Pages

Wednesday, December 14, 2011

စက်ဘီးစင်

ကျွန်မတို့ နေ့စဉ်ဒူဝ သွားလာနေတဲ့အခါ အခြေခံအကျဆုံး သယ်ယူပို့ဆောင်ရေး ယာဉ်ငယ်ကို ပြပါဆိုလျှင် စက်ဘီးဟုသာ ပြောရပေမည်။ ငွေကြေးစရိက္ခကုန်ကြမှု သက်သာသကဲ့သို့၊ စက်ဘီးစီးခြင်းဖြင့် တဖက်လှည့်အနေနှင့် အပန်းလည်းပြေ ကျန်းမာရေးအနေနှင့်လည်း အကျိုးပြုနိုင်သေးသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် စက်ဘီးစီးသူ ဦးရေများလျော့ကြမသွားနိုင်ဟု ကျွန်မထင်မြင်မိပါသည်။


ကျွန်မပညာတက်ရောက်သင်ယူနေသည့် ထိုင်ဝမ်တက္ကသိုလ်တွင်လည်း စက်ဘီးစီးသူဦးရေ များမများ စက်ဘီးစင်များတွင် စက်ဘီးများရပ်နားရန်နေရာ မလောက်သည့် ပြဿနာများကိုကြည့်ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့်လည်း ကျောင်းအုပ်ချုပ်ရေး လူကြီးများက စက်ဘီးရပ်နားရန်စင်များကို ပုံစံမျိုးစုံဖြင့် ကျောင်းနေရာအနှံ့ တပ်ဆင်မွမ်းမံပေးထားသည်ကို မြင်တွေ့နေရသည်။ထိုအရာများကို မြင်ရလျှင် ကျွန်မတို့မြန်မာနိုင်ငံရှိ စက်ဘီးရပ်နားရန် စင်များပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ဖြည့်စွက်အကျိုးပြုနိုင်ရန် အမြင်ရ၍ ဤစာတန်းတိုလေးတစ်ခုကို ရေးရန်အကြောင်းဖြစ်လာပါသည်။
  • taiwan University တွင်တွေရသော စက်ဘီးစင်ပုံစံဆန်းများ





(ဒါကတော့ စက်ဘီးတစ်စီးစီအတွက် မဟုတ်ပဲ အကန့်လိုက်လုပ်ပေးထားတဲ့ စက်ဘီးဆယ်စီးနီးပါးရပ်နားနိုင်တဲ့ စက်ဘီးစင်ပါ)











(ပုံထဲမှာ မြင်နေရတဲ့ ဘောင်နှစ်ခုကြားမှာ ရှေ့ဘီးကို ညှပ်ထားလိုက်ခြင်းဖြစ် စက်ဘီးရပ်ထားခြင်းကို ပိုပြီးခိုင်မြဲစေပါတယ်)
















(ထိုင်ဝမ်တက္ကသိုလ်ရှေ့မှာရှိတဲ့ ခေတ်မီဆန်းသစ်တဲ့ နှစ်ထပ် စက်ဘီးစင်ပါ။ မြေအောက်ဘူတာလည်းအနီးမှာရှိတော့ ရပ်နားထားတဲ့ စက်ဘီးတွေက အလွန်များလှပါတယ်။ စက်ဘီးဒုတိယထပ်မှာ စက်ဘီးထားခြင်းကတော့ ပုံမှာမြင်ရတဲ့အတိုင်း စင်ဘောင်ကို အောက်သို့အရင် ဆွဲယူရပ်နားပြီး ပြန်တင်ရတဲ့ နည်းပါ။)
  • ထိုင်ဝမ်နိုင်ငံရှိ သာအန်းစိမ်းလင် ပန်းခြံရှေမှ စက်ဘီးစင်ပုံစံ
  • ဂျပန်နိုင်ငံရှိ ဘူတာရုံရှေက စက်ဘီးစင်ပုံစံ






(ဂျန်ပန်နိုင်ငံသို့ သွားလည်စဉ် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီစက်ဘီးစင်ကတော့ x ပုံစံ ဒီဇိုင်းဖြစ်တဲ့အတွက် နေရာလည်းမယူ စက်ဘီးတော်တော်များများရပ်နားနိုင်ပါတယ်။ )
  • google နှင်youtube မှ ရှာတွေသော အခြားစက်ဘီးစင်ဒီဇိုင်းဆန်းများ









(တစ်ချက်ခုတ် နှစ်ချက်ပြတ် နှစ်ဘက်လှ ဒီဇိုင်းပါ။ ဒီလို ရိုးရှင်းပြီး နှစ်ဆအသုံးဝင်တဲ့ ideaကို ကျွန်မသဘောကြတယ်။)





ိ(နေရာလည်းမယူတဲ့ စက်ဘီးစင် ဒီဇိုင်းပါ။ ပိုက်ဆံဒင်္ဂါးစေ့ထည့်ရတဲ့ စနစ်ပါ။ မြန်မာနိုင်ငံမှာ အသုံးပြုဖို့ဆိုရင် ပိုက်ဆံဒင်္ဂါးပြားအစား ကော်ပြားစေ့ကို ဖန်တီးကာ တန်ဖိုးသတ်မှတ်ပြီး ပိုက်ဆံနဲ့ လဲယူအသုံးပြုနိုင်မယ့် စနစ်နဲ့ လုပ်ဆောင်လို့ ရမယ်ထင်ပါတယ်။
(သစ်ပင်စတိုင် စက်ဘီးစင်ပါ။ စက်ရှေ့မှာ လက်ဗွေလေးကို ပြပြီး စက်နဲ့သူ့အလိုအလျောက်အပေါ်ကို တင်ပေးတဲ့ စနစ်ပါ။ လျှပ်စစ်မီးမရနိုင်တဲ့ နေရာ အတွက်တော့ အဆင်အပြေလှပါဘူး။)



(ဒါကတော့ ကဒ်ကို အသုံးပြုရတဲ့ စက်ဘီးစင်ပါ။ ဒီဇိုင်းလှသလို အသုံးဝင်မှုလည်း များကြောင်းတွေ့နိုင်ပါတယ်။ ကျွန်မသူငယ်ချင်း ချွမ်ရန်ကတော့ ဒီိဒီဇိုင်းလေးကို အရမ်းကြိုက်ဆိုပဲ။ နေရာလည်းမယူဘူး၊ လေမိုးဒဏ်တွေလည်း ကာကွယ်ထားပေးတော့ သံချေးလည်း မတက်တော့ဘူး၊ ပြီးတော့ လန်းလဲလန်းလို့လေ ဆိုပြီး ပြောပြပါတယ်။ )






ကျွန်မတို့ နိုင်ငံမှာရှိတဲ့ စက်ဘီးစင်တွေကိုလည်း သားသားနားနားနဲ့ သန့်ရှင်းလှပပြီး အဆင့်မြင့်တဲ့ဒီဇိုင်းဆန်းလေးတွေနဲ့ ပြောင်းလဲဖန်တီးချင်နေမိပါတော့တယ်။

Saturday, November 12, 2011

သူငယ်ချင်းရေ

သူငယ်ချင်းရေ
့ဟဲလို သူငယ်ချင်း၊ ဟိုင်း သူငယ်ချင်း ဆိုတဲ့
မြို့ ပြသူငယ်ချင်းတွေကြားထဲမှာ ငါ နားခိုနေရပေမယ့်
ငါ့စိတ်ဝိဥာည်တွေက မင်းရှိရာ နေရပ်ဆီကိုသာ
အခါခါ ပျံသန်းသွားတာပါကွာ။









မေတ္တာနိယာမ

တစ်ခုပေး တစ်ခုယူကြတဲ့ လောကနိယာမကြားမှာ
ရယူဖို့  မစဉ်းစားပဲ
ချစ်သူလိုရာ ထပ်ဆင့်ထပ်ဆင့် ပေးဆပ်နေချင်မိတာ
အဲတာ
မေတ္တာနိယာမပါ။

Wednesday, November 9, 2011

အိပ်မက်သစ်ပင်

အိပ်မက်မျိုးစေ့လေး စတင်မြေချလိုက်စဉ်ကစ
မျိုးစေ့လေးအလိုကျ
မြေ၊လေ၊ ရေ သြဇာပေါင်းများစွာ ...
နေ့မနား ညမအား
ကိုယ်ပြင်ဆင်ရပါတော့တယ်။


နောင်တစ်ချိန် ငှက်တစ်သောင်း နားနိုင်ပါစေကြောင်း
ပင်ပန်းခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ယုံကြည်မျော်လင့်ခြင်းဆိုတဲ့
သစ်ဝါရွက်ခြောက်တွေကိုလည်း
လိုလားစွာ
ကိုယ်ဆုသိမ်းထားမိပြန်တယ်။


ဒီလိုမြေခသွားတဲ့ သစ်ခြောက်မြေဇာလေးတွေကို
ရောသမမွှေရင်းနှင့်
အိပ်မက်သစ်ပင်လေးကို
ရင်ခုန်စွာ
ကိုယ်စိုက်ပျိုးနေလျက်ပါ။

Sunday, July 3, 2011

နောက်ဆုံးတစ်မိနစ်ထိတိုင်


"ဂွတ်မောနင်း...သမီး"

"သမီးရေ...ထတော့လေကွယ်၊ နေဖင်ထိုးတော့မယ်၊ ထထ။" ဟု မေမေက ပြောရင်း အိပ်ခန်းပြတင်းပေါက်တစ်ချို့ ကိုဖွင့်ကာ နံနက်ထပျင်းသည့် သမီးဖြစ်သူကို အနမ်းတစ်ပွင့်လာခြွေ၍ နှိုးလိုက်သည်။ ညီမလေးဖြစ်သူကလည်း

"မမ၊ထတော့လေ။ ညီမလေးတောင် ကျောင်းအိမ်စာလုပ်ပြီးသွားပြီ။"ဟု အကြွားလေလုံးများကို ခြွေ၍ အစ်မကိုယ်ပေါ်မှစောင်ကို ဆွဲချပါတော့သည်။ ထို့ပြင် ဖေဖေ့အသံကိုလည်း ထမင်းစားခန်းထဲမှ ကြားနေရပါသေးသည်။

"သမီးရေ...၊ နံနက်စာစားဖို့ ဖေဖေစောင့်နေပြီနော်။"

"ဟုတ်ကဲ့ပါရှင့်၊ဟုတ်ကဲ့ပါ။သမီးထပါပြီ။"

နေခြည်ဖွေးဖွေးလေးများက မေမေဖွင့်ပေးခဲ့သည့် ပြတင်းပေါက်အပြင်ဘက်မှတဆင့် ခန်းဆီးစလေးများကို တိုးဝှေ့ ၍ အပြုံးချိုချိုများကို သွန်းပေးနေသည် သာမက၊"ကျိလိ၊ကျိလိ"နှင့် ချစ်စဖွယ်ငှက်ကလေးများ၏ နံနက်ယံဂုဏ်တော်ချီးမွမ်းသံများကိုလည်း လေခြည်နုနုလေးများက သယ်ဆောင်လာနေပြီလေ။ အိုဘယ့် သာယာဖွယ်ကောင်းလှသည့် နေ့ သစ်တစ်ခု၏ အစပျိုးခြင်းပင်နည်း။

သို့ သော် ဤကဲ့သို့  အလှတရားများနှင့် ဆေးခြယ်ထားသည့် နံနက်ခင်းများကို မပိုင်ဆိုင်ရတော့သည်မှာ ရာသီတစ်ခုပင် ကျော်လွန်ခဲ့ပေပြီပဲ။ ကျေးဇူးတော်သက်သက်ကြောင့် တိုင်းတစ်ပါး၌ လာရောက်၍ ပညာသင်နေသူ ကျွန်မအတွက်တော့ နံနက်နိုးထတိုင်း မျက်လုံးအိမ်၌ မျက်ရည်တစ်ချို့  တွဲခိုမိနေတတ်သည်။

ှအလင်းနှင့်အမှောင်တစ်ချို့  ရောစပ်လျက်ရှိသေးသည့် နံနက်ခင်းလေးတစ်ခုရောက်ရှိလာပြီဖြစ်ကြောင်း လက်ကိုင်ဖုန်းရှိနှိုးစက်လေးက ကျွန်မကို အသိပေးလှုပ်နှိုးလိုက်သည်။ ထိုသို့ ဆိုလျှင် ကောက်ကနဲထထိုင်ကာနှိုးစက်လေးကို ပြာပြာသလဲနှင့် လှမ်းပိတ်လိုက်ရသည်။ ကျွန်မ၏ နှိုးစက်သံဖြင့် အခန်းဖော်များအား အနှောင့်အယှက်ပေး၍ မဖြစ်ပေဘူးလေ။ ဆက်၍အိပ်ပြန်လျှင်လည်း ကျောင်းကားလွတ်သွားမည်ကို စိုးရိမ်ရသေးသည်။ ထို့ ကြောင့် အိပ်ယာအမြန်သိမ်းကာ တိတ်ဆိတ်ခြင်းများနှင့် အဖော်လုပ်၍ နံနက်ခင်းကို ကြိုဆိုရပါတော့သည်။

တိုင်းတစ်ပါး၌ ဤကဲ့သို့  ပညာလာသင်ရသည်မှာ တခါတရံ အထီးကျန်သလို ခံစားရသော်လည်း ကျွန်မ၏လက်ရှိ အခြေအနေတွက် ကျေးဇူးတော်ချီးမွမ်းလျက် ကျေနပ်၍မဆုံးပါ။ အဘယ်ကြောင့်ဆိုသော်ုကျွန်မ၏ ငယ်ဘဝ အိပ်မက်တစ်ခုကို လက်တွေ့  လုပ်ဆောင်ခွင့်ရနေ၍ပေ။ အဆင့်မြင့်ပညာရပ်များ သင်ခွင့်ရ၍လည်း အလွန်ပျော်ရွှင်နေမိသည်။ ဤသို့ နှင့် ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ကျောင်းတက်ရက်တစ်ချို့ ကို ရသပေါင်းစုံနှင့် ဖြတ်ကျော်လာခဲ့ပါသည်။

တစ်နေ့ ၌ အင်ဂျင်နီယာဆိုင်ရာ သဘောတရားဘာသာရပ်အတွက် တစ်နေ့ တာလေ့လာရေး ခရီးစဉ်အနေနှင့်
စက်ရုံများသို့  သွားရောက်၍ လေ့လာကြမည်ဖြစ်ကြောင်း ဆရာကကျွန်မတို့ ကို ပြောပါသည်။

"ကဲတို့ အားလုံး လာမယ့်စနေနေ့ မှာ လေ့လာရေးခရီးစဉ်သွားကြမယ်။ ဒီလေ့လာရေးက သိပ်အရေးကြီးတယ်နော်။ ခရီးစဉ်တစ်လျှောက်လုံးသေချာသင်ယူပါ။ ပြီးရင် ခရီးစဉ်မှာ တွေ့ မြင်သင်ယူခဲ့သမျှကို မှတ်တမ်းရေးပြီး report တင်ရမယ်။ စာမေးပွဲအမှတ်ထဲမှာ ဒီအိမ်စာကို အမှတ်ယူတယ်နော်။ ဒါကြောင့်သိပ်အရေးကြီးတယ်။ မပျက်ကွက်ပါစေနဲ့ ။ ဒါဆိုရင် အဲဒီနေ့  ပျက်ကွက်ရင် ကိုယ့်အတွက် အမှတ်တွေဘယ်လောက်ထိ ထိခိုက်သွားမယ်ဆိုတာ တပည့် တို့  သိလောက်ပါပြီ။ အဲဒီနေ့  ကျရင်နံနက်၇း၃၀ မှာ နာမည်ခေါ်မယ်။ ၈း၀၀နာရီမှာစထွက်ကြမယ်။ ကိုယ့်နာမည် ခေါ်တဲ့အချိန်မှာ ရောက်နိုင်ဖို့  ကြိုးစားပါလို့  ဆရာထပ်ပြီးသတိပေးချင်ပါတယ်။ "

ဤဘာသာရပ်သည် ကျွန်မတို့ မေဂျာ၏ ပါမောက္ခချူပ် ကိုယ်တိုင်သင်ပေးသည့် ဘာသာရပ်ဖြစ်သည်။ ထိုသို့ ပါမောက္ခပြောပြီးသည့်အချိန်မှစ၍ ကျွန်မသည်လာမည့် စနေနေ့ အတွက် ကြိုတင်တွေးကာ ရင်ခုန်နေမိပါတော့သည်။ သို့ နှင့်သောကြာနေ့ ည၌ ပြင်ဆင်စရာရှိသည်များကို သေချာပြင်ဆင်ပါသည်။ မနက်ဖြန်သို့  အမြန်ရောက်ချင်နေမိတော့သည်။




~~~~~






" XX...XX...XXX...XXX...XXXX..."

အဆက်မပြတ်ထွက်ပေါ်လာသော နှိုးစက်မြည်သံက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကျွန်မကိုလှုပ်နှိုးလိုက်ပါသည်။ သို့ သော် ဆက်၍အိပ်ချင်သေး၍ အနား၌ရှိသောဖုန်းကိုသာ လှမ်းယူ၍ပိတ်ပစ်လိုက်သည်။

"XXXX..."
"ဟောတော့၊ ဘာလို့ နှိုးစက်သံကဆက်မြည်နေရသေးတာလဲ"

အသံက အခန်းထောင့်စွန်းတစ်နေရာမှ ဆက်၍မြည်နေခြင်းဖြစ်သည်။

"အိုဒါ ငါ့ဖုန်းရဲ့ နှိုးစက်မြည်သံမဟုတ်ဘူးပေါ့"
ထိုသို့ အသိတရားဝင်လာမှသာ ဆတ်ကနဲထထိုင်၍ နာရီကို မရဲတရဲကြည့်လိုက်သောအခါ

"အို၇နာရီ၁၅မိနစ်။ဘုရားသခင်ရေ။" လူတကိုယ်လုံး လေထဲသို့ လွင့်သွားသလိုခံစားလိုက်၇ကာ ကြောက်စိတ်ဝင်လာ၍ ဘာလုပ်၍လုပ်ရမည်မသိတော့ပါ။ သို့ နှင့် အပြေးအလွှား မျက်နှာသစ်၊ သွားတိုက်ကာ လွယ်အိတ်ကိုဆွဲလျက် ကမှန်းကတန်းနှင့် အဆောင်ဂိတ်ဝသို့ ရောက်ချိန်၌ ၇နာရီ၂၀ရှိပေပြီ။ ဆရာနာမည်ခေါ်မည့် ၇နာရီ၃၀မိနစ်အချိန် ကျောင်းသို့အမှီရောက်ရန်မည်သို့ လုပ်ရမည်မသိတော့ပါ။ ကျောင်းသို့ ရောက်ရန် အနည်းဆုံး ၁၅မိနစ်ခန့် (bus)ကားစီး၇သေးသည်။

မတတ်နိုင်တော့ပါ။ ဘတ်စ်ကားဂိတ်သို့ သာ သွားရန်လမ်းတစ်လမ်းသာရှိတော့သည်။ ထိုကြောင့် ဘတ်စ်ကားဂိတ်သို့ နောက်ကကျားလိုက်သည့်အလား ပြေးရပါတော့သည်။ စိတ်ထဲ၌အလွန်လန့် နေမိ၍
"ကိုယ်တော်၊ ယနေ့ အတွက်သမီးသေချာဆုတောင်းဆက်ကပ်ထားပေမယ့် အခုလိုဘာလို့  နောက်ကျခိုင်းရတာလဲ။ သနားပါ...ကိုယ်တော်။" ဟု ပါးစပ်မှ ပွစိပွစိနှင့် ဘုရားကိုအကူအညီတောင်းနေမိတော့သည်။

ဘတ်စ်ကားဂိတ်သို့ ရောက်သော်၊ ကျွန်မထိုင်ငိုချင်မိသွားသည်။ ကျွန်မကျောင်းသို့ ရောက်မည့် (၂၀၈)ဘတ်စ်ကားလာရန် အချိန်မည်မျှစောင့်ရမည်မသိပါ။ "ဒါဆို မသွားတော့ဘူးလား။" မဖြစ်ပါ။ မည်သို့ မျှမဖြစ်ပါ။ ရင်တစ်ခုလုံး လိုက်ဖိုလိုက်ဖိုနှင့်ရှိနေစဉ် ကျွန်မရှိနေသည့်လမ်းမကြီးသို့ (taxi) တစ်စီးလာနေသည်ကို တွေ့ လိုက်ရသည်။ သို့ နှင့် ထို(taxi)ကိုတားကာ ကျောင်းသို့ ပြေးရပါတော့သည်။ "ကားဆရာ၊ အမြန်လေးမောင်းပေးပါ၊ အမြန်လေး။ ကျွန်မနောက်ကျနေလို့ ပါ။ " ဟု ကားပေါ်၌ ကားဆရာကို လောနေမိစဉ်

"XXX...XXX..." ကျွန်မသူငယ်ချင်းက ကျွန်မကို ဖုန်းဆက်လာသည်။ "အေအေ...ငါရောက်တော့မယ် ဆရာကိုပြောပေးပါအုံးနော်။"ဟု ပြောကာလက်ကိုင်ဖုန်းကိုချလိုက်သည်နှင့် အာရုံများကဖုန်းထံသို့  ရောက်သွားသည်။ ကျွန်မယနေ့ နံနက်(၅)နာရီ နှိုးစက်လုပ်ထားသည်လေ။ အဘယ်ကြောင့်ယနေ့ နံနက်၌
နှိုးစက်မြည်သံကိုမကြားရခြင်းပေနည်း။ ဖုန်းဓတ်ခဲစွမ်းအားလည်းအပြည့်ရှိသည်ပဲ။ သို့ဆိုလျှင်အဘယ်ကြောင့်နည်း။
သံသယမေးခွန်းပေါင်းများစွာနှင့် ဖုန်းထဲရှိနှိုးစက်ကို ပြန်စစ်ကြည့်သည်။ "အိုဘုရားရေ၊ ကျွန်မနှိုးစက်လုပ်ထားတာ 5pmတဲ့လေ။ am နှင့်pmကိုပြောင်းဖို့ မေ့သွားတာကိုး။" "ဘာကြောင့်များ ဒီလောက်တောင် ပေါ့လျော့မိပါလိမ့်" ဟု ကိုယ့်ကိုကိုယ် အပြစ်တင်နေမိတော့သည်။ ဤသို့ နှင့်ကျောင်းရှေ့သို့ရောက်သော် ကျောင်းသူကျောင်းသားများတရုံးရုံးနှင့် နာမည်ခေါ်လူစုနေသည်ကိုတွေ့၍ အပြေးအလွှားသွားတန်းစီလိုက်သည်။

"ဘုရားသခင်ရဲ့နာမတော်ကို ချီးမွမ်းပါတယ်"
ကျွန်မကျေးဇူးတော်မချီးမွမ်းပဲ မနေနိုင်တော့ပါ။ ကျွန်မကျောင်းသို့ရောက်သော် နာမည်စ၍ခေါ်နေပြီဖြစ်သော်လည်း ကျွန်မနာမည်သို့မရောက်သေးပါ။ ဆရာနာမည်ခေါ်မည့် အချိန်ထက်အနည်းငယ်စော၍ပင် ရောက်ခွင့်ကို ဘုရားသခင်ပေးခဲ့ပါသည်။

သို့နှင့် ကျွန်မတို့လေ့လာရေးခရီးစဉ်သို့အသွား လမ်းတလျှောက်လုံး၌ ဘုရားသခင်၏ တတ်နိုင်စွမ်းနှင့် ကူညီပေးခဲ့မှုများအပေါ် ကျေးဇူးတင်လျက်ဆင်ခြင်နေမိတော့သည်။ "လူတွေရှေ့မှာ ဝမ်းနည်းရအောင် သမီးကိုလုပ်နေတာလား" ဟု အပြစ်တင်စောခဲ့မိ၍လည်း ဝန်ချတောင်းပန်မိသည်။

ကျွန်မ၏အခက်အခဲများကို ဘုရားသခင် ကူညီကယ်တင်ခဲ့သည့် နည်းလမ်းများသည် တိုက်ဆိုင်ခြင်းသက်သက်မဟုတ်ပါ။ ဘုရားသခင်က ကျွန်မကိုစောင့်ကြည့်နေ၍ တစ်ဆင့်ခြင်းတစ်ဆင့် သူ၏နည်းလမ်းများဖြင့် ကူညီသွားခဲ့ခြင်းဖြစ်သည်။ အခက်အခဲကြုံတွေ့လျှင် ဘုရားသခင်အား အကူအညီတောင်းနိုင်ကြောင်း သွန်သင်ပေးသွားခြင်းပင်။

အကယ်၍ ကျွန်မအခန်းဖော်၏ နှိုးစက်သာမမြည်ခဲ့လျှင်၊ ကျွန်မရှေ့သို့ အငှားကားဖြတ်လာခွင့်ကို ဘုရားရှင် မပေးခဲ့ဘူးဆိုလျှင်...။ကျွန်မဆက်၍ အတွေးရဲတော့ပါ။ အရာအားလုံးသည် ဘုရားသခင်၏ကျေဇူးတော်သက်သက်သာဖြစ်ပါသည်။ ဘုရားသခင်ကိုအားကိုးလျှင် နောက်ဆုံးအချိန်သို့ရောက်သည့်နီးတိုင် ဘုရားသခင်ကူညီကယ်တင်ပေးနိုင်ကြောင်း လက်တွေ့သိမြင်ခဲ့ရသည်။

သုတ္တံ၃း၆ ၌လည်း ဤသို့ပြောထားသည် မဟုတ်ပါလား။ "ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော။ ကိုယ်ဥာဏ်ကိုအမှီအပြုနှင့်။ သွားလေလေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။"

ဟိုး ဓမ္မဟောင်းခေတ်၌ က္ကသရေလလူမျိုးများသည်လည်း ကျွန်မကဲ့သို့ပင် ဘုရားသခင်၏ ကူညီပေးမှုများကို လက်တွေ့ခံစားခဲ့ရကြောင်း ငြင်းဖွယ်ရာမရှိပင်။ အနောက်၌ ရန်သူစစ်သားများက မြင်းများနှင့် အလုံးအရင်းလိုက်လာနေသည်။ ရှေ့၌လည်း ပင်လယ်ကြီးက ရင်ကော့ခေါင်းမော့နှင့် ဆီးကြိုနေသည်။ ရှေ့တိုး၍မရ၊ နောက်ဆုတ်၍လည်းမဖြစ်နိုင်တော့သည့် ဘေးကျပ်နံကျပ်အခြေအနေများကို ကြုံဆုံရသော်လည်း လူနှင့် ပင်လယ်ထက်တန်ခိုးကြီးသော ဘုရားသခင်က အခြေအနေများကို ပြောင်းလဲပေးနိုင်ပါသည်။မြင်းစီး၍လိုက်နေသော်လည်း ဘုရားနှင့်အတူခြေလျင်သွားနေသူများအား မှီခွင့်မရှိပါ။








ဘုရားသခင် တတ်နိုင်ပါသည်။ ဘုရားသခင်၌ ယုံကြည်စိတ်ချ၍ရပါသည်။ လူ၌လမ်းမရှိတော့သော်လည်း ဘုရားသခင်၌ နည်းလမ်းရှိကြောင်း ပင်လယ်ကြီး နှစ်ခြမ်းကွဲသွားသည့် ဖြစ်ရပ်က အခိုင်အမာသက်သေခံနေပါသည်။ ထို့ကြောင့် ပြဿများနှင့်ကြုံတွေ့ရသော်လည်း နောက်ဆုံးတစ်မိနစ်ထိတိုင် ဘုရားသခင်၌ မျော်လင့်ယုံကြည်၍ရကြောင်း ကျွန်မသည်လည်းသက်သေခံပါရစေ။

Sunday, March 6, 2011

Taiwan Queen's Head

"ဒီတစ်ပတ် အားရက်မှာ ဘယ်သွားလည်ရရင်ကောင်းမလဲနော်"

ဟုနွေရာသီကျောင်းပိတ်ရက် part time job အားရက်အတွင်း လျှောက်လည်ရန် ကျွန်မတို့ သူငယ်ချင်းသုံးယောက် တိုင်ပင်လိုက်ကြစဉ်၊ အားလုံးသဘောတူရွေးချယ်လိုက်ကြသည်ကတော့ Queen's head လို့ အဓိပ္ပယ်ရသည့် မိဖုရားဦးခေါင်းသွင်ရှိ ကျောက်ဆောင်ရှိရာ ပင်လယ်ကမ်းခြေဆီသို့ပါ။

ကျွန်မတို့  သုံးယောက် တပျော်တပါးနှင့် bus ကားလေးစီးကာ သဘာဝအလှတရားကျောက်ဆောင်များစုဝေးရာ ထိုနေရာသို့ေ၇ာက်ရှိသွားကြသည်။

"ဝေဟေး ...ပျော်ဖို့ ကောင်းလိုက်တာ"
"အို... လေတွေကတဖြူးဖြူးနဲ့ နေလို့ ကောင်းလိုက်တာ"
"အေးဟယ်"





ပင်လယ်လေညှင်းလေးတွေရဲ့ လတ်ဆတ်သည့် အထိတွေ့ ကြောင့် ၊သုံးယောက်သား တဝေးဝး တဟေးဟေးနှင့် ခုန်ပေါက်မြူးတူးမိကြသလို ၊ တဖြတ်ဖြတ်နှင့် ဓတ်ပုံများလည်း ရိုက်မပြီးတော့ပေ။






ဤနာမည်ကြီး မိဖုရားဦးခေါင်းသွင်ကျောက်ဆောင်သည် ထိုင်ဝမ်နိုင်ငံ၏ မြောက်ဖျားပိုင်း ကျွန်းဆွယ်အငူဖြစ်သည့် (野柳) ၇ဲလရုံ ဒေသတွင်တည်ရှိခြင်းဖြစ်သည်။ ဤနေရာသည် ကမ္ဘာလှည့်ခရီးသည် များကို ဖမ်းစားထားနိုင်သည့် နေရာတစ်ခုဆိုလျှင်လည်း မမှားပေ။






ကျောက်အမျိုးအစားများမှာ သဲကျောက်၊ ရှေလ(shale) ကျောက်မျိုးများဖြစ်ကြ၍ ကျောက်ဆောင်ကျောက်တုံးများသည် မိုးသက်မုန်တိုင်များ၊ ပင်လယ်လှိုင်းလေတို့ ၏ တိုက်စားမှုများကို ခံစား၇သောကြောင့် နှုစ်ရှည်လများကြာညောင်းလာသောအခါ ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲလာခဲ့ကြသည်။
မှိုပွင့်ပုံသဏ္ဍာန်၊ ပျားအုံ ပုံသဏ္ဍာန်စသဖြင့် အမျိုးမျိုးတွေ့ မြင်ခဲ့ရသည်။







ဤမိဖုရားဦးခေါင်းသွင်ကျောက်ဆောင်သည် အားလုံးထဲ၌ အထူးခြားဆုံးဖြစ်သည်။
မှိုပွင့်ပုံသဏ္ဍာန်ကျောက်အမျိုးအစားဖြစ်၍ အမှန်တကယ်ပင် မိဖုရားတစ်ပါး၏ ဦးခေါင်းအသွင်အလား ခန့်ငြားလှပလှပေသည်။ ဘုရားသခင်ဖန်ဆင်းထားသည် သဘာဝလောက ကြီး၏လှပမှုကို မချီးကျူးပဲ မနေနိုင်တော့ပါ။

ယခုကဲ့သို့  အားရက်လေး၌ သူငယ်ချင်းများနှင့် လျှောက်လည်ရခြင်းမှာ အလွန်ပင်ပျော်စရာကောင်းသကဲ့သို့  ဒေသ န္တဗဟုသုတများကိုလည်း လေ့လာခွင့်၇ပေသည်။ကျွန်မတို့  သူငယ်ချင်းသုံးယောက်မှာ အပျော်လွန်၍ဓတ်ပုံများရိုက်မပြီးနိုင်အောင် ဖြစ်နေတော့သည်။ သို့ နှင့် မှောင်ရီပျိုး ချိန်ေ၇ာက်မှသာ သဘာဝအလှတရားများနှင့် ထုဆစ်ထားသည့် မိဖုရားကျောက်ဆောင်ကမ်းခြေလေးကို နှုတ်ဆက်ပြန်လာနိုင်ခဲ့ပါတော့သည်။

Sunday, February 20, 2011

Acto CAD (or) project 1

ENGINEERING GRAPHICS ဘာသာရပ်အတွက် သင်ရတဲ့ ပုံဆွဲနည်း နည်းပညာများဟာ စိတ်ဝင်စားစရာကောင်းသလို၊ ပြုလုပ်ခဲ့ရတဲ့ project တွေကြောင့်လည်း ကျွန်မတို့လို drawing graphics တွေနဲ့ ထိတွေ့ခါစ ကျောင်းသူကျောင်းသားများအတွက် လက်တွေ့ကျကျ ပို၍အကျွမ်းဝင်အသုံးပြုခွင့်ရပြီး ပညာများတိုးစေခဲ့ပါတယ်။

project(1) အနေနဲ့ ဆရာရဲ့ တောင်းဆိုမှုတွေက ဒီလိုပါ။ ကျွန်မတို့ကျောင်းသူကျောင်းသားများကို (၂)ယောက်တစ်ဖွဲ့ဖွဲ့စေပြီး၊ မိမိတို့အဖွဲ့ကြိုက်နှစ်သက်ရာ ကျောင်းဝင်းထဲရှိ ကျောင်းအဆောက်အဦးတစ်ခုကိုရွေး၍ Acto CAD ပုံဆွဲပြီး စာစီကုံးကာ project ပြုလုပ်ရခြင်းပါ။

ကျွန်မရဲ့ အားကိုးရတဲ့ အဖွဲ့ဝင် သူငယ်ချင်း ရွှင့်တုံးပါ။ ရွှံ့တုံးမဟုတ်ပါ။ :၀)
(ရွှင့်တုံး)


ကျွန်မတို့ နှစ်ယောက် ငြင်းလိုက်ခုံလိုက်နဲ့ နောက်ဆုံးအတည်ပြု ရွေးချယ်လိုက်တဲ့ ကျောင်းအဆောက်အဦးကတော့ စိတ်ပညာဌာနပါ။


google map ကနေ ဖြတ်ညှပ်ကပ်ထားတဲ့ ကျွန်အတို့အဖွဲ့ လက်စွမ်းပြမယ့် National Taiwan Universityရဲ့ စိတ်ပညာဌာန ပုံပါ။


ပထမဦးဆုံးအနေနဲ့ အဆောက်အဦးကို Acto CAD ဆွဲဖို့ ၊ မိုးတွေတဖြိုက်ဖြိုက်ရွာနေတဲ့ကြားကနေ ကွင်းဆင်းဓတ်ပုံသွားရိုက်ခဲ့ပါတယ်။





အဆောက်အဦးရဲ့ အရှေ့အနာက်တောင်မြောက၊် အနီးအဝေး view ပေါင်းစုံကို camera နဲ့ အပုံပေါင်း(၁၀၀)ကျော် စိတ်တိုင်းကျ ဓတ်ပုံရိုက်လိုက်တာ တညနေကုန်တဲ့ အထိပါပဲ။

Acto Cad project အတွက် အဆောက်အဦးရဲ့ အတိုင်းအတာကိုတော့ ဓတ်ပုံသွားရိုက်ခဲ့စဉ်ကပင် အုတ်ခဲချပ်တစ်ခုရဲ့ အလျားအနံကို တိုင်းခဲ့ပြီး၊ computer နဲ့ပုံဆွဲတဲ့ အခါမှ ရိုက်ယူခဲ့တဲ့ဓတ်ပုံတွေကို ကြည့်ရူတိုင်းတာပြီးပုံဖော်ခဲ့ပါတယ်။ အတိုင်းအတာအတွက် အဆင့်မြင့်တိုင်းတာတဲ့စက်ကရိယာများနဲ့ တိုင်းတာခဲ့တာမဟုတ်တဲ့အတွက် အနည်းငယ်မှားယွင်းမှုတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားထားတာပါ။



ကျွန်မတို့ဆွဲထားတဲ့ ဒီActo CAD drawing ပုံကတော့ google map မှာမြင်ရတဲ့ plan view အတိုင်းပါပဲ။







camera နဲ့ (၃)ခါ ခွဲပြီး ရှိက်ထားတဲ့ front view ပါ။


ပုံဆွဲစဉ်က အချိန်ယူပြီးခေါင်းစားခဲ့ရပေမယ့် လှတပတနှင့်ထွက်လာသည့် ဒီActo CAD front view ပုံက ကျွန်မတို့နှစ်ယောက်ကို ပီတိတွေဖြာစေခဲ့ပါတယ်။










right side view Acto CAD ပုံပါ။ ဓတ်ပုံရိုက် စဉ်က သစ်ပင်ကွယ်နေတဲ့ အတွက် ပုံဆွဲတဲ့အခါ အနည်းငယ်တော့ လက်ဝင်လှပါတယ်။









ဓတ်ပုံရိုက်စဉ်က နေရာအခက်ခဲကြောင့် လိုချင်တဲ့ left side view ကို စိတ်တိုင်းကျ မရိုက်ယူ နိုင်ခဲ့ပါဘူး။


ဒါပေမယ့် Acto CAD left side view ပုံ ကတော့ အဆင်ပြေစွာနဲ့ ခုလိုဆွဲနိုင်ခဲ့ပါတယ်။















ဒါကတော့ တခမ်းအနားနဲ့ ဆွဲထွက်လာတဲ့ rear view ပုံပါ။
ပြတင်းပေါက်တွေများတယ်ဆိုပေမယ့် အချိုးအစားတူညီတဲ့အတွက်၊ တစ်ခုကိုသာ ဂဃဏန ဆွဲပြီး ကျန်တဲ့အရွယ်တူအချိုးတူများကို မိတ်တူပြုလုပ်လိုက်ပါတယ်။ ဒါကြောင့် front view လောက်အချိန်ယူစရာမလိုပဲ လိုချင်တဲ့ rear view ပုံထွက်လာပါတယ်။




အဆောက်အဦးရဲ့ view ပေါင်းစုံကို အချိန်ယူဆွဲပြီးစဉ်မှာတော့ "pratice make perfect" ဆိုသလိုပါပဲ၊ ActoCAD ရဲ့ drawing menus၊ toolbars တွေကို အကျွမ်းတဝင် သုံးစွဲတတ်သွားပါပြီ။

ကျောင်းစာသင်ခန်းထဲမှာ ဆရာအနေနဲ့ တစ်ချို့သင်ခန်းစာများကို အချိန်တိုအတွင်း လုံးစေ့ပတ်စေ့ သင်ပြီးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ယခုလို project လုပ်ဆောင်ခြင်းဖြင့်သာ၊ စာသင်ခန်းထဲမှာ မသင်လိုက်ရတဲ့ လက်တွေ့ပုံဆွဲနည်းသင်ခန်းစာတွေကို ကိုယ်ပိုင်တတ်မြောက်မှုအနေနဲ့ ယူငင်သုံးစွဲတတ်သွားနိုင်မှာပါ။

အဖွဲ့ခွဲ ပြုလုပ်ရတဲ့အတွက်လည်း ရလဒ်များက ပိုပြီးသာသွားပါတယ်။ ဒီလိုအဖွဲ့ခွဲပြုလုပ်ခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်မှုနှင့် တာဝန်ယူတတ်မှုအရေအသွေးများ တောက်ပြောင်လာရသလို၊ မိမိရဲ့ idea များကိုလည်း အခြားသူတစ်ယောက်ကို ရဲရဲဝင့်ဝင့်တင်ပြရဲလာပါတယ်။ မိမိအဖွဲ့ ဝင်များရဲ့ အကြံပေးမှုများကို ဂရုတစိုက်နားထောင်ပေးရန်လည်း အရေးကြီးကြောင်း သိလာစေပါတယ်။

ဒီproject(1) ဟာ ကျွန်မတို့ ကျောင်းသူကျောင်းသား အားလုံး အချိန်ယူအပင်ပန်းခံပြီး ပြုလုပ်လိုက်ရတာပါ။ အပင်ပန်းခံလိုက်ရတဲ့အတိုင်းလည်း ရရှိလိုက်တဲ့ အကျိုးအမြတ်က နှိုင်းယှဉ်လို့မရအောင်များလှပါတယ်။
" there is no royal way to learn" ဆိုတဲ့အတိုင်း၊ ဖြတ်လမ်းနည်းနဲ့ ဘယ်ပညာရပ်ကိုမျှ အလွယ်တကူမတတ်မြောက်နိုင် ဘူးဆိုတာ ကျွန်မဝင်ခံလိုက်ရပါတယ်။

သခင့်ထံသို့ သွားပါ

မောင်လေး၊ ညီမလေးတို့ရေ...

"ကိုးရီးယားလူမျိုးတွေကို မင်းတို့တွေ မြင်ဖူးကြလား"လို့ မေးရင်၊ "အလိုက်တာအံ့ရောလို့" မမကို ပြန်ပြောကြမှာ မြင်ယောင်သေးတယ်။ ကိုးရီးယားဇတ်ကား ကောင်းလေးတွေကိုကြည့်ပြီး သူတို့လူမျိုးတွေကို မြင်ဖူးကြ၊ သိထားကြပြီ မဟုတ်လား။

မမလည်း သူတို့လူမျိုးတွေရဲ့ ဓလေ့တစ်ခုကို သိထားတယ်။ ပြောပြမယ်နော်။ ကိုးရီးယားလူမျိုးတွေမှာ ဓလေ့တစ်ခုရှိတယ်တဲ့။ သူတို့မေ့ပစ်ချင်တဲ့ အကျင့်ဆိုးတွေကို စွန်ကလေးတစ်ခုအပေါ်မှာ ရေးလိုက်ကြတယ်။ ပြီးတော့ အဲဒီစွန်ကလေးကို ခပ်မြင့်မြင့်ကောင်းကင်ထက်ကို လွှင့်တင်လိုက်ကြတယ်တဲ့။ ဟိုးမမြင်ရတော့တဲ့ အမြင့်တစ်နေရာကို အဲဒီစာရေးထားတဲ့စွန်ကလေး ရောက်ပြီဆိုရင်တော့၊ စွန်လွှတ်ထားတဲ့ ကြိုးကို ညှပ်ပစ်လိုက်ကြတယ်တဲ့။ စွန်ကလေးကို ကောင်းကင်လေဟာနယ်ထဲမှာ ဖျောက်ပစ်လိုက်ကြတာပေါ့။ သူတို့တွေ ဘာကြောင့်ဒီလို လုပ်ကြတာလဲလို့ စဉ်းစားမိရဲ့လား။



စွန်ကလေးက သူတို့ရဲ့အပြစ်တွေကို ဟိုးအဝေးဆီ ယူသွားပေးပြီး၊ အဲဒီလို မကောင်းတဲ့အရာတွေ အကျင့်တွေကိုလည်း နောက်ထပ် မကျူးလွန်တော့ဘူး၊ မပေါ်လာနိုင် တော့ဘူးဆိုပြီး ယုံကြည်လို့ လုပ်ကြတာတဲ့။

အဲဒီလိုလုပ်လို့ ကိုယ့်မှာရှိတဲ့ အပြစ်တွေ၊ မကောင်းတဲ့အကျင့်တွေ ပျောက်သွားနိုင်လို့လား။ မမတော့ မယုံပါဘူး။ အပြစ်တွေကို တကယ်ပျောက်ကင်းအောင် လုပ်ပေးနိုင်တဲ့သူက ဘုရားသခင်တစ်ပါးတည်းသာရှိတာပါ။ လူတွေရဲ့ ခွန်အားနဲ့ ဘယ်လိုမှ မဖျောက်ဖျက်နိုင်ပါဘူး။ ဒါကြောင့်မို့လည်း ဘုရားသခင်က လူသားတွေအတွက် ကယ်တင်ရှင်သခင်ယေရှုကို ပြင်ဆင်ပေးခဲ့တာပါ။ သခင်ယေရှုကို ယုံကြည်လက်ခံသူမှသာ အသစ်သောအသက်တာနဲ့ အသစ်သော ပြုပြင်ခြင်းကိုခံရမှာပါ။

ကျမ်းစာထဲမှာလည်း အဖြစ်အပျက်တစ်ခု ရှိတယ်လေ။ တစ်ခါတုန်းက တစ်ဆယ့်နှစ်နှစ်လုံး သွေးသွန်ရောဂါဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်တဲ့။ သူ့မှာ ရှိသမျှဥစ္စာတွေနဲ့ ရောဂါကို ကုပေမယ့် မပျောက်တဲ့အပြင် ရောဂါတောင်ပိုတိုးလာခဲ့တယ်။ (၁၂)နှစ်တောင် ရောဂါခံစားနေရတယ်ဆိုတော့ သိပ်ပြီးစိတ်ညစ်၊ စိတ်ပျက်နေရတာပေါ့။ ဒါပေမယ့် သခင်ယေရှုရဲ့ သတင်းကိုကြားတော့ "ငါလည်းပဲ သခင်ရဲ့ အဝတ်တော်ကို တို့လိုက်ရရင်တော့၊ ငါ့ရောဂါတွေ ပျောက်သွားနိုင်တယ်"လို့ ယုံကြည်နေတယ်။အဲဒီလိုနဲ့ သခင်ယေရှုလာတော့ လူတွေတိုးနေရတဲ့ကြားကပဲ အနောက်နားကနေ သခင်ရဲ့ အဝတ်တော်ကိုတို့လိုက်တယ်တဲ့။ အဲဒီခဏလေးအချိန်မှာပဲ သူ့ရဲ့ရောဂါတွေအားလုံး ပျောက်သွားတယ်လို့ သိရှိခံစားလိုက်ရတယ်။



သခင်ယေရှုကလည်း သူ့ကိုယ်ကနေ တန်ခိုးထွက်သွားတာကို သိလိုက်တော့ ဘယ်သူတို့သလဲလို့ မေးပြီး ကြည့်လိုက်တဲ့အခါ၊ အဲဒီမိန်းမကလည်း ကြောက်ရွှံ့တုန်လှုပ်မှုတွေနဲ့ ကိုယ်တော့်ရှေ့မှာ ပျပ်ဝပ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့အဖြစ်ကို ပြောပြလိုက်တယ်ဆိုရင်ပဲ သခင်က "သင့်ရဲ့ ယုံကြည်ခြင်းက သင့်ရဲ့အနာကို ငြိမ်းစေပြီ"လို့ မိန့်တော်မူလိုက်တယ်။ ရောဂါသည် မိန်းမဟာ သခင့်ဆီသွားရင် ရောဂါပျောက်တယ်လို့ သိတာနဲ့ သွားခဲ့လို့(၁၂)နှစ်လုံးလုံး ခံစားခဲ့ရတဲ့ ရောဂါကနေ လွတ်မြောက်ခဲ့ရတယ်။
မောင်လေး၊ ညီမလေးတို့ရော ကိုယ်ကိုတိုင်မကြိုက်တဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ချင်ရင် ဘုရားသခင်ကို ဆုတောင်းပြီး ပြောပြပါ။ (၁၂)နှစ်လုံး ရောဂါခံစားခဲ့ရတဲ့ မိန်းမတောင် ပျောက်ကင်းခဲ့ရပြီ။ ဒါကြောင့် မောင်လေး၊ ညီမလေးတို့မှာ ရှိတတ်တဲ့ တီဗီဂိမ်းစွဲတဲ့ အကျင့်တွေ၊ ဆေးလိပ်စွဲတဲ့အကျင့်၊ ရောဂါစွဲနေတဲ့အရာ မှန်သမျှကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တာ ဘုရားသခင် တစ်ပါးတည်းသာ ရှိတယ်ဆိုတာကို သတိရပါ။ သိပြီဆိုတာနဲ့ သခင့်ဆီသို့ တကယ်ပဲ အရောက်သွားလိုက်ပါ။
အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။


မှတ်ချက်။ ။ ကလေးပုံရိပ် ခရစ်ယာန်ရုပ်စုံမဂ္ဂဇင်း၌ ရေးသားဖော်ပြခြင်းခံရဖူးသည်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။