ယနေ့စောစောထ၍ အခန်းတံခါးဖွင့်လိုက်သည်နှင့် ချမ်းစိမ့်စိမ့်လေနုအေးကြောင့် လူကသိမ့်ကနဲဖြစ်သွားသည်။ သြော်...ဆောင်းတောင်ဝင်လာပြီကိုး။ ဆောင်းရာသီဝင်လာပြီဖြစ်၍ လက်တွန်းသေတ္တာလေးထဲ၌ ထည့်သိမ်းထားသော အနွေးထည်များကိုထုတ်၍ အဝတ်ဗီရိုထဲသို့ပြောင်းထည့်ရန် အသိကဝင်လာသည်။ သို့နှင့် မြန်မာပြည်ကတည်းကယူလာသော လက်တွန်းသေတ္တာလေးကို အခန်းထောင့်မှ တွန်းယူလိုက်သည်။ လက်တွန်းသေတ္တာလေးကို ဆွဲဖွင့်ဖို့လုပ်တော့ ကျွန်မလက်များ ခေတ္တ ရပ်တန့်သွားသည်။ ခြေကရပ်နိုင်စွမ်းမရှိတော့။ သို့နှင့် ကုတင်ပေါ်သို့ ထိုင်ချလိုက်ရတော့သည်။ သြော်...ဘာလိုလိုနဲ့ ငါအိမ်ကထွက်လာတာ ဒီနှစ်ဆို (၆)ကြိမ်မြောက်ဆောင်းရာသီတောင် ရောက်လာခဲ့ပြီပဲ။
“အန်တီရဲ့ ဆိုင်မှာ လက်တွန်းသေတ္တာအိတ်လေးတွေတောင် တင်ထားပါလား”
ကျွန်မနှင့် ရင်းနှီးသည့် အန်တီတစ်ယောက်၏ အိမ်ဆိုင်လေးသို့အရောက် အသစ်တင်ထားသော လက်တွန်းသေတ္တာများကို တွေ့လိုက်၍ ပြောလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ် မင်မင်ရေ။ မင်မင်သာနိုင်ငံခြားသွားရတဲ့တစ်နေ့ အန်တီ့ဆိုင်က အကောင်းဆုံးလက်
တွန်းသေတ္တာအိတ်လေးတစ်ခုကို မင်မင့်ကိုလက်ဆောင်ပေးမယ်”
အဲဒီ အန်တီက ကျွန်မထိုင်ဝမ်နိုင်ငံသို့သွားရန် ကြိုးစားနေသည်ကို သိ၍ပြောခြင်းလား၊ အားပေခြင်းလား။ကျွန်မမသိပေ။
ထိုင်ဝမ်နိုင်ငံသို့သွားရောက် ပညာသင်ရန် လူရွေးချယ်သည့် စာမေးပွဲကို မြန်မာနိုင်ငံ၌ နှစ်စဉ်ကျင်းပလျက်ရှိပါသည်။ ပါဝင်ဖြေဆိုကျသည့်သူများမှာ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှဖြစ်၍ လူဦးရေကများပါသည်။ ထိုနှစ်ကဆိုလျှင် ဖြေဆိုသူအယောက် (၉၀၀)ကျော်ရှိသော်လည်း လူခေါ်ဦးရေက သုံးပုံတစ်ပုံပင်မရှိဟု သိရသည်။ မြန်မာနိုင်ငံအတွက် ခေါ်ယူသည့် လူဦးရေက အခြားနိုင်ငံများနှင့် ယှဉ်လျှင်နည်းလှပါသည်။ ထို့ကြောင့် စာမေးပွဲဖြေစနစ်ဖြင့် ရမှတ်အနည်းအများစီကာ ခေါ်ယူသည့် ဦးရေအပေါ်ကြည့်၍ အောင်ခြင်းကျခြင်းကို ဆုံးဖြတ်ခြင်းဖြစ်သည်။ ဥပမာပြောရလျှင် ယခုနှစ်အတွက် လူဦးရေ (၁၀၀) ခေါ်ယူလျှင် ဖြေဆိုသူများထဲမှ ရမှတ်များစီ၍ အမှတ်အများဆုံး (၁၀၀) ယောက်က ထိုင်ဝမ်နိုင်ငံသို့ သွားရောက်ပညာသင်ယူခွင့်ရခြင်းဖြစ်သည်။
######
ထိုနှစ်က ကျွန်မစာမေးပွဲကျသည်။ မနက်စောစော အောင်စာရင်းသွားမကြည့်ရဲ၍ အဖေက ကျွန်မအတွက် သွားကြည့်ပေးခဲ့သည်။ အဖေ့ဆိုင်ကယ်သံကြားသည်နှင့် ကျွန်မအိမ်ရှေ့သို့ အပြေးသွားလိုက်သည်။ “မင်မင် ၊ သမီးနောက်နှစ် ပြန်ကြိုးစားပါအုံးနော်” ဆိုင်ကယ်စက်သံကြားမှ ကြားလိုက်ရသော နောက်နှစ်ပြန်ကြိုးဖို့ပြောလိုက်သည့် အဖေ့အသံက မိုးကြိုးပစ်သံထက် ကျယ်လောင်လွန်းလှသည့်နှယ်။ ကျွန်မပါးပြင်ပေါ်သို့ မျက်ရေမိုးများက တဖြိုင်ဖြိုင် သွန်းဖြိုးသွားတော့သည်။ အဖေ ကျွန်မအပေါ် မျော်လင့်ထားသည်ကိုသိ၍ ခံစားရသည်။ ထိုထက်ပို၍ ပြောရလျှင် ရှက်မိသည်က များပါသည်။ ဆရာ့သမီးက စာမေးပွဲမအောင်ဆိုသည့်အဖြစ်အတွက် အဖေ့ကို အားနာမိသည်။ စာအတူကျက်သည့် သူငယ်ချင်းနှစ်ယောက် အိမ်သို့လာကာအားပေးသည့် မျက်လုံးများအောက်၌ ခံစားရသည်။ စာမေးပွဲကျသူများ၏ ခံစားချက်ကို ထိုအခါမှ နားလည်လိုက်ရသည်။ တွေ့သမျှ မျက်လုံးများက မိမိကိုပဲ လောင်ရီနေသလို။ ခံစားချက်အားလုံးအတွက် ကျွန်မရဲ့မေးခွန်းက တစ်ခုတည်းရယ်။ “ဘုရားသခင်၊ သမီးကို ဘာကြောင့်လူတွေရှေ့မှာ အရှက်ရဝမ်းနည်းစေရတာလဲ။ ဘာကြောင့်လဲ”
စာမေးပွဲအတွက် အစွမ်းကုန်ကြိုးစားခဲ့ပါသည်။ ကျူရှင်လည်းတက်ခဲ့သည်။ သူငယ်ချင်းများနှင့်အတူပေါင်း၍ စာများကျက်ခဲ့သည်။ ဆုလည်းတောင်းခဲ့သည်။ အောင်မည်ဟုလည်း ယုံကြည်ခဲ့သည်။ သို့သော် ရလဒ်က နာမည်စာရင်းမပါခဲ့ပါ။ ကျွန်မခံစားခဲ့ရပါသည်။ ဘုရားကျောင်းသွား၍ ချီးမွမ်းသီးချင်းများဆိုနေသည့်ကြားမှ ရှုံးနိမ့်မှုအတွက် မျက်ရေများ စီးကျရသည်။ အိမ်၌ အိမ်မှုကိစ္စလှုပ်စဉ်အချိန်၌လည်း စဉ်းစားရင်းစဉ်းစားရင်း ဝမ်းနည်းရသည်။ ထာဝရဘုရားက သူ့ကိုအားကိုးလျှင် အောင်မြင်မှုရသည်ဟု ကျမ်းစာ၌ ပြောထားသည်မဟုတ်လား။ သို့သော် အဘယ်ကြောင့်နည်း။ ကျွန်မ အဖြေရှာမရပါ။
ထိုနှစ် စာမေးပွဲကျသည့်နှစ်၌ ကျွန်မတို့ဘုရားကျောင်း၏ နှစ်(၅၀) ရွှေရတုပွဲတော်ကို ကျင်းပဖို့လည်း စီစဉ်နေသည့်နှစ်ဖြစ်သည်။ “ငါတို့ရဲ့ သူငယ်ချင်းကြီးတော့ ထိုင်ဝမ်သွားဖို့ မပါရှာဘူးကွယ်။ ဘုရားက နှစ်၅၀ ပွဲအတွက် အသုံးလိုလို့ ဖြစ်မယ်နော်” ဆိုပြီး ဘုရားကျောင်းမှ သူငယ်ချင်းများက ကျွန်မကို အားပေးခဲ့ကြပါသည်။ သူတို့ပြောသည့်အတိုင်းလည်း ထိုနှစ်က ဘုရားကျောင်း၌ ကျွန်မ ပို၍ပါဝင်ဖြစ်သည်။ တနင်္ဂနွေ ကလေးဥပုသ်စာဖြေကျောင်းရှိ ကျွန်မအခန်းမှ ကလေးများကို ဦးဆောင်၍ နှစ်၅၀ပွဲတော်အတွက် အကများတိုက်ဖြစ်သည်။ လူငယ်သံစုံတေးဆိုအဖွဲ့၌်လည်းပါဝင်ကာ သီချင်းများလေ့ကျင့်ခဲ့ကြသည်။ ထို့ပြင် စနေနေ့တပတ်ခြားတိုင်း ကျွန်မတို့မြို့နှင့် ၇မိုင်အကွာတွင်ရှိသော အောင်မြေ(၁)ရွာလေးသို့သွားကာ သခင်ယေရှုအကြောင်း ဧဝံဂေလိသတင်းကောင်းများကိုလည်း ဆရာများနှင့်အတူ သွားရောက်ပြောခဲ့ကြသည်။ သို့နှင့် စာမေးပွဲကျသည့် ကျွန်မ၏စိတ်ဒဏ်ရာများမှာ တဖြေးဖြေးသက်သာလာကာ ဘုရားကျောင်းအလုပ်များနှင့် ပျော်နေတော့သည်။
“သမီး ပြန်ဖြေမယ်ဆိုရင် စာလည်းကျက်အုံးလေ။ ဒီတခေါက် စာမေးပွဲပြန်ဖြေဖို့ပေးတဲ့ ပိုက်ဆံက နောက်ဆုံးပဲနော် ” ဆိုပြီး အဖေကပင် ကျွန်မကို ဂရုဏာဒေါသနှင့် ပြောလာသည်အထိပေ။ “စိတ်ချပါ ပါးရဲ့။ သမီးနောက်နှစ် တကယ်သွားကိုသွားရမှာ” ကျွန်မကတော့ နောက်နှစ်သွားခွင့်ရလိမ့်မည်ဟု တထစ်ချ စိတ်ချနေပါသည်။ စာကျက်သည့်အချိန်ကျက်သည်။ ဘုရားကျောင်းအလုပ်လုပ်သည့်အခါ ပျော်ပျော်ပါးပါးလုပ်လိုက်သည်။ နောက်နှစ်လူခေါ်သည့်စာရင်းတွင် ကျွန်မနာမည် ပါဝင်လိမ့်မည်ဟု ယုံကြည်နေသည့်အဖြစ်က အကြောင်းရှိပါသည်။ ကျွန်မလိုချင်သည့် မျော်မှန်းချက်ရပြီဟု ကျွန်မကို ကြိုတင်ဟောကိန်းထုတ်ထားသူ ရှိသည်လေ။ သူက ထာဝရဘုရားပင်ဖြစ်သည်။
တနေ့၌ ကျမ်းစာဖတ်နေသည့်အချိန်ဝယ် ကျမ်းပိုဒ်လေးတစ်ပိုဒ်ကို ဖတ်မိလိုက်သည်။
တမန်တော်ဝတ္တု အခန်း၃၊ ၁-၁၀။
၁ ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
၂ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
၃ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။
၎ ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊
၅ ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
၆ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊
၇ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊
၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
၉ ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊
၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊
ထိုကျမ်းပိုဒ် အခန်း၌ ဖော်ပြထားသည့် အကြောင်းအရာက တစ်နေ့၌ သခင်ယေရှု၏ တပည့်တော်များထဲမှ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့အသွား၊ တင့်တယ်အမည်ရှိသော တံခါးနား၌ တောင်းစားလျက်ရှိသော မွေးစကပင်ခြေမသန်သည့်သူက ထိုသူတို့ကိုမြင်၍ စွန့်ကြဲရန်တောင်းဆိုလိုက်သည်။ ပေတရုနှင့် ယောဟန်တို့က ထိုခြေမသန်သည့် သူတောင်းစားအား မိမိတို့ကို မျော်ကြည့်ရန် ပြောလိုက်ကြသည်။ သူတောင်းစားကလည်း သူ့အားတစ်စုံတစ်ရာ စွန့်ကြဲတော့မည့်ဟု ထင်၍ မျော်ကြည့်လိုက်၏။ သို့သော် ပေတရုပြောလိုက်သည့်စကားက သူမျော်လင့်ထားသည်နှင့် လွဲသွားသည်။ ပေတရုပြောလိုက်သည်က “ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့” ။ သူတောင်းစားဖြစ်သူတစ်ယောက်အနေနှင့် ရလိုသည့်အရာက သူအသုံးလိုသည့်ပစ္စည်းများကို ဝယ်ယူလို့ရနိုင်မည့် ရွှေ သို့မဟုတ်ငွေ။ သို့သော် ပေတရုက သူအသုံးလိုသည့် ရွှေနှင့်ငွေထက် တန်ဖိုးကြီးသည့် အရာကို ပေးလိုက်ပါ၏။ သခင်ယေရှုနာမဖြင့် သူတောင်းစား၏မသန်သည့် ခြေထောက်ကို သန်စွမ်းကောင်းမွန်ခွင့်ကို ပေးလိုက်ပါသည်။ ခြေထောက်စွမ်းသူဖြစ်သွားပါက သူတစ်ပါးစွန့်မှ စားရသည့်သူတောင်းစားဘဝမှ လွတ်မြောက်သွားမည်ကို ကြို၍ သိထားသည်လေ။ သူတောင်းစားဖြစ်သူအနေနှင့်မူ လတ်တလောပြေလည်နိုင်သည့် တစ်နေ့တောင်း၍ တစ်နေ့စားနိုင်မည့်အရေးအတွက်သာ သိသည်။ တောင်းသည်။ တကယ်တမ်း သူလိုအပ်နေသည့်အရာကိုတော့ သူမသိပေ။ မတောင်းခဲ့ပေ။ သို့သော် ကျေးဇူးတော်ကြောင့် သခင်ယေရှု၏နာမဖြင့် သူ့ဘဝတစ်လျှောက်လုံးလိုအပ်သည့် ခြေထောက်ကောင်းခွင့်ကိုရသွားပါတော့သည်။ ခြေထောက်ကောင်းသွားသည်နှင့် သူလိုသည့် ရွှေနှင့်ငွေများကိုလည်း သူကိုယ်တိုင်ရှာဖွေသွားနိုင်လေပြီ။
ဤအကြောင်းအရာအားဖြင့် ဘုရားက ကျွန်မကို စကားပြောလိုက်သည်ကို နားလည်လိုက်သည်။ ကျွန်မလည်း လတ်တလော စာမေးပွဲအောင်ခွင့် ၊နိုင်ငံခြားသွားခွင့်အရေးလေးကိုသာ တတွတ်တွတ် တောင်းနေမိခဲ့သည်။ သို့သော် ကျွန်မလိုချင်သည့်အရာအပြင် တကယ်တမ်းလိုအပ်နေသည့်အရာကိုပါ ဘုရားသခင်က ပေးလိုက်ပြီဖြစ်ကြောင်း ထိုကျမ်းပိုဒ်လေးဖြင့် ကျွန်မစိတ်ချသွားသည်။
#####
ဒုတိယအကြိမ် ထိုင်ဝမ်စာမေးပွဲကို ကျွန်မပြန်ဖြေခဲ့သည်။ ကျွန်မယုံကြည် စိတ်ချသည့်အတိုင်း အောင်မြင်ခဲ့ပါသည်။ သို့နှင့် ထိုင်ဝမ်နိုင်ငံသို့ ကျွန်မရောက်လာခဲ့သည်။ ထိုင်ဝမ်သို့ရောက်သော် နောက်ထပ် စာမေးပွဲတစ်ကြိမ် ပြန်ဖြေရပြန်သည်။ မြန်မာနိုင်ငံ၌ ဖြေသည့်စာမေးပွဲက ထိုင်ဝမ်နိုင်ငံသို့သွားခွင့်ရမည့် လူရွေးချယ် စာမေးပွဲဖြစ်သည်။ ထိုင်ဝမ်နိုင်ငံ၌ ပြန်ဖြေရသည့် စာမေးပွဲက တက္ကသိုလ်ဝင်ခွင့်ရရန် ဖြေရခြင်းဖြစ်သည်။ မိမိဖြေဆိုအောင်မြင်သည့် ရမှတ်ပေါ်မူတည်၍ သင့်တော်သည့် တက္ကသိုလ်များသို့ ဝင်ခွင့်ရခြင်းဖြစ်သည်။ သတ်မှတ်ထားသည့်အမှတ်မမှီလျှင် တက္ကသိုလ်အကြိုကျောင်းတွင် တစ်နှစ်ပြန်တက်ရောက်ရသည်။ တစ်ချို့က မိမိမျော်မှန်းထားသည့် တက္ကသိုလ်သို့ ဝင်ခွင့်မရလျှင် တက္ကသိုလ်အကြိုကျောင်းကိုသာ မိမိစိတ်ကြိုက်ပြန်တက်၍ ဝင်ခွင့်ပြန်ဖြေကြသူများလည်းရှိပါသည်။ ကျွန်မအနေနှင့်လည်း တရုတ်စာ အခြေခံနည်း၍ တက္ကသိုလ်အကြိုကျောင်းသို့သာ သွား၍တက်ရန် မြန်မာနိုင်ငံကတည်းမှ စဉ်းစားထားခဲ့ပါသည်။
“မင်မင်...စာမေးပွဲဖြေလို့ ထိုင်ပေမြို့တွင်းမှာရှိတဲ့ နာမည်ကြီးကျောင်း(၅)ကျောင်းထဲက တစ်ခုခုကို ဝင်ခွင့်ရလို့က ကြိုက်တာတောင်း။ လိုချင်တာ ဝယ်ပေးမယ်”
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေခါနီး၌ ထိုင်ဝမ်သို့ကျွန်မထက်(၃)နှစ်စော၍ရောက်နေသည့် ကျွန်မနှင့်ရင်းနှီးသောအစ်မတစ်ယောက်က ကျွန်မကို ဤသို့အားပေးခဲ့ပါသည်။
စာမေးပွဲဖြေပြီး၍ (၁)လလောက်နေတော့ အောင်စာရင်းနှင့်တကွ မိမိတက်ရောက်ရမည့် တက္ကသိုလ်နာမည်ထွက်လာပါသည်။
“မင်မင်... နင် ထိုင်သာ့ ရတယ်” ။ ကျွန်မထက်ကြို၍ အောင်စာရင်းကြည့်ပြီးသည့် သူငယ်ချင်းများက ကျွန်မကို ဖုန်းဆက်လာကြသည်။ ထိုင်သာ့ ။ ထိုင်သာ့ ။ ကျွန်မနားထဲ၌ ထိုင်သာ့ ၊ထိုင်သာ့ နှင့် ပလူပျံအောင် ကြားနေရတော့သည်။ ထိုင်သာ့ဆိုသည်ကို ကျွန်မ မသိပေ။ ကျွန်မသိသည်က တက္ကသိုလ်ကြိုကျောင်း နာမည်တစ်ခုကိုသာသိသည်။ နောက်မှ သိရသည်က ထိုင်သာ့ဆိုသည်က ထိုင်ဝမ်နိုင်ငံရှိ နံပတ်(၁) တက္ကသိုလ်ဖြစ်သည်။ National taiwan University ။ ထိုင်ဝမ်နိုင်ငံ၌ တရုတ်အခေါ်အရ ထိုင်သာ့ဟုသာ အားလုံးက အတိုကောက်ခေါ်ကြခြင်းဖြစ်သည်။ ကျွန်မကိုယ်တိုင်လည်း ထိုကျောင်းရ၍ မိမိကိုယ်ကို အံ့သြမိသည်။ စာမေးပွဲ၌ ဘာတွေဖြေခဲ့သည်မသိတော့။ ရလဒ်ကတော့ ကျောင်းကောင်းတက်ခွင့်ရသွားပါသည်။ ဟာလေလုယာ။ ဘုရားသခင်၏ အစွမ်းသည် ကြီးလှပါ၏။ ကျွန်မမျော်မှန်းထားသည်က ပုရွက်ဆိတ်လောက်သာရှိသော်လည်း ဘုရားက ကျွန်မအား ဆင်လောက်ကြီးအောင် ပေးလိုက်ပါတော့သည်။
ထိုင်သာ့တက်ခွင့်ရ၍ တစ်ချို့သူငယ်ချင်းများက အားကြကြသည်။ တစ်ချို့က မနာလိုစကား ပြောကြသည်။ “အရင်က မင်မင်ဆို ငါ့ဆီမှာပဲ စာလာမေးနေကြ။ ငါ့လောက်လဲ တရုတ်စာမရဘူး။ ဒါနဲ့များ...”။
မည်သို့ပင်ဖြစ်စေ ဘုရားသခင်က ကျွန်မဘက်၌ရှိ၍ လူရှေ့၌ မျက်နှာရခွင့်ရပါသည်။ ထိုင်သာ့တက်ခွင့်ရ၍ “ ထိုင်သာ့ကျောင်းသူလား...”ဟူ၍ ဈေးဝယ်လျှင်လည်း ဈေးသည်၏မျက်နှာက ဝင်းပသွားသည်။ အငှားကားစီးလျှင်လည်း ကားဆရာက စကားချိုသွားသည်။ ဘယ်သွားသွား ဘယ်လာလာ ထိုင်သာ့ဆိုသည်နှင့် ထိုင်ဝမ်နိုင်ငံသားတို့က လေးစားကြပါသည်။ ထိုင်ဝမ်နိုင်ငံသားတို့အနေနှင့် ထိုင်သာ့တက်ရောက်ခွင့်ရသည်မှာ တကယ့်မဟာအခွင့်ထူးပေ။ ယုတ်စွအဆုံး သန့်ရှင်းရေးအလုပ်သမားပင် ထိုင်သာ့ကျောင်းက အလုပ်သမားဆိုကာ မိမိအလုပ်အတွက် ဂုဏ်ယူပြောဆိုသည်ကိုပင် ကြားဖူးပါသည်။ မိဘများကလည်း ထိုင်သာ့တက်ရောက်ခွင့်ရသည့် သားသမီးများအတွက် ဂုဏ်ယူကြသည်။ ထိုင်သာ့တက်ရောက်နိုင်ရန်အတွက် ငယ်ကတည်းက အလွန်ကြိုးစားမှသာရသည်ဟု ဆိုကြပါသည်။
ကျွန်မအနေနှင့်မူ ဘုရားသခင်၏ ကျေးဇူးပြုမူ့သက်သက်ကြောင့်သာပါ။ ကျွန်မအပေါ်ထားသည့် ဘုရားသခင်၏ ဂရုဏာကိုလည်း အံ့သြချီးမွမ်းရပါ၏။ နိုင်ငံခြားသွားခွင့်ရလျှင် လက်တွန်းသေတ္တာအိတ်လေးပေးမည်ဟုဆိုသော အန်တီ့ထံမှလည်း အိတ်မရခဲ့ပါ။ ထိုင်ပေမြို့တွင်းရှိ ကျောင်း၌ တက်ခွင့်ရလျှင် လိုချင်တာပေးမည်ဟုဆိုသော အစ်မထံမှလည်း လက်ဆောင်မရခဲ့ပါ။ သို့သော် ဘုရားသခင်က ကျွန်မကို ဂတိပေးထားသည့်အတိုင်း ကျွန်မလိုချင်သည့်အရာနှင့် လိုအပ်သည့်အရာကိုမူ ပေးခဲ့ပါသည်။ လူများက ပြောပြီးသည့်စကားကို မေ့လျော့သွားတတ်သော်လည်း ဘုရား၏ ဂတိစကားက တည်မြဲပါ၏။ ဘုရားက ပေးမည်ဆိုလျှင် ခွက်ကြီးကြီးနှင့်သာ ထိုင်စောင့်နေပါတော့။ တစ်နေ့ရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရား၏စကားက တည်မြဲသောကြောင့်ပင်။