Pages

Sunday, April 29, 2012

ဂျပန်ခေတ် လက်ရာကောက်ကြောင်းများ ရှိရာသို့

" ကဲ... လူစုံရင် တို့အဖွဲ့ရဲ့ လေ့လာရေးခရီးစဉ်လေးကို စလိုက်ကြရအောင်”
ကျောင်းသားကျောင်းသူများ လူစုံပြီဖြစ်၍ ထိုင်ပေမြို့တွင်း လေ့လာရေးခရီးစဉ်ခြေလှမ်းကို စတင်ရန် ကျွန်မတို့ အဖွဲ့ငယ်၏ လက်ထောက်ဆရာက ဆော်သြလိုက်ပါသည်။

လက်ထောက်ဆရာ ရွေးချယ်ထားသော လေ့လာမှုဦးတည်ချက်မှာ ဗိသုကာမိတ်ဆက်ဘာသာရပ် လေ့လာနေသော ကျောင်းသားကျောင်းသူများအား ထိုင်ပေမြိုရှိ့ ဂျပန်ခေတ် လက်ရာအငွေ့အသက်များဖြင့် ထည်ဝါလျက်ရှိနေသော သမိုင်းဝင်အဆောက်အဦးတစ်ချို့နှင့် မိတ်ဆက်ပေးခြင်းပင်ဖြစ်သည်။

ကျွန်မတို့ရောက်ရှိသွားရာ ပထမဦးဆုံးနေရာမှာ ထိုင်ဝမ်တက္ကသိုလ်ဆေးရုံဟောင်း အဆောက်အဦးပင်ဖြစ်သည်။ ယခင်အချိန်အခါများ၌   ဤအဆောက်အဦးရှေ့မှ အကြိမ်ကြိမ်ဖြတ်လျှောက်သွားခဲ့ဘူးသော်လည်း သမိုင်းဝင်လက်ရာများဖြင့် တော်ဝင်နေသည့် ဤအဆောက်အဦး၏ ထူးခြားချက်များကို တစ်ခါမျှ ခြေလှမ်းရပ်၍ပင် နက်နက်နဲနဲ ကြည့်ရှုလေ့လာမှုမရှိခဲ့ဘူးပါ။ ယခုကဲ့သို့ လေ့လာရေးခရီးစဉ်တွင်း ဆရာ၏ ရှင်းလင်းပြောပြချက်များကြောင့် ဂျပန်ခေတ်လက်ကျန်သမိုင်းဝင်ဖြစ်လျက်ရှိနေသည့်  ဤအဆောက်အဦး၏ အကြောင်းအရာ တစ်ချို့ကို သိရှိနားလည်ခွင့် ရခဲ့ပါသည်။

ဒီိီိီိီphotoကတော့ website တစ်ခုက copy ယူထားတာပါ။

အနီရောင်အုတ်များနှင့်ပေါင်းစပ်ဖွဲ့စည်းထားသည့် ဤသုံးထပ်ဆေးရုံအဆောက်အဦးကြီးသည် သူ့ခေတ်သူ့အခါ၌ အရှေ့အာရှရှိ ကြီးမားထည်ဝါလှသည့် ဆေးရုံများအတွင်း တစ်ခု အပါအဝင် ဖြစ်ခဲ့ကြောင်း သိရသည်။ အဆောက်အဦးဆင်ဝင်ဝကို ပုံ၌မြင်ရသည့်အတိုင်း လုံးပတ်တိုင်ြကီးများဖြင့် အခိုင်အမာ တည်ဆောက်ထားသည်။ မျက်နှာစာ၌ တိုင်နှစ်လုံးစုထားသည့် တိုင်မကြီးနှစ်ခုရှိသကဲ့သို့ ထောင့်နှစ်ဘက်၌်မူ တိုင်လုံးသုံးလုံးတစ်စုဖြင့် ဆင်ဝင်ဝရှိ ဝရံတာ၏အားကို ထောက်မထားကြသည်ကို တွေ့ရပါသည်။ "ဒီလို ဝရံတာတွေရှိတဲ့ အဆောက်အဦးပုံစံတွေကို ဂျပန်ခေတ်လက်ရာ အဆောက်အဦးတော်တော်များများမှာ တွေ့ရလေ့ရှိတယ်" ။ ဆရာက ကျွန်မတို့ကို ရှင်းပြနေစဉ်၌ ကျွန်မ၏အတွေးထဲ၌မူ ကျွန်မတို့နိုင်ငံရှိ အစိုးရ အဆောက်အဦးအများစု၌ ထိုကဲ့သို့ ဆင်ဝင်ဝရံတာများဖြင့် ဆောက်လုပ်ထားကြသည်ကို မြင်ရောင်မိပါသည်။ ”သြော်ဒါတွေက ဂျပန်ခေတ် အဆောက်အဦး လက်ရာများပေပေါ့” ။...


တိုင်များ၏ ထိပ်တွင်မူ ပန်းခက်များ စပျစ်ခက်သဏ္ဍာန်အုတ်ပန်းကနုတ်များဖြင့် အလှဆင်ထားသည်မှာလည်း ရင်သပ်ရှုမောစရာကောင်းလှပါသည်။ ဥရောပဗိသုကာလက်ရာအငွေ့အသက်များ စီးမျောနေသော ဤအဆောက်အဦး၏ လက်ရာရှင်မှာ ဂျပန်ဗိသုကာပညာသည် ဖြစ်ကြောင်း ဆရာက ကျွန်မတို့ကို ရှင်းပြခဲ့ပါသည်။ ဂျပန်ဗိသုကာပညာရှင်များက ထိုခေတ်အချိန်၌ ဥရောပနိုင်ငံများသို့သွား၍ ဒီဇိုင်းပညာများသွားရောက်လေ့လာခဲ့ကြ၍ ဥရောပလက်ရာများရစ်နှောင်နေကြခြင်းဖြစ်ကြောင်း ဆရာက လက်ညှိုးတထိုးထိုးနှင့် အဆောက်အဦး၏ နိဒါန်းအကြမ်းဖျင်းကိုပြောပြအပြီး၌ နောက်ထပ်သွားရောက်လေ့လာမည့် နေရာသို့ ဦးဆောင်ချီတက်ပါတော့သည်။ ဒုတိယနေရာ ရောက်မှသာ အဆောက်အဦးထဲသို့ ဝင်၍ကျကျနနလေ့လာခွင့်ရပါတော့သည်။


နောက်ထပ်လေ့လာခွင့်ရသည့် အဆောက်အဦးမှာ  ဂျပန်ခေတ် သမ္မတအိမ်တော်ရာ အဆောက်အဦးပင်ဖြစ်သည်။ လက်ရှိ၌မူ ဤသမိုင်း ဝင်အဆောက်အဦးကို ထိုင်ပေနိုင်ငံတော်ဧည့်ဂေဟာဟု ပြောင်းလဲခေါ်တွင်လျက်ရှိသည်။




လက်ထောက်ဆရာက ကျွန်မတို့ကျောင်းသားတစ်စုကို စိတ်ရှည်လက်ရှည် ရှင်းပြနေသည့်ပုံ။
(ဤလက်ထောက်ဆရာသည် NGOအဖွဲ့တစ်ခုနှင့်အတူ မြန်မာပြည်သို့လည်း သွားရောက်ခဲ့ဘူးသူဖြစ်သည်။ )








ကျွန်မသည် ဆရာရှင်းပြသည်ကိုပင် နားမထောင်အားပဲ ဥရောပဆန်ဆန်နှင့် ခန့်ညားလှသည့် ဤအဆောက်အဦး၏ပုံရိပ်များကိုသာ လက်လှမ်းမှီရာ မှတ်တမ်းဓတ်ပုံရိုက်ကာ အလုပ်ရှုပ်နေပါသည်။ သုံးထပ်ဖြစ်သည့် ဤအဆောက်အဦး၏ ထိပ်ပိုင်း ဆောက်လုပ်ထားသော လက်ရာများသည် အလွန်လက်ရာမြောက်လှပေသည်။ ထောင့်ချိုးများ တစ်ပိုင်းနှင့် တစ်ပိုင်း၏ ဒီဇိုင်းများမှာ ပုံစံတူ တသမတ်တည်းမဟုတ်ပေ။ အဆောက်အဦးပေါ်၌ တန်ဆာဆင်ထားသော အုတ်ပန်းကနုတ်များကလည်း ညှို့ယူလွန်းပေစွ။ ကျွန်မမှာ နေရာတစ်ခု၌ တမေ့တမျော ကြည့်နေမိတတ်၍ အဖွဲ့သားများနှင့် မျက်ခြေပြတ်ကျန်နေခဲ့တတ်သည်။ အဖွဲ့များနှင့်အတူသွားသည့် လေ့လာရေးခရီးစဉ်ဖြစ်သောကြောင့် အချို့စိတ်ဝင်စားစရာကောင်းသည့် လက်ရာများကို စိတ်တိုင်းကျဓတ်ပုံရိုက်ရန် လက်လွတ်လိုက်ရသည်။







အဆောက်အဦးထဲသို့ ဝင်ဝင်ခြင်း၌ ဤအဆောက်အဦး ဗိသုကာပညာရှင်၏အကြောင်းတစေ့တဆောင်းကိုလည်း ပုံထောင်စင်လေးဖြင့် လေ့လာသူများအား မိတ်ဆက်ပေးထားပါသည်။


နှစ်တစ်ရာနီးပါးသက်တန်းရှိနေပြီဖြစ်သည့် ဤအဆောက်အဦးမှာ ၁၉၁၁ ဂျပန်ခေတ်၌ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ စတုတ္ထမြောက် သမ္မတမှ တစ်ဆယ့်ကိုးယောက်မြောက်ထိ စုစုပေါင်း ဆယ့်ခြောက်ယောက်သော သမ္မတများနေထိုင်ခဲ့သည့် အိမ်တော်ရာဖြစ်ပေသည်။ နောက်ပိုင်း၌မူ နိုင်ငံခြားရေးဝန်ကြီး ဌာနပိုင် နိုင်ငံခြား ဧည့်ဂေဟာအဖြစ်နှင့် နိုင်ငံတော် ဧည့်ခံပွဲများကျင်းပရာ နေရာအဖြစ် ပြောင်းလဲခဲ့ကြသည်။

အဆောက်အဦးတွင်းသို့ ဝင်ရောက်လေ့လာစဉ် အတွင်း၌ တာဝန်ကျသော ဝန်ထမ်းများက အလင်းများတဖြတ်ဖြတ်နှင့် ဓတ်ပုံရိုက်ခြင်းကို တားမြစ်ကြသည်ကို တွေ့ရသည်။ "အတတ်နိုင်ဆုံး တိုးတိုးတိတ်တိတ် ရိုက်ကြပါ " ဟုဆို၍ အတွင်း၌ ရိုက်ယူခဲ့သောပုံများမှာ မွဲခြောက်ခြောက်နှင့် ။


အတွင်း၌ ပရိဘောဂများကို ပုံစံမျိုးစုံနှင့် တွေ့ရပါသည်။ အနောက်တိုင်းပုံစံ ဧည့်ခန်းတွင်း မီးလင်းဖိုများလည်း တွေ့ရပါသည်။ ထို့ပြင်ရှေးခေတ်သုံး ပန်းကန်ခွက်ယောက်များကိုလည်း မှန်ဗီရိုများဖြင့် ကျကျနန ထိန်းသိမ်းထားသည်ကိုလည်း တွေ့ရပါသည်။




ထို့ပြင်အနုပညာလက်ရာ မြောက်လွန်းလှသည့် လှေကားတန်းများကိုလည်း ယခုကဲ့သို့ မြင်တွေ့ခဲ့ရပါသည်  ။


 အဆောက်အဦး အတွင်း၌ရှိသော ထူးခြားလှပသည့် လက်ရာများကို လေ့လာပြီးသည်နှင့် အနောက်ဘက် ၌ရှိသော ပန်းခြံလေးသို့ သွားကြည့်ကြပါသည်။ ဂျပန်စစ်သားခမောက်သဏ္ဍာန် အမိုးရှိသည့် အနားယူနိုင်သော ချစ်စဖွယ် လေသာဆောင်ကိုလည်း တွေ့နိုင်ပါသည်။



ဘဲသည်လည်း  ရေကန်တွင်း၌ ပျော်မြူးစွာ ကူးခတ်နေလေစွ။



ကျွန်မတို့အုပ်စုသည်  ထိုင်ပေဧည့်ဂေဟာကို လေ့လာ၍အပြီး၌ နောက်ဆုံးလေ့လာမည့် နိုင်ငံတော်သမ္မတအိမ်တော်သို့ ဆက်လက်ချီတက်ကြပါသည်။ ၁၉၀၇ခုနှစ်၌ဆောက်လုပ်ခဲ့သော ဤအဆောက်အဦးသည် ဒုတိယကမ္ဘာစစ်အတွင်း၌ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသောကြောင့် ၁၉၇၈ခုနှစ်၌ ပြန်လည်၍ မွမ်းမံဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။













သမ္မတအိမ်တော်ကို အဝေးကနေ လှမ်း၍မြင်နေရပေပြီ။




အဆောက်အဦး၏ အုတ်နီဖြူစပ်ကြားဒီဇိုင်းသည်၎င်း၊ ဆင်ဝင်အုတ်တိုင်ဒီဇိုင်းပုံစံသည်၎င်း  ပထမသွားကြည့်ခဲ့သည့် ဆေးရုံ၏ ဒီဇိုင်းနှင့် ခပ်ဆင်ဆင်ပင်။ ဤဗိသုကာဒီဇိုင်းပုံစံမျိုးသည် ၁၅ရာစုမှ၁၇ရာစုအတွင်း ဥရောပအရပ်ဒေသများတွင်တွေ့ရလေ့ရှိသော late-Renaissance style ဖြစ်သည်။

သမ္မတအိမ်တော်ပတ်ပတ်လည်တွင်း လုံခြုံရေးများတင်းတင်းကြပ်ကြပ်ချထားသည်ကို တွေ့ရသည်။ အိမ်တော်ဝင်းအတွင်း ဝင်ရောက်လေ့လာရန်အတွက်လည်း အိတ်များကိုစစ်ဆေးပြီးမှသာ ဝင်ခွင့်ရပါသည်။



အိမ်တော်ထဲသို့ရောက်လျှင်ရောက်ခြင်း  ပျူဌာသည့်အပြုံးများဖြင့် ဖော်ရွှေစွာဆီးကြိုနေသော သမ္မကြီး မာရင်းကျုံ၏ ပုံတူအရုပ်ကို တွေ့ရပါသည်။ အလွန်ရုပ်ဖြောင့်သော သမ္မတကြီးပင်။




ပထမထပ်မှ y ပုံသဏ္ဍာန်ရှိလှေကားအတိုင်းတက်သွားပြီး ဒုတိယထပ်သို့သွား၍ ကြည့်ရှုနိုင်ပါသည်။



အဆောက်အဦးတွင်းရှိ စည်းဝေးခန်းများကိုလည်း စင်္ကြံလမ်းမှတစ်ဆင့်  ဤသို့ လှမ်း၍ကြည့်ရှု လေ့လာခွင့်ရပါသည်။ စင်္ကြံလမ်းများတွင်လည်း နိုင်ငံတော်ပိုင် လက်ဆောင်ပဌာများကို မှန်ဗီရိုများနှင့် တခမ်းတနား ထိန်းသိမ်းပြသထားသည်ကို မြင်တွေ့ရပါသည်။ သမ္မတကြီးနှင့်လက်ဆွဲနှုတ်ဆက်လို့ရသည့် ပုံတူရုပ်တုကိုလည်း တွေ့ရပါသေးသည်။ ကျွန်မသည်လည်း လူများတန်းစီစောင့်၍ပင် အမှတ်တရ ဓတ်ပုံရိုက်ခဲ့ပါသေးသည်။

အိမ်တော်သို့ရောက်စဉ် ကျွန်မ၏ခြေလှမ်းများ လေထဲတွင် လှမ်းနေသကဲ့သို့ ခံစားရပါသည်။ "ငါရောက်နေတဲ့ နေရာက နိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်တဲ့ အဆင့်အမြင့်ဆုံးဌာန ပါလား” ဟူ၍ ဂုဏ်ယူမိသလိုလို။ ထို့ကြောင့် အဆောက်အဦးများသည် အပြင်ကကြည့်လျှင် သက်မဲ့သည်ဟုထင်ရသော်လည်း သူနှင့်ထိတွေ့နေရသူကို ရသများပေးနိုင်စွမ်းပါသည်။ ဤသို့သော သမိုင်းဝင်အဆောက်အဦးများဆိုလျှင် ပို၍ပင် ရသမြောက်လှပေသည်။ ထို့ကြောင့် ကျွန်မသည် အဆောက်အဦးများ၏ ဗိသုကာလက်ရာကောက်ကြောင်းများကို ကြည့်ရှုရသည်ကို ခုံမင်လှပေသည်။


လူသားများသည် နှစ်ကာလနှင့်အတူ ရှင်သန်လှုပ်ရှားကြရသည်။ လူများနှင့်အတူ အဆောက်အဦးများသည်လည်း အဖော်ပြုရှင်သန်ခဲ့ကြသည်။ နှစ်များအလီလီ ပြောင်းလဲခဲ့ကြသည်။ ထို့အတူ လူများအရီရီ လောကကြီးမှ နှုတ်ဆက်ထွက်ခွာသွားကြရသည်။ သို့သော်ထိုလူသားများနှင့် လက်ပွန်းတသီးရှိခဲ့ကြသော အဆောက်အဦးများကိုတော့ နှောင်လာလူသားများအတွက် အမွေထားရစ်ခဲ့ကြပါသည်။ ထိုသမိုင်းဝင်အဆောက်အဦးများပြောပြသော ရှေးဘိုးဘေးလူသားများအကြောင်း နားထောင်ရသည်ကို ကျွန်မမြတ်နိုးလှပေ၏။ ဤလေ့လာရေးခရီးစဉ်အတွင်း ကျွန်မတီးတိုးကြားခဲ့ရသည့်အရာများမှာ တန်ဖိုးကြီးလှပေစွ။

Tuesday, April 3, 2012

sketch up (or) project 2

Engineerings Graphics ဘာသာရပ်၌ Acto CAD ပုံဆွဲဒီဇိုင်းကို သင်ယူပြီးနောက်၊ ထပ်မံ သင်ကြားရသော software မှာ sketch up ဟုခေါ်သည့် 3D ပုံဆွဲဒီဇိုင်းပင် ဖြစ်ပါသည်။ ဆရာက sketch up တွင်းရှိ drawing menu နှင့် toobars များ၏ အသုံးပြုပုံပြုနည်းများကို အကြမ်းဖျင်းသဘော သင်ကြားပေးပြီးနောက် ယခင်အခါကဲ့သို့ပင် အဖွဲ့ခွဲပြီး project ပြုလုပ်ခိုင်းပါသည်။
ကျွန်မတို့ အဖွဲ့သားများမှာ ယခင် Acto CAD project စဉ်ကတွဲခဲ့သော ရွှင့်တုံးနှင့် ကျွန်မဖြစ်သလို၊ ဆွဲရန်ရွေးချယ်ထားသော အဆောက်အဦးမှာလည်း taiwan university တွင်းရှိ စိတ်ပညာဌာနပင်ဖြစ်ပါသည်။ဤစိတ်ပညာဌာနသည် မြေအောက်တစ်ထပ်နှင့် မြေပေါ်သုံးထပ်ရှိသော အဆောက်အဦးဖြစ်ပါသည်။
ပုံဆွဲရန် အတိုင်းအတာများကိုမူု ပထမ Project လုပ်စဉ်မှ ရယူထားပြီးဖြစ်၍ ထိုအတွက်အချိန်ထပ်ယူစရာမလိုတော့ပေ။



ပထမအဆင့်အနေနှင့် sketch up ပေါ်၌ပုံဆွဲရန် google earth ကို အသုံးပြု၍ စိတ်ပညာဌာနကို ရှာပြီး နေရာယူလိုက်ပါတယ်။
plan view
Google မှာ မြင်နေရတဲ့ ပုံအတိုင်း တူပါတယ်နော်း)
front view ပုံကြမ်းပါ။
front view ပုံချောထွက်လာပါပြီရှင်။



3Dအနေအထားနဲ့ မြင်တွေ့နေရတဲ့ ကျွန်မတို့အဖွဲ့ လက်စွမ်းပြထားတဲ့ ပုံပါ။
ပုံကို မိမိလိုရာ view အတိုင်းမြေလျှိုးမိုးပျံ ရွှေ့လျားလို့ရသည့်အတွက် sketch up နည်းဖြင့် ပုံဆွဲရသည်မှာ ပင်ပန်းသော်လည်း ပျော်စရာကောင်းလှပါသည်။ အုတ်ခဲ၏ အရောင်များကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ အရောင်ရွေးခြယ်လို့လည်းရပါသည်။ ထို့ကြောင့် sketch up နည်းဖြင့် အဆောက်အဦးများ၏ ဒီဇိုင်းပုံများကို ဆွဲရခြင်းက အလွန်အဆင်ပြေလှပေသည်။



sketch up နဲ့ဆွဲထားတဲ့ rear viewပုံပါ။




ဒါကတော့ ActoCad rear view ပုံပါ။
sketch up နှင့် ဆွဲထွက်လာသည့် 3Dပုံကပိုပြီးအသက်ဝင်သကဲ့သို့ Acto CADထက်လည်း အချိန်ပိုပြီးပေးရပါသည်။ ဆွဲခါစမို့ အကြောင်းမသိသေးတာလည်း ဖြစ်နိုင်ပါသည်။ မျဉ်းပြတ်များ တစ်ကြောင်းနှင့်တစ်ကြောင်း ဆက်စပ်နေသည်ကို သတိမထားမိပဲ သေချာမဆက်ထားမိသည့်အချိန်မျိုး၌ အဆောက်အဦး၏ပုံကို လိုရာအနေအထားသို့ ရွှေ့ပြောင်းဆွဲယူသည့်အခါ တစ်ချို့အပိုင်းက ပြတ်ကျန်သွားခြင်းမျိုးလည်း ခဏခဏ ကြုံရတတ်ပါသည်။ ထို့ကြောင့် sketch up ပုံဆွဲဒီဇိုင်းပုံများက ဖျတ်လပ်တက်ကြွပြီး အရောင်အသွေးကြွယ်ဝနေသည့် ဆယ်ကျော်သက်အရွယ်နှင့် တူလှပါသည်။ လန်းဆန်းတက်ကြွနေသည့် အရွယ်ဖြစ်သည့်အတွက်လည်း သူတို့ကိုထိန်းရသည်မှာ အလွန်ခက်သည်မဟုတ်လား။ ဤသဘောအတိုင်းပင် sketch up ဖြင့်ပုံဆွဲစဉ်၌ လက်ငြိမ်ရန် အလွန်အရေးကြီးပါသည်။ တစ်ချက်မှားတာနှင့် ပုံများကို ပြန်ပြီးအချောသပ်ရသည်မှာ လက်ဝင်လွန်းလို့ပါရှင်။ ပုံများကို ရွှေ့လျားသည့်အရာမှာ လွယ်ကူသော်လည်း ထိန်းရသည်မှာ တော်တော်လေး လက်ဝင်လှသည်ကိုတွေ့ရပါသည်။
စိတ်ပညာဌာန အမှတ်အသားပြ သစ်သားဘောင်
ဒီပုံလေးရန် တစ်ရက်နည်းပါး အချိန်များပေးပြီး ဆွဲယူလိုက်ရပါသည်။ ကြည့်လိုက်လျှင် လွယ်ကူမည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့၌ ပုံချောထွက်လာရန် ဆွဲယူရသည်မှာ ရင်မောလွန်းလှပါသည်။ ဆွဲလိုက၊် ဖျက်လိုက်နှင့် လိုရာမရပဲ အလွန်လက်ဝင်လှသည်။ ထို့ကြောင့် ကျွန်မသူငယ်ချင်းတစ်ယောက်၏ အိမ်စာ၌ ယခုလိုရေးထားခြင်းကို ဖတ်လိုက်ရပါသည်။“ sketch up ပုံဆွဲတာ ဘဲရေကူးတာနဲ့ တူတယ်။ အပြင်ပန်းကြည့်လိုက်ရင် ငြိမ်ငြိမ်သက်သက်နဲ့ ရေပြင်ပေါ်စီးမျှောနေတာကိုပဲ မြင်ကြရပေမယ့်၊ တကယ့်ရေအောက်ထဲမှာတော့ ရုန်းကန်ကူးခတ်နေရတဲ့ ဘဝပါ“ တဲ့။
right side view and left side view
ကျွန်မတို့ project အိမ်စာများကို ကျောင်း website ပေါ်ရှိ computer upload စနစ်နှင့်ဆရာကို ပေးပို့ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိမ်စာများကို တစ်တန်းလုံးရှိ ကျောင်းသူကျောင်းသားအားလုံး လေ့လာဝင်ကြည့်လို့ရပါသည်။ ကျွန်မလည်း တစ်ခြားအဖွဲ့များ၏ ဆွဲပုံဆွဲနည်းများကို ဝင်လေ့လာဖြစ်ပါသည်။ ထိုင်ဝမ်ကျောင်းသားများ စာကြိုးစား၍ အိမ်စာများးကို အကောင်းဆုံးလုပ်ဆောင်ကြကြောင်း မြင်တွေ့ရပါသည်။ တစ်ချို့အဖွဲ့များ၏ပုံများ အလွန်လက်ရာမြောက်လှပါသည်။
တစ်ချို့ကျောင်းသားများက အခြေခံပုံဆွဲနည်းကို အထက်တန်းကျောင်းတက်စဉ်ကတည်းက သင်ယူခဲ့ပြီးကြောင်း သိရပါသည်။ ကျွန်မမှာတော့ ယခုအတန်းတက်စဉ်မှသာ sketch up နဲ့ ထိတွေ့ရသည်မို့ ဤအိမ်စာကို လုပ်သည့်အခါ၌ သူငယ်ချင်း ရွှံ့တုံးကို တော်တော်လေး အားကိုးလိုက်ရပါသည်။ ကျွန်မတစ်ယောက်တည်းလုပ်မည်ဆိုရင် တစ်လနေ၍မျှ ဤအိမ်စာကိုလုပ်ပြီးမည် မထင်ပါ။ ထို့ကြောင့်ပင်ဖြစ်မည်ထင်။ ဆရာများက အင်ဂျင်နီယာကျောင်းသားတွေအား အဖွဲ့နှင့်လုပ်ဆောင်တတ်ရန် အထပ်ထပ်နည်းပေးလမ်းပြလေ့ရှိပါသည်။
ယခုအိမ်စာအတွက် ကျွန်မတို့တစ်ခန်းသားလုံး တစ်ပတ်နည်းပါးမျှ အိပ်ရေးပျက်ပင်ပန်းခံပြီး အားထုတ်လိုက်ကြရပါသည်။ ကျွန်မနှင့် ရွှံ့တုံးသည်လည်း သောကြာနေ့နံနက်၉.၀၀နာရီအတန်းအမှီတင်ရမည့် ဤအိမ်စာကို ကြာသပတေးညနေအထိ ဆွဲကြသည်မှာ လက်စမသတ်နိုင်ပဲ ရှိနေပါသည်။ ထို့ကြောင့် ကြာသပတေးညလုံးပေါက် အိပ်ချင်သည့်စိတ်ကိုဘေးချိတ်ကာ၊ နှစ်ယောက်သား msn ကိုယ်စီဖွင့်၍ တစ်ယောက်ဆွဲပြီးသားပုံများကို ပို့လိုက်၊ အချောသပ်စာစီကုံးလိုက်နှင့် ညလုံးပေါက် အချိန်ပေးလိုက်ရပါသည်။
မည်သို့ပင်ဖြစ်စေ ပေးလိုက်ရသည့် ပင်ပန်းမှုများနှင့် ထိုက်တန်အောင် ဆွဲထွက်လာသည့် ပုံများက ကျွန်မတို့နှစ်ယောက်စလုံးကို အမောပြေစေခဲ့ပါသည်။