Pages

Saturday, February 16, 2013

ဂျာနယ်ကလေး ဘယ်သူယူ

“အောင်အောင်ရေ...၊ အောင်အောင်”
ခေါ်သံကြောင့် အိမ်ရှေ့သို့ အောင်အောင် အပြေးအလွှား သွားလိုက်ပါသည်။
“ဖြိုးပိုင် ပါလား။ လာလာ ... နင် ငါ့အိမ်ကို တကယ်လာလည်တယ်နော်”
“ဒါပေါ့။ နင်ပြောတဲ့ ဂျာနယ်တွေ၊ ကာတွန်းစာအုပ်တွေ ဖတ်ချင်လို့”
အောင်အောင်သည် အိမ်၌ ကိုယ်ပိုင်စာကြည့်တိုက်သေးသေးလေးလုပ်ချင်သည့် စိတ်ကူးလေးကို အကောင်အထည်ဖော်သည့် အနေနှင့် သူငယ်ချင်းအောင်အောင်ကို အိမ်သို့ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ပြောပြောဆိုဆိုနှင့် ဧည့်ခန်းထဲသို့ရောက်သော် အောင်အောင်က ဖတ်စရာစာအုပ်များကို ယူပေးလိုက်သည်။

“ရော့...ဒီမှာ ဒါက လစဉ်ထုတ်ကလေးဂျာနယ်တွေ၊ ဒါက ကာတွန်းစာအုပ်တွေ။ ကြိုက်တာဖတ်နော်”
“အေးအေ။ ဂျာနယ်တွေ အများကြီးပါလား။ ပျော်စရာကြီးနော်”
ဖြိုးပိုင်က အောင်အောင်အိမ်သို့ရောက်သော် ဖတ်စရာဂျာနယ်အစုံကို တွေ့လိုက်ရ၍ မျောက်အုံးသီးရသည့်နှယ် အလွန်ပျော်သွားသည်။
“ဟုတ်တယ်။ ငါ့မေမေက ငါဖတ်ဖို့ လတိုင်းဝယ်ပေးတာလေ”

 ဖြိုးပိုင်သည် တနေ့လည်လုံးမမောတန်း ဂျာနယ်စာအုပ်များကို ဖတ်နေတော့သည်။ ဒီလိုနှင့်  ညနေစောင်းသို့ရောက်သော်
“အောင်အောင်... မိုးချုပ်တော့မှာမို့ ငါပြန်တော့မယ်နော်။ ဒါပေမယ့် ဆက်ပြီးလည်း ဖတ်ချင်သေးတယ်။ ဒီစာအုပ်တွေ ငါ့ကို ခဏငှားပေးလို့ရမလား။ ကျောင်းပြန်တက်တဲ့နေ့ ငါပြန်ယူလာပေးမယ်လေ”
“အေးအေ... ရပါတယ်”

ဒီလိုနှင့် ဖြိုးပိုင်သည် ကျောင်းအားရက်များတွင် သူငယ်ချင်းအောင်အောင်ထံသို့သွားကာ ဂျာနယ်များ၊ ကာတွန်းများ ဖတ်ဖြစ်သည်။ အောင်အောင်သည်လည်း ဖြိုးပိုင်လာလည်၍ ပျော်နေမိသည်။


~~~~~
 
 
ယခုတစ်ပတ်နွေရာသီကျောင်းပိတ်ရက်တွင် ဖြိုးပိုင်မလာ၍ အောင်အောင် မျော်နေမိသည်။ “ ဟိုတစ်ပတ်က စာမေးပွဲရှိလို့ မလာပေမယ့် ဒီတစ်ပတ်က ဘာလို့မလာတာလည်း မသိဘူး” ဟု တွေးနေမိသည်။ ထို့နောက် စာအုပ်စင်မှ စာအုပ်များကို စီနေလိုက်သည်။
“အို...ငါ့ဂျာနယ်တစ်ချို့ မတွေ့ပါလား။ ငါ သေသေချာချာ အစဉ်လိုက်စီထားတာပဲ။ ဖြိုးပိုင်လည်း ငှားထားတဲ့ စာအုပ်တွေ ပြန်ပေးပြီးပြီပဲ။ ဘယ်လိုကြောင့် ပျောက်နေရတာလဲ”
ဂျာနယ်များ၊ ကာတွန်းစာအုပ်များကို စနစ်တကျ အတွဲလိုက်ထားထားသော်လည်း ဂျာနယ်တစ်ချို့ပျောက်နေသည်ကို တွေ့လိုက်ရ၍ အောင်အောင်ဗျာများသွားရသည်။
 
“အရင် ဖြိုးပိုင် အိမ်မလာလည်ခင်က ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ ငါမသိအောင် ဖြိုးပိုင် တိတ်တိတ်လေး ယူသွားတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ဒီတပတ်အိမ်မလာတာ ဖြစ်ရမယ်။ တွေ့မှ အပြတ်ပြောပြစ်လိုက်မယ်” ဟု စိတ်ထဲ တေးထားလိုက်သည်။
 
သို့နှင့် တရက်တွင်
“အောင်အောင်ရေ...အောင်အောင်”
အသံကြားသည်နှင့် ခြံတံခါးဝသို့ အောင်အောင်သွားလိုက်သည်။
“အောင်အောင်... ငါ စာအုပ်လာ...”
ဖြိုးပိုင်ပင် စကားမဆုံးသေး
“ဖြိုးပိုင်၊ နင် ငါ့ဂျာနယ်တွေ ငါမသိပဲ ခိုးသွားတယ်မလား။ နင် ငှားဖတ်ချင်တယ်ဆိုလို့လည်း ငါ ငှားပေးခဲ့တာပဲ။ သူများမသိပဲ ယူသွားတယ်ဆိုတာ ခိုးတာနဲ့ အတူတူပဲ။ အကျင့်မကောင်းတဲ့သူဆိုရင် ငါမခင်ချင်ဘူး။ နင့်ကို စာအုပ်တွေ ပေးမဖတ်တော့ဘူး။ ပြန်သွားတော့”
ဟု ဒေါသတကြီး ပြောပြစ်လိုက်သည်။
“ငါ မခိုးပါဘူး အောင်အောင်။ တကယ်ပြောတာပါ။ နင် ငါလာတာ မကြိုက်ရင်လည်း ပြန်ပါတော့မယ်” ဟု
ဖြိုးပိုင်က မျက်နှာသူငယ်နှင့် ပြောနေရှာသည်။ အောင်အောင်သည် ဖြိုးပိုင်ပြောသည်ကို အရေးမလုပ်ပဲ လှည့်ထွက်လာခဲ့လိုက်သည်။
 
~~~~~
 
တစ်နေ့၌ 
“အောင်အောင်ရေ...၊ အောင်အောင်”
ခြံထဲမှ ဖေဖေ့ခေါ်သံကြောင့် အောင်အောင်သွားလိုက်သည်။
“သားရေ ဖေဖေ့ကို လာကူပေးပါအုံး။ ဒီမှာ အဝတ်လန်းတဲ့ကြိုးပြတ်သွားလို့ ကားဂိုတောင်ထဲမှာထားတဲ့ သံကြိုးနဲ့ တူသွားယူပေးအုံး”
“ဟုတ်ကဲ့”
သို့နှင့် ကားဂိုတောင်သို့ ရောက်သော်
“ဝုတ်ဝုတ်...၊ ဝုတ်ဝုတ်”
ခွေးဟောင်သံကို ကြားလိုက်ရသည်။ သို့နှင့် ခွေးလေးခွေနေသည့် အနီးသို့သွားကြည့်လိုက်သည်။
“ဟင်...စာရွက် အပိုင်းအစတစ်ချို့ပါလား။ ကျားဘို၊ နင်ဒီမှာ ဘာလာလုပ်တာလဲ။ သွား ...သွား”
ပျောက်နေသည့် ဂျာနယ်စာရွက်အပိုင်းအစတစ်ချို့ကို တအံ့တသြတွေ့လိုက်ရသည်။

သို့နှင့် သံကြိုးနှင့်တူကိုပင် ယူရန်သတိမရတော့။ ဖေ့ဖေဆီသို့ အလျင်အမြန်ပြေးသွားကာ
“ဖေဖေရေ...ဖေဖေ သားရဲ့ပျောက်သွားတဲ့ ဂျာနယ်တွေကို တွေ့ပြီ။ ဖြိုးပိုင် ခိုးသွားတာ မဟုတ်ဘူး။ ကျားဘိုက ကားဂိုတောင်ထဲကို ယူသွားတာ။ ကားဂိုတောင်ထောင့်မှာ မွစာကြဲနေတာပဲ”
ဟု ဖေ့ဖေကို အလောတကြီး ပြောပြလိုက်သည်။
“ဖေဖေ ပြောခဲ့သားပဲ။ သားသူငယ်ချင်း ယူသွားတာ မဖြစ်နိုင်ပါဘူးလို့။ ကဲ...နောက်ဆိုရင် သူများကို အလျင်စလို ဝေဖန်အပြစ်တင်ပြီး ဆုံးဖြတ်တာမျိုးကို ဆင်ခြင်ရမယ်နော်”
“ဟုတ်ကဲ့ပါဖေဖေ။ သား သဘောပေါက်ပါပြီ။ နောက်ဆို သားဆင်ခြင်ပါ့မယ်”

ပျောက်သွားသော ဂျာနယ်များကို ပြန်တွေ့လိုက်ရ၍ အောင်အောင် ပျော်သွားမိသည်။ ထို့ပြင် မိမိ၏ အလျင်စလို ဆုံးဖြတ်၍ ပြောမှားဆိုမှားခဲ့မူ့အတွက် ဖြိုးပိုင်အား တောင်းပန်ရန်လည်း ဆုံးဖြတ်လိုက်ပါသည်။ နောင်တွင် သူတစ်ပါးအား သေချာမသိပဲ အလျင်စလို ဝေဖန်ုခြင်းများ မပြုလုပ်တော့ဟု အသိတရားရလိုက်သည်က ပို၍ဝမ်းမြောက်သွားရပါတော့သည်။






မှတ်ချက်။ ။ “ရွှင်ပြုံး” ကလေးဂျာနယ်တွင် ဖော်ပြခြင်းခံရဖူးသည့် ကလေးဝတ္ထုတိုအား ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ ဤကလေးဝတ္ထုတိုသည် ကျွန်မဘဝတွင် ပထမဦးဆုံး ခဲစာလုံးအဖြစ် ဖော်ပြခြင်းခံရသည့် ဝတ္ထုတိုလည်းဖြစ်သည်။ ဇတ်လမ်းကျောရိုးတူသော်လည်း ယခုတစ်ကြိမ် ဤနေရာတွင် ပြန်လည်ရေးသားရာ၌ ဂျာနယ်တွင်ဖော်ပြခြင်းခံရစဉ်က အရေးအသားများနှင့် ကွဲလွဲမူများရှိပါသည်။
 
 
 


Monday, February 4, 2013

ငွေရှင်


တစ်ချို့လူတွေက “လောကမှာ တန်ခိုးအရှိဆုံးအရာဟာ ငွေပါ” လို့ ပြောတတ်ကြတယ်။ ငွေနဲ့ အရာတော်တော်များများကို လုပ်ယူလို့ရတာကိုး။ ကျောင်းတက်ဖို့လည်း ငွေလိုတာပဲ။ ခရီးထွက်ဖို့လည်း ငွေလိုတာပဲ။ ထမင်းစားဖို့လည်း ငွေလိုတာပဲ။ မိန်းမယူဖို့လည်း ငွေလိုတာပဲ။ ကလေးမွေးဖို့လည်း ငွေလိုတာပဲ။ ဒါဆို လက်ထဲမှာ ငွေရှိမှ ဖြစ်တော့မယ်။

လူတွေ လက်ထဲမှာ ငွေရှိဖို့ နေ့မအား၊ ညမနား အလုပ်လုပ်ကြရတယ်။ ထမင်းရှင်ဆိုသူတွေကို အောက်ကြို့ရတယ်။ ပင်ပန်းမှုတွေနဲ့ နပန်းလုံးကြရတော့တယ်။ ပြီးတော့ ငွေရှင်တွေကို ခယကြရတယ်။ ဒီလိုပဲ ကျွန်မမှာလဲ ငွေရှင်ဆိုသူ ရှိတာပါပဲ။ ဒါပေမယ့် ကျွန်မရဲ့ ငွေရှင်ကတော့ ကျွန်မကို ပင်ပန်းကြီးစွာ အလုပ်တွေမခိုင်းပါဘူး။ လွယ်လွယ်ပြောရရင် တစ်ခုပေး တစ်ခုယူစနစ်နဲ့ ကျွန်မလိုအပ်တဲ့ ငွေတွေကို ပေးနေတဲ့သူလည်း မဟုတ်ပါဘူး။ တမ်းတရုံလေးနဲ့ ရလာတယ်ဆို စာဖတ်သူတို့ ယုံနိုင်ကြမလား။ တစ်ခါတစ်လေဆို တမ်းတစရာတောင် မလိုပါဘူး။ ရော့...ယူ ဆိုရုံပါပဲ။

ကျွန်မရဲ့ ငွေရှင်နဲ့ မိတ်ဆက်ပေးပါ့မယ်။ သူကတော့ ကျွန်မကိုးကွယ်နေတဲ့ ထာဝရဘုရားသခင်ပါပဲ။ အသက်ရှင်ပြီး အရာခပ်သိမ်းကို စိုးစံတဲ့ ဘုရားသခင်က ကျွန်မလိုအပ်နေတဲ့ ငွေတွေကို ဘယ်လိုပံ့ပိုးပေးခဲ့သလဲ ဆိုတာ ကျွန်မပြောပြပါ့မယ်။ မိတ်ဆွေတို့လဲ ထိုဘုရားရှင်ထံမှ မြည်းစမ်းရယူနိုင်ပါတယ်။



၁။ ထိုင်ဝမ်မှာ ကျောင်းတက်နေတဲ့ နေ့ရက်တစ်နေ့မှာပေါ့။ အတိအကျပြောရရင် ကျောင်းဖွင့်ခါစမှာ ကျောင်းလခတွေသွင်းပြီးလို့ လက်ထဲငွေပြတ်နေတဲ့နေ့။ ကျွန်မရဲ့ ကျောင်းလခကလဲ နဲနဲများတော့ ဒီလိုကျောင်းလခတွေ တစ်လုံးတည်းပေးလိုက်ပြီးတဲ့အခါ ငွေကပြတ်သွားတတ်ပါတယ်။ အဲဒီတစ်ခေါက်က တစ်ပြားဆို တစ်ပြားမှ မကျန်တဲ့အထိဖြစ်သွားပါတယ်။ ဒါပေမယ့် ကျွန်မမှာ ဘာခံယူချက်ရှိသလဲဆိုတော့ ကျွန်မကိုးကွယ်တဲ့ဘုရားဟာ အရာခပ်သိမ်းကို ပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။ အရာခပ်သိမ်းကိုလဲ ပေးပိုင်တယ်ဆိုတာ ကျွန်မရဲ့ နှလုံးသည်းခြေထိကို ယုံထားပါတယ်။ ဒါကြောင့် ဒီငွေအခက်အခဲကို ဘယ်သူ့ဆီမှာမှ မတောင်းဘူးဆိုတာပါပဲ။ ကျွန်မကို ဖန်ဆင်းထားတဲ့ ဘုရားရှင်ဟာ ကျွန်မလိုနေတဲ့ ငွေပမာဏကို သိတဲ့အပြင် အဲဒီငွေတွေကိုလည်း ပေးနိုင်တယ်ဆိုတာ လိုတရဆိုတဲ့ ဆောင်းပါးပါ အဖြစ်အပျက်ကနေလည်း ကျွန်မသိမြင်ထားပြီးပြီလေ။ ဒါကြောင့် လက်ထဲတစ်ပြားမှ မရှိပေမယ့် ကျွန်မကတော့ အေးဆေးပါပဲ။ တကယ်တော့ ငွေလည်းတကယ်လိုနေပါတယ်။ အိမ်ကို လှမ်းတောင်းရင်ရပေမယ့် ကျွန်မစိတ်ထဲကနေ တောင်းတနေတာကတော့ ဘုရားသခင်က ကျွန်မကို ဘယ်လိုနည်းနဲ့ ကူညီဖြေရှင်းပေးမလဲပေါ့။ ဘုရားလုပ်တဲ့နည်းတွေဟာ အလွန်အံ့သြနက်နဲဖွယ် ကောင်းတာမို့ ကျွန်မလည်း ဒီလိုပဲ ပေကပ်ကပ်နဲ့ လိုနေတဲ့ ငွေတစ်ချို့ကို ဘုရားဆီမှာ မျှော်နေခဲ့ပါတယ်။

အဲဒီအချိန်ဟာ ဆောင်းကုန်ခါစ နွေအကူးမို့ ဆောင်းကာလကဝတ်ခဲ့တဲ့ အနွေးထည်တစ်ချို့ကိုလျှော်ဖို့ ကျွန်မပြင်ဆင်ပါတယ်။ အင်္ကျီအိတ်ထဲမှာ အလွယ်တကူထည့်ထားတဲ့ ဖြတ်ပိုင်းတို့၊ တစ်သျှူးတို့များရှိမလားဆိုပြီး တစ်ထည်ပြီးတစ်ထည် စမ်းသပ်နေမိပါတယ်။ ဒီလိုနဲ့ အသားရောင်အနွေးထည် အင်္ကျီ
 အလှဲ့ရောက်တော့  အတွင်းမှာရှိတဲ့ အိတ်ကပ်တွေကစစမ်းပြီး အပြင်ကအိတ်ကပ်နှစ်ဘက်လဲ ပြီးရော နောက်ထပ် ဇစ်ပိတ်ထားတဲ့ အပေါ်အိတ်ကပ်သေးလေးကို စမ်းဖို့လုပ်ပါတယ်။ အိတ်ထဲလက်နှိုက်ကြည့်လိုက်တော့ အလားလား.... စနစ်တကျ ခေါက်ရက်သားရှိနေတဲ့ ထိုင်ဝမ်ငွေ (၁၀၀၀) ထွက်လာပါတော့တယ်။ ကျွန်မလက်ပေါ်ရောက်လာတဲ့ အဲဒီငွေ(၁၀၀၀)ကို မျက်လုံးပြူးမျက်စံပြူးပြီး ကြည့်နေမိပါတော့တယ်။ ယုံနိုင်စရာ မရှိအောင်ပါပဲ။ အင်္ကျီအိတ်ကပ်တွေထဲမှာ ငွေတွေထည့်တတ်တဲ့အကျင့် ကျွန်မမှာ မရှိပါဘူး။ အမှတ်မှားလို့ ထည့်တယ်ထားအုံး ငွေစက္ကူအရွက်ကြီး (၁၀၀၀)တန် အသစ်စက်စက်ကို ထည့်ဖို့အကြောင်းမရှိပါဘူး။ ပြန်အန်းငွေတွေသာ ထည့်ထားဖို့ ဖြစ်နိုင်ပါသေးတယ်။ ကျွန်မချက်ချင်းသိလိုက်ပါပြီ။ ဘုရားသခင်က ကျွန်မရဲ့ အခက်အခဲကို ဖြေရှင်းပေးခြင်းသက်သက်သာပါ။ ကျွန်မအတွက် ထမင်းတစ်နပ်ကို ထိုင်ဝမ်ငွေ(၅၀)ဖိုးနဲ့ ကောင်းကောင်းဝတဲ့နေ့ရက်တွေမှာ (၁၀၀၀)တန်ကို မျက်လှဲ့ပြသလို ရလိုက်တဲ့အတွက် (၁)ပတ်စာအတွက် ကောင်းကောင်းလုံလောက်သွားခဲ့ရပါတယ်။ ဒီအံ့သြဖွယ်အဖြစ်အပျက်ကို ကျွန်မအမေ့ကို ပြောပြတော့   “သမီးအဒေါ်များထည့်ထားပေးသလားမသိ”ဆိုပြီး ပြောပါသေးတယ်။ ဘာလို့ဆို ဒီအနွေးထည်လေးက ကျွန်မရဲ့အဒေါ် ဂျပန်ကနေ ပို့လိုက်တဲ့ လက်ဆောင်မို့ပါ။ ဂျပန်မှာနေတဲ့ အဒေါ်က ထိုင်ဝမ်ငွေကို ဘယ်လိုလုပ်ထည့်ထားပေးမှာလဲ။ အလုပ်များတဲ့အဒေါ်က (၁၀၀၀) တန်တစ်ရွက်လောက်နဲ့ အလုပ်ရှုပ်ခံလဲပြီး ထည့်ထားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ သူကျွန်မကိုပေးတဲ့ မုန့်ဖိုးငွေတွေဟာလည်း ဂျပန်ငွေတွေသာ ပေးဖူးပါတယ်။ ဘုရားသခင်မှ မလုပ်ရင် ဒီငွေ(၁၀၀၀)ဟာ ကျွန်မအိတ်ကပ်ထဲ ရောက်လာစရာအကြောင်းမရှိပါဘူး။ ကျွန်မအမေလည်း ဘုရားသခင်ရဲ့ ဂရုဏာကို ပိုပြီးသိမြင်သွားခဲ့ပါတယ်။ မောရှေခေတ်က ကျောက်တုံးကနေ ရေထွက်အောင် လုပ်ပေးနိုင်တဲ့ ဘုရားက ယနေ့ခေတ်မှာ ကျွန်မအင်္ကျီအိတ်ထဲကနေ ငွေထွက်လာအောင်လုပ်နိုင်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်လို့ မဆုံးဖြစ်ရပါတယ်။ ဟာလေလုယာ။



၂။ ဆရာဒေးဗစ်လားပြောသလို ဘုရားဟာ super natural နဲ့အလုပ်လုပ်တဲ့ဘုရားဆိုတာ တကယ်မှန်ပါတယ်။ ဘုရားကို သာမန်ယုံရင် သာမန်လေးပဲရပါလိမ့်မယ်။ ဘုရားဟာ သဘာဝထက်လွန်ကဲပြီး တတ်နိုင်တယ်ဆိုတာ ယုံရင် အဲဒီအတိုင်း မြင်တွေ့ခံစားရပါတယ်။ ထိုင်ဝမ်နိုင်ငံမှာ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အလုပ်လုပ်ရင် လုပ်ခရဲ့ရာခိုင်နှုန်းတစ်ချို့ကို အစိုးရက အစပိုင်းမှာ ဖြတ်ထားတတ်ပါတယ်။ နောက်သတ်မှတ်ထားချိန်ရောက်ရင်တော့ လျှောက်လွှာခေါ်စာနဲ့တကွ ဆိုင်ရာရုံးကိုသွားပြီး ပြန်ထုတ်ယူခွင့်ရှိပါတယ်။ ကျွန်မ ကျောင်းတက်စဒုတိယနှစ်မှာ စာကြည့်တိုက်ရဲ့ အချိန်ပိုင်းအလုပ် လုပ်ဖူးပါတယ်။ တစ်နှစ်လောက်လုပ်ပြီးတော့ ဖြတ်ထားတဲ့ငွေတွေကို ပြန်ထုတ်ယူခွင့်လျှောက်လွှာ ကျလာပါတယ်။ ဒါကြောင့် ကျွန်မနဲ့ သူငယ်ချင်းနှစ်ယောက်စုပြီး ရုံးကို သွားခဲ့ကြတယ်။ ရုံးရောက်တော့ လျှောက်လွှာစာရွက်ပေါ် လိုအပ်တာတွေဖြည့်ပြီး သုံးယောက်သား ကိုယ်စီကောင်တာမှာ သွားလိုက်ကြတယ်။ ကျွန်မအတွက် ပထမဦးဆုံးအတွေ့အကြုံမို့ သိပ်တော့နားမလည်ပါဘူး။ သူတို့မေးတာဖြေ၊ လိုတာပြော၊ ပေးတာယူပါပဲ။ ရုံးကထွက်လာကြတော့ သူငယ်ချင်းက မေးပါတော့တယ်။

“မင်မင် နင်ဘယ်လောက်ရလဲ”
“၁၅၂၅၈”
“ဘာ... (၁၅၂၅၈)။ ငါတောင်ဒီလောက်မရဘူး” ကျွန်မသူငယ်ချင်းက အရမ်းအံ့သြသွားပါတော့တယ်။
“အေ...ဟုတ်တယ်။ ဘာလို့ဒီလောက်များနေရလဲ ငါလဲမသိဘူး” ကျွန်မလည်း ကိုယ့်ဟာကိုယ် အံ့သြပြီး ဖြေမိပါတယ်။
“နင်က ငါတို့လောက်လဲ အလုပ်လုပ်တာမဟုတ်ဘူး။ ဖြတ်ငွေက ဒီလောက်များစရာအကြောင်း မရှိပါဘူး။ နာမည်မှားပြီး ပေးလိုက်သလားမသိ” ကျွန်မရတဲ့ငွေက အရမ်းများနေတဲ့အတွက် ကျွန်မထက် အလုပ်ကို သဲကြီးမဲကြီး လုပ်ထားတဲ့ သူငယ်ချင်းက သဝန်တိုတဲ့ လေသံတောင် ဟလာပါတော့တယ်။
“အေ...မသိတော့ဘူး။ ကွန်ပျူတာက မှားနိုင်စရာအကြောင်းလဲ မရှိပါဘူး။ ငါ ဒီလောက် အလုပ်လုပ်ထားတာလဲ မဟုတ်ဘူး”

ကျွန်မသူငယ်ချင်းကတော့ ကျောင်းစာထက် ငွေရဖို့သာ အားထုတ်နေသူပါ။ လွန်ခဲ့တဲ့နှစ်က ကျောင်းနားပြီး အပြင်မှာ အလုပ်လုပ်ခဲ့တဲ့အတွက် အခြားအခွန်ပေးဖို့ကျန်ရှိနေသေးတဲ့  ငွေတွေကိုပါ ယခုရငွေထဲက တပါတည်း ဖြတ်ခြင်းခံလိုက်ရပါသေးတယ်။
သူ့မှာ အလုပ်ကို စနေ၊တနင်္ဂနွေပါမကျန် နေ့မအား၊ ညမနားလဲ လုပ်သေးတယ်။ နောက်ဖြတ်ငွေလာထုတ်တော့ ကျွန်မရတဲ့ငွေက သူ့ထက်ပိုများနေတယ်ဆိုတော့ စိတ်ထဲကနေ ကျိတ်မနိုင်ခဲမရ ဖြစ်နေရှာပါတော့တယ်။ အဲဒီနေ့က တလမ်းလုံး တပြစ်တောက်တောက်ပြောမဆုံးတဲ့အပြင် နောင်စကားကြုံတိုင်းလဲ ပြောတတ်ပါသေးတယ်။ ကျွန်မလဲ ထင်ထားတာထက် မမျော်လင့်ပဲ ငွေတွေရလိုက်တော့ အံ့သြနေမိပါတယ်။ ဒီရလိုက်တဲ့ငွေတွေကြောင့် နောက်တစ်နှစ်စာသင်နှစ် ကျောင်းလခအတွက် (၃)ပုံ(၁)ပုံ ရင်ချောင်သွားရပါတော့တယ်။ ဒီငွေစာရင်းက မှန်ကောင်းမှန်နိုင်သလို၊ မှားကောင်းလဲမှားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနာမည်စာရင်းထဲကို “ဆိုင်းမဆင့်၊ ဗုံမဆင့် ” ရောက်လာအောင် ဘုရားသခင်မှ တစ်ပါး ဘယ်သူထည့်ပေးနို်င်ပါအုံးမလဲ။ ဘုရားသခင်ကို ကျေးဇူးတင်လို့ မဆုံးဖြစ်ရပါတယ်။ ဟာလေလုယာ။



၃။ ကျွန်မတက်တဲ့ တက္ကသိုလ်ကျောင်းမှာ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ခါ ပျော်ပွဲစားလုပ်ပေးလေ့ရှိပါတယ်။ လိုက်ပါချင်တဲ့ကျောင်းသားကျောင်းသူများဟာ နာမည်စာရင်းသွင်းခအနေနဲ့ ထိုင်ဝမ်ငွေ(၁၀၀)ပေးရပါတယ်။ ဒါပေမယ့် ဒီငွေ(၁၀၀)ကို ပျော်ပွဲစားပြန်လာတဲ့အခါ ပြန်အမ်းပေးပါတယ်။ ဒါ့အပြင် လည်ပတ်စရိတ်ငြိမ်း သွားခွင့်ရပါသေးတယ်။ ကျွန်မသူငယ်ချင်းလည်း ကျွန်မအတွက်ပါ တခါတည်း နာမည်စာရင်းပေးလိုက်ပြီးတဲ့အတွက် သွားလည်ခဲ့ပါတယ်။ အဲဒီနှစ်က တောင်တက်ခရီးစဉ်မို့ အစက လိုက်ရမှာ အင်တင်တင်ြဖစ်နေပါသေးတယ်။ စိတ်ကလည်း ဘယ်မှသွားလည်ချင်စိတ် မရှိတဲ့အချိန် ဖြစ်နေတယ်။ ဒါပေမယ့် ကျောင်းသူဘဝဆိုတော့ သိတဲ့အတိုင်း တစ်နေ့စာ စားစရိတ်၊ လည်စရိတ်ငြိမ်းဆိုတော့ လိုက်သွားလိုက်ပါတယ်။ ဒီလိုနဲ့ နိုင်ငံတကာက ကျောင်းလာတက်ကြတဲ့ အပြည်ပြည်ဆိုင်ရာလူမျိုးတွေနဲ့ တခဏတာ ရင်းနှီးလည်ပတ်ခွင့်ရလိုက်ပါတယ်။ ဖြူသူ၊ ညိုသူ၊ ဝါသူ၊ မဲသူ အစုံပါပဲ။ တောင်တက်ရင်း ပျော်ပျော်ပါးပါး မိတ်ဆက်ကြ၊ နှုတ်ဆက်ကြပေါ့။ ဒီလိုနဲ့တောင်အတက်မှာတော့ တတပ်တအား ခြေတွက်ခဲ့ပေမယ့်၊ တောင်အဆင်းမှာတော့ ကျွန်မနဲ့သူငယ်ချင်းတစ်ချို့ နောက်မှာပြတ်ကျန်ခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် နေထိုင်မကောင်းဖြစ်သွားရတာကြောင့် တစ်ခြားသူတွေနဲ့တော်တော်လေး ပြတ်ကျန်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ခဏကြာတော့ တောင်ခြေမှာ ကျွန်မတို့ကိုထိုင်စောင့်နေတဲ့ ကျောင်းရုံးဝန်ထမ်းတစ်ချို့နဲ့ အခြားကျောင်းသူကျောင်းသားတစ်ချို့ကို တွေ့လိုက်ရပါတယ်။

“လာကြ၊ လာကြ။ နင်တို့ကို စောင့်နေကြတာ။ ဒီမှာ မဲလည်း လာနှိုက်ကြပါအုံး”
တောင်တက်အပြီးမှာ နောက်ဆုံးအနေနဲ့ ကံစမ်းမဲမဲနှိုက်တဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။ မဲနှိုက်တိုင်း ပေါက်လေ့ပေါက်ထ မရှိတတ်သူမို့ ကျွန်မကတော့ စိတ်သိပ်ပါလှတာမဟုတ်ပါဘူး။ ဒီလိုပဲ စိတ်မပါတပါ နှိုက်ဆိုလည်း နှိုက်လိုက်တာပါ။
“အို အံ့သြစရာပါပဲ”
 မဲမပေါက်တတ်တဲ့ ကျွန်မက ထိုင်ဝမ်ငွေ(၃၀၀)ပေါက်သွားပါတယ်။ ဘယ်သူက လျှပ်စစ်မီးဖိုပေါက်တယ်။ ဘယ်သူက ပန်ကာပေါက်တယ်နဲ့ ကြားနေရပါတယ်။ ကျွန်မအတွက် အဲဒီပစ္စည်းတွေဟာ ဘာမျှအရေးမကြီးပါဘူး။ ကျွန်မပေါက်တဲ့ ပိုက်ဆံ(၃၀၀)ကသာ ကျွန်မအတွက်တော့ အဲဒီအချိန်မှာ ရွှေပါပဲ။ တကယ်ပဲ ရေခမ်းနေတဲ့အချိန်ပါ။ မဲစာရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကျွန်မလက်တွေတောင် တဆစ်ဆစ်တုန်သွားပါတယ်။ ကျွန်မနှုတ်ကနေ ပြောနေမိတာကတော့ “ကျေးဇူးတင်ပါတယ် ဖဘုရားသခင်။ ကိုယ်တော် သမီးကို ပြစ်မထားဘူးဆိုတာ သမီးပိုပြီးနားလည်ယုံကြည်ရပါပြီ”။



၎။ နွေရာသီကျောင်းပိတ်ရက်(၂)လတာမှာ ဆောက်လုပ်ရေးအင်ဂျင်နီယာကုမ္ပဏီတစ်ခုသို့သွားပြီး လက်တွေ့ဆင်းခဲ့ဖူးပါတယ်။ ကျွန်မနေတဲ့အိမ်ကနေ ဘက်စကားစီး၊ ပြီးတော့ မြေအောက်မီးရထားစီးပြီး နောက်ထပ်(၁၅)မိနစ်လောက်လမ်းလျှောက်မှ အဲဒီဆိုက်ကို ရောက်တာပါ။ အချိန်ပိုအလုပ်ဆင်းရတဲ့ 
တစ်နေ့မှာပေါ့။ ကျွန်မက လက်တွေ့ဆင်းတဲ့သူမို့ တစ်ခြားအင်ဂျင်နီယာတွေပြန်မှ သိမ်းဆည်းစရာတွေကို တစ်ချက်ပြန်ကြည့်ပြီးမှသာ ပြန်ခဲ့တယ်။ ဒါနဲ့ လုပ်ဖော်ဆောင်ဖက်တွေ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီး ပြန်သွားကြပြီ။ ဒီလိုနဲ့ နောက်ဆုံးကျွန်မလည်း ပြန်ဖို့လုပ်ပါတယ်။ အဲဒီအချိန်မှသာ ကျွန်မပိုက်ဆံအိတ်ထဲ ပိုက်ဆံမရှိတော့တာ သတိထားမိပါတယ်။ ပိုက်ဆံထုတ်ဖို့ ကဒ်လည်းမပါခဲ့တာမို့ ဘာလုပ်ရမှန်းမသိဖြစ်သွားရတယ်။ အဲဒီဆိုက်ပတ်ဝန်းကျင်မှာ ကျွန်မသိတဲ့သူဆိုတာလည်း မရှိပါဘူး။ ရုံးမှာနေကြတဲ့ အင်ဂျင်နီယာတွေကလည်း ယောကျာ်းတွေပဲမို့ ညအချိန်မှာ သွားတောင်းဖို့လည်း မသင့်တော်ပြန်ဘူး။ ပိုက်ဆံမပါရင် ဘယ်လိုအိမ်ပြန်ရမယ်မှန်း မသိဖြစ်ရတော့တယ်။ “တက္ကစီငှားစီးသွားလိုက်မယ်။ နောက်အိမ်ရောက်မှ ခဏစောင့်ခိုင်းလိုက်ပြီး ပိုက်ဆံပေးလိုက်ရမလား ” ဆိုပြီးလည်း စဉ်းစားမိပြန်ပါတယ်။ အို...ဒါလည်းအဖြစ်ချေပါဘူး။ အိမ်နဲ့ ဆိုက်နဲ့ကလည်း ဝေးတဲ့အတွက် တက္ကစီငှားစီးရင် ကုန်မယ့် ပိုက်ဆံအတွက်လည်း နှမျောမိပြန်ပါတယ်။

 ဒါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကတော့ လမ်းဖွင့်ပေးလိမ့်မယ်ဆိုပြီး လမ်းလျှောက်လာတာ ခြေလှမ်း(၁၀)လှမ်းလောက်အရောက်မှာ “မင်မင် ...ခုမှ ပြန်တာလား” ဆိုပြီး ညမှောင်မှောင်ထဲမှာ ကျွန်မရဲ့နာမည်ခေါ်သံကို ရုတ်တရက်ကြားလိုက်ရပါတယ်။ ဒါနဲ့ ကျွန်မခေါင်းမော့ကြည့်လိုက်တော့ ကျွန်မတို့ဆောက်လုပ်နေတဲ့ အဆောက်အဦးပိုင်ရှင်တွေရဲ့ အင်ဂျင်နီယာအဖွဲ့ထဲက ခေါင်းဆောင်ကို တအံ့တသြတွေ့လိုက်ရပါတော့တယ်။
“ဟုတ်ပါတယ်။ ချန်စီးရှုံး ...ပိုက်ဆံပါလား”
တွေ့တာနဲ့ ပိုက်ဆံပါလားဆိုပြီး မေးလိုက်တော့ သူနဲနဲတော့ ကြောင်သွားပါသေးတယ်။
ကျွန်မရဲ့  အခက်အခဲကို ပြောပြပြီး အကူအညီတောင်းလိုက်တဲ့အခါမှ သူ့မှာပါတဲ့ ပိုက်ဆံအကြွေတွေအားလုံးကို ကျွန်မကိုပေးလိုက်ပါတော့တယ်။
“မနက်ဖြန် အလုပ်မှာ ပြန်လာပေးပါ့မယ်”
“ရတယ်..ရတယ်။ လောက်ရဲ့လားမသိဘူး။ ငါ့အိမ်က ဒီနားမှာပဲလေ။ ညလမ်းလျှောက်ထွက်တာ ပိုက်ဆံလည်း ဒီလောက်ထည့်မလာဘူး”
“လောက်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်”

အဲဒီအင်ဂျင်နီယာကို မထင်မှတ်ပဲတွေ့လိုက်ရလို့ ကျွန်မတကယ်ပဲပျော်သွားရပါတယ်။ တကယ်ဆို အလုပ်ခွင်ထဲမှာ သူနဲ့ စကားတောင် သိပ်မပြောဖူးပါဘူး။ ပိုင်ရှင် အင်ဂျင်နီယာအဖွဲ့ထဲက ခေါင်းဆောင်ဖြစ်တာမို့ အလုပ်ခွင်ထဲမှာ ကျွန်မတို့အဖွဲ့ကို အရမ်းတင်းကြပ်ထားတဲ့အတွက် နဲနဲတော့ရှိန်နေခဲ့တဲ့သူပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြုံတော့ ကျွန်မကို ကူညီပေးခဲ့ပါတယ်။ ကျွန်မကို အသေးစိတ် ကူညီလမ်းပြပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်လို့မဆုံးတော့ပါ။ ဘုရားရှင်ဟာ ကျွန်မကို နည်းလမ်းပေါင်းစုံနဲ့ ငွေတွေပံ့ပိုးပေးနေတဲ့ ငွေရှင်ပါပဲ။



၅။ တက္ကသိုလ်တက်တဲ့အခါမှာ ဖတ်စာအုပ်တွေဟာ ဈေးကြီးတဲ့အတွက် တော်ရုံနဲ့ ကျွန်မအသစ်မဝယ်ပါဘူး။ စာကြည့်တိုက်မှာ ငှားလို့ရရင်ငှားတယ်။ ကူးလို့ရရင်ကူးတယ်။ ဒါပေမယ့် တစ်ကြိမ်တော့ မဝယ်မဖြစ် ဝယ်လိုက်ရပါတယ်။ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ စာအုပ်ဝယ်တဲ့သူတွေကို ရောင်းပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီအချိန်ဟာ ကျောင်းဖွင့်စဖြစ်တာမို့ လက်ထဲငွေကလဲ ပြတ်နေပါတယ်။ စာအုပ်ဖိုးက (၂၆၀) ပါ။ ကျွန်မမှာလည်း လတ်တလောစားဖို့လောက်ပဲ ပိုက်ဆံရှိတော့တာမို့
စာအုပ်ဖိုးမပေးနိုင်သေးတဲ့အတွက် နောက်တစ်ပတ် ကျောင်းမသွားတော့ပဲ တစ်ပတ်ခြားမှ သွားရမလားဆိုပြီး စိတ်ကူးနေလိုက်ပါတယ်။ ဒီလိုနဲ့ အင်္ဂါနေ့ရောက်တော့ တစ်ခြားအတန်းတစ်တန်းကို သွားတက်ပါတယ်။ အဲဒီမှာပဲ လက်ထောက်ဆရာမက ကျွန်မကိုတွေ့တာနဲ့
“မင်မင် ရော့...ဒါနင့်ကိုပေးတာ”
ကျွန်မကြည့်လိုက်တော့ ပိုက်ဆံတွေဖြစ်နေတယ်။
“ဆရာမ ...ဘာလို့ ကျွန်မကို ဒီပိုက်ဆံတွေ လာပေးရတာလဲ”
ကျွန်မ ဒီလိုမေးလိုက်တော့
“ဟိုတစ်ခေါက် အတန်းသားအားလုံးလေ့လာရေးသွားတုန်းက ကောက်ယူထားတဲ့ငွေတွေပိုလို့ အားလုံးအချိုးကျ ပြန်ဝေပေးတာ။ အဲဒါ နင်က ဟိုအပတ်က ကျောင်းလာမတက်လို့ ခုမှပေးရတာ”
ဆရာမပေးတဲ့ ပိုက်ဆံကို ကျွန်မလက်ခံယူလိုက်ပါတယ်။
အို...။ ကျွန်မသက်ပြင်းချမိပါတော့တယ်။ ဘုရားသခင်ဟာ တကယ်တန်ခိုးရှိတဲ့ ဘုရားပါပဲ။ မနက်ဖြန် ပေးဖို့လိုနေတဲ့ပိုက်ဆံကို ဒီနေ့လက်ထဲအရောက် ပို့လာပါတယ်။ ဆရာမပေးလာတဲ့ပိုက်ဆံက (၂၉၀)ပါ။ ကျွန်မလိုတာက(၂၆၀)။ ပိုတောင်ပိုနေပါသေးတယ်။ အာလူးကြော်တစ်ထုတ်တောင် ဆွဲလို့ရပါသေးတယ်။ ဘုရားသခင်ဟာ အချိန်မှီ ပံ့ပိုးပေးနိုင်တဲ့ ဘုရားဖြစ်မှန်း ကျွန်မသက်သေရသွားပါပြီ။ ဟာလေလုယာ။


ဘုရားသခင်က ငွေနဲ့ ပတ်သက်ပြီး သူ့ကို အားကိုးလို့ရကြောင်း အဖြစ်အပျက်တော်တော်များများနဲ့ ကျွန်မကို လက်တွေ့ပြခဲ့ပါတယ်။ ဒါကြောင့် ခုဆိုရင် ငွေနဲ့ပတ်သက်လာရင် ကျွန်မပိုပြီး သတ္တိရှိလာပါတယ်။ ဒါ့အပြင် ဘုရားသခင်ဟာ အသေးစိတ်မှအစ ကူညီပေးနိုင်ပါသေးတယ်။ ကျွန်မတို့ ရဲရင့်စွာယုံကြည်ဖို့ပဲ လိုပါတယ်။ ဥပမာ ထမင်းဟင်းချက်ပြီးသားတွေကို အလေးချိန်စနစ်နဲ့ရောင်းတဲ့ဆိုင်မှာ ကျွန်မအိတ်ထဲ ငွေ (၄၅) ပဲပါလို့ တထင့်ထင့်နဲ့သွားဝယ်စားလည်း ငွေရှင်းတဲ့အခါ(၄၅) ကွက်တိဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်ပေါင်းလည်း မနဲတော့ပါဘူး။ ဒါကြောင့် ခုဆိုရင် ကျွန်မဘာပဲလုပ်လုပ် ပိုက်ဆံအိတ်ထဲက ငွေကို ကြည့်ပြီး အလုပ်မလုပ်တော့ပါဘူး။ ကျွန်မတို့တွေဟာ ငွေကြောင့် စိုးရိမ်မှုတွေဖြစ်တတ်ကြတာ တကယ်တော့ ရယ်စရာကောင်းလှပါတယ်။ ငွေရှင်တစ်ယောက်လုံးကို ကျွန်မတို့သိကျွမ်းထားမှတော့ သူ့ဆီကသာ မျှော်ကိုးသင့်ပါတော့တယ်။
ကျွန်မတို့မျှော်ကြည့်ရမယ့်အရာဟာ ငွေရှင်ဖြစ်တဲ့ ထာဝရဘုရားသခင်ကိုပဲ ဖြစ်တယ်ဆိုတာ ကျွန်မကောင်းကောင်းသိသွားခဲ့ရပါပြီ။




ကျမ်း။။ ရှင်မဿဲခရစ်ဝင် ၆း ၂၅-၂၇ 
 
၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည် ဟုကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက်ကိုယ်မြတ်သည်မဟုတ်လော။
၂၆ မိုဃ်းကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင် ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်းကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
၂၇ အဘယ်သူသည်စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။