည်း ပြည့်နက်နေတယ်ဆိုတာကို ဂွမ်းကပ်ဘောလုံးလေးက မင်းကိုသတိပေးတာပါ။







(၈)အားငယ်စိတ်ပျက်နေတဲ့အချိန်မှာ ချောကလက်လေးက မင်းကိုသက်သာမှုတွေပေးပါစေ။









(၉)တခြားသူတွေရဲ့ မျက်ရေတွေကို ကူညီပြီးသုတ်ပေးတတ်ဖို့၊ ဒီတစ်သျှူးစဣူလေးက မင်းကိုသတိပေးနေတာပါ။








(၁၀)ခင်မင်မှုတွေနဲ့ ငါတို့အားလုံးရဲ့နှလုံးသားတွေကို အတူတကွရစ်ပတ်နှောင်ဖွဲ့ဖို့၊ ရွှေရောင်ကြိုးလေးနဲ့ မင်ကိုသတိပေးပါ၇စေနော်။







(၁၁)မင်းဟာ ဒင်္ဂါးပြားလေးလို တန်ဖိုးရှိပြီး၊ ထူးခြားတဲ့လူတစ်ယောက်ပါ။











(၁၂)မင်းတို့တွေ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တဲ့အချိန်မှာ၊ ဒီအသက်ကယ်ဗော့ကွင်းပုံစံ ချိုချဉ်လေးလို ဆရာမကို


လာရှာလို့ရတယ်ဆိုတာ သတိရနော်။












ဆရာမသည် အိတ်ကလေးနှစ်ဆယ့်သုံးခုကို အချိန်ကုန်ခံကာပြင်ဆင်၍ အိတ်ထဲ၌ လက်ဆောင်လေး(၁၂)မျိုးကို ပြင်ဆင်ထုတ်ပိုးပြီး၊ နွေးထွေးသည့်ခံစားမှုအပြည့်နှင့် ရေးထားသည့် နှုတ်ခွန်းဆက်စာကို ကျောင်းတက်စနေ့သစ်၌ တပည့်လေးများကိုပေးခဲ့သည်။ တခြားအိမ်စာသင်ခန်းစာများနှင့် စာမေးပွဲများအကြောင်း ဘာတစ်ခုမျှ သတိမပေးခဲ့ပါ။ အပြစ်ပေးမည့် အကြောင်းအရာများနှင့် စည်းကမ်းတကျနေထိုင်လိုက်နာရန်လည်း ဘာမျှမပြောခဲ့ပါ။ "သင်ဟာထူးခြားတန်ဖိုးရှိတဲ့ ကလေးလေးပါ။" ၊ "သူတစ်ပါးရဲ့ ကောင်းတဲ့အရာတွေကို ယူတတ်ပါစေ။" ၊ "သူတစ်ပါးရဲ့ မျက်ရေတွေကို ကူညီသုတ်ပေးပါ။" ဟူ၍သာ သတိပေးခဲ့သည်။


ထို့ကြောင့်လည်း ကျွန်မသူငယ်ချင်းတစ်ချို့၏ သားသမီးများကိုကြည့်လိုက်လျှင်၊ အခြားနိုင်ငံသို့ရောက်မှသာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာသည်ကို တွေ့ရတတ်သည်။ ဒါကလည်း ပထမဆုံးကျောင်းတက်ရက်၌ ဆရာမက "မင်းဟာ သိပ်ပြီးထုံထိုင်းပါလား။"၊ "ထမင်းစားတာကလွဲလို့ ဘာလုပ်တတ်လို့လဲ၊ နင်ဟာလူပိုပဲ" ဟု မပြောပဲ၊ "မင်းဟာတန်ဖိုးရှိတဲ့၊ ထူးခြားတဲ့ကလေးလေးပါ။"ဟူ၍ ပြောပေး၍သာဖြစ်မည်။


ပထမဦးဆုံးကျောင်းစဖွင့်သည့်နေ့၌ မိမိ၏သားသမီးများ ယခုကဲ့သို့ သားရေအိတ်လေးလက်ဆောင်ရဖို့၊ မိခင်တစ်ယောက်အနေနှင့် မမျော်လင့်သည့်သူ ရှိပါအုံးမည်လား။ ဤနွားသားရေအိတ်လေးသည် အဘယ်မည်သို့သော ဆရာမတစ်ယောက်၏ မွန်မြတ်လှသည့် စိတ်ထားစေတနာများနှင့် ထုတ်ပိုးထားပါလိမ့်ဟု ကျွန်မ မစဉ်းစားပဲမနေနိုင်တော့ပါ။







မှတ်ချက်။ ။ သား၏ပညာရေးကို စိတ်ဝင်စားသည့် မိခင်တစ်ယောက်၏ (老師給的十二項禮物)ဆောင်းပါးကို ကောက်နှုတ်ပြန်ဆိုထားခြင်းမျှသာ။