Pages

Friday, March 30, 2012

အမှိုက်ကိုယ်စီမှာလည်း အသိုက်ကိုယ်စီနဲ့ပါ


ထိုင်ဝမ်လူမျိုးတွေရဲ့ လေးစားအတုယူဖို့ကောင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခုကို ပြောပြပါလို့ တစ်စုံတစ်ယောက်က ကျွန်မကိုမေးခဲ့မယ်ဆိုရင၊် “ အမှိုက်တွေကို အမျိုးအစားခွဲပြီးပစ်လေ့ရှိတဲ့ သူတို့ရဲ့ မြို့ကြီးသားပီသတဲ့ စနစ်ကောင်းပါ”လို့ မဆိုင်းမတွ ဖြေလိုက်မှာပါ။
 
လူတွေသက်ရှိသွားလာနေထိုင်ကြတဲ့ ပတ်ဝန်းကျင်လူနေမှုကြားမှာ အမှိုက်တွေဟာ တစ်နည်းနည်းနဲ့ ရှိနေနိုင်ပါတယ်။ ဒါကြောင့် အမှိုက်ပုံးများဟာ လူပတ်ဝန်းကျင်မှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါပေမယ့် လူတွေက အမှိုက်ပုံးဆိုရင် မကိုင်ချင်၊ မထိချင်နဲ့ နေရာမပေးတတ်ကြပါဘူး။ တကယ့်တကယ် အမှိုက်ပစ်ဖို့လိုအပ်လာတဲ့အခါကြမှသာ အမှိုက်ပုံးများကို ကျီးကန်းတောင်းမှောက် ရှာဖွေပြီး ပစ်ကြတာပါ။ အမှိုက်ပစ်ရာမှာလည်း ပြီးစလွယ် ပစ်ကြတာကို စိတ်ပျက်ဖွယ် မြင်တွေ့ရတတ်ပါတယ်။
 
ထိုင်ဝမ်နိုင်ငံမှာတော့ အမှိုက်တွေကို စနစ်တကျ ပစ်လေ့ရှိကြပါတယ်။ သာမှန်မီးရှို့လို့ရတဲ့ အမှိုက်များနှင့် recycle အမှိုက်များဆိုပြီး ခွဲခြား၍ပစ်ကြခြင်းပါ။ recycle အမှိုက်ထဲမှာလည်းထပ်၍ ပလတ်စတစ်အမျိုအစားက တစ်မျိုး၊ ဖန်အမျိုးအစားများက တစ်နည်း၊ စက္ကူအမျိုးအစားက တစ်ဖွယ်၊ လျှပ်စစ်အမျိုးအစားများက တစ်သွယ်၊ သံအမျိုးအစားများက တစ်နွယ် စသည်ဖြင့် အမျိုးအစားများခွဲခြား၍ စွန့်ပစ်လေ့ရှိပါတယ်။ ဒီအလေ့အထကောင်းလေးကို ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း စနစ်ကောင်း တစ်ခုအဖြစ် ပြုပြင်လုပ်ဆောင်လာနိုင်ဖို့ မျော်လင့်မိတာ အမှန်ပါ။
 
ဒါကြောင့်ဒီအကြောင်းအရာလေးကို တစေ့တစောင်းလေ့လာပြီး စာစီကုန်းထားချင်မိနေတဲ့ဆန္ဒက ရင်ထဲမှာ သန္ဓေတည်နေတာ အချိန်တော်တော်လေးကို ကြာနေပါပြီ။ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေတဲ့ လက်ရှိအခြေအနေမှာ တစ်ခြားအကြောင်းအရာတွေကို မှတ်တမ်းတင်ရေးဖို့အတွက် ဘယ်လိုမှ အချိန်မပေးနိုင်သေးတာမို့ ကျွန်မရဲ့ဆန္ဒတွေက အပင်ပေါက်ဘဝရောက်ဖို့ အစေ့မကွဲနိုင်သေးတာကြာပေါ့။
 
ဒါပေမယ့် တလောကတုန်းက ဒီဇိုင်းဘာသာရပ်အတွက် အခန်းတွင်းကျောင်းသားများရဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူငယ်ချင်းတစ်ယောက်က ဒီအကြောင်းအရာလေးကို မှတ်တမ်းလုပ်ထားဖူးတယ်ဆိုတာကို ကြားလိုက်ရတဲ့ သတင်းက ကျွန်မအဖို့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ ဒီလိုနဲ့ အဲဒီသူငယ်ချင်းဆီက ရေးထားတဲ့ အကြာင်းအရာလေးကို လေ့လာလို့ရအောင် တောင်းယူထားလိုက်ပါတယ်။ ”နင်လုပ်ထားတဲ့ မှတ်တမ်းစာထဲက ဓတ်ပုံတွေကို လိုအပ်ရင်လည်း သုံးမယ်နော်။ ရရဲ့လား။” " အိုကေ၊ သုံးလို့ရပါတယ်"တဲ့။ ကျွန်မ လိုတရပြီပေါ့။
 
 


 
ထိုင်ဝမ်တက္ကသိုလ်မှာ မြင်တွေ့ရတဲ့ အမျိုးအစားခွဲခြားပြီးပစ်ရတဲ့ အမှိုက်ပုံးပုံများပါ။
recycle အမှိုက်ပုံးပေါ်မှ ပုံစံပြပုံတွေက အမှိုက်ပစ်မယ့် သူတွေအတွက် အလွယ်တကူ အမျိုးအစားခွဲခြားနိုင်စေရန် အသုံးဝင်လှပါတယ်။ ထိုင်ဝမ်ရောက်စ တရုတ်စာမတတ်တခေါက်ကာလမှာ ဒီလိုပုံပြဒီဇိုင်းပုံတွေက ကျွန်မအတွက် အဆင်ပြေလှပါတယ်။
တစ်ချို့အမှိုက်ပုံးပေါ်၌လည်း ပစ်ရမယ့် အမှိုက်အမျိုးအစားကို ယခုလို ပုံပြချိတ်ဆွဲထားတာလည်း ရှိပါတယ်။

 
ကျောင်းတွင်းမုန့်ဆိုင်ရှေ့၌ တွေ့ရသည့်အမှိုက်ပုံးပါ။






 




ကျောင်းတွင်းစားသောက်ဆိုင်များ၌လည်း အမှိုက်များများကို စနစ်တကျခွဲခြားပစ်နိုင်ရန် စီမံထားပေးပါတယ်။ ခွက်ယောက်ပန်းကန်များကိုလည်း အသုံးပြုပြီးလျှင် စနစ်တကျ ပြန်လည်ထားပေးကြရပါတယ်။ ကျောင်းသူကျောင်းသားများ ယခုလို သေသပ်စွာ စွန့်ပစ်ပေးထားခြင်းက ဆိုင်ရှိဝန်ထမ်းများ ပြန်လည်သိမ်းဆည်းသည့် အခါတွင်လည်း လက်မဝင်တော့ပေ။
 




    


ကျောင်းစာသင်ခန်းရှေ့မှာ တွေ့ရတဲ့ အမှိုက်ပုံးများဟာလည်း သေသပ်လှပါတယ်။






 

ပုံမှာမြင်တွေ့တဲ့အတိုင်း ကျောင်းသန့်ရှင်းရေးသမားများကလည်း အမှိုက်ပုံးများကို အလျင်မှီလာရောက် သိမ်းဆည်း ရှင်းလင်းပေးပါတယ်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နည်းလမ်းပေါင်းများစွာနှင့် အားကြိုးမာန်တက် လုပ်ဆောင်နေတဲ့ ယနေ့ခေတ်ကာလမှာ ယခုလို အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်းဟာလည်း အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်နိုင်ပါတယ်။ အကျင့်ကောင်းတစ်ခုကို အလေ့အထအဖြစ် လုပ်ယူရာအစကနဦးအချိန်ကာလမှာတော့အခက်အခဲများ ရှိနိုင်မှာ မြေကြီးလက်ခတ်မလွဲပါ။ သို့သော်လည်း နိုင်ငံသားတိုင်း တစ်ဦးခြင်းမှစ၍ မိသားစု၊ ထိုမှတစ်ဆင့် တစ်နိုငံလုံးလုပ်ဆောင်သွားနိုင်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အကျင့်ကောင်းတစ်ခုကို လက်တွေ့ပြုပြင် အကောင်အထည်ဖော်လာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
 

“ငါတို့ မူလတန်းလောက်ကမှ ဒီစနစ်ရှိလာတာ။ အစကတော့ အကျင့်မရှိဘူးပေါ့။ အလုပ်ရှုပ်တယ်လို့ပဲ ထင်ခဲ့တာလေ။ ကျောင်းတွေကနေ အကျင့်ရှိလာအောင် စနစ်တကျ ပျိုးထောင်ပေးလိုက်တော့ ခုအချိန်မှာ အလေ့အထကောင်းတစ်ခုက ပုံမှန်လုပ်ဆောင်မှုလိုဖြစ်လာရတာပေါ့”ဟု ထိုင်ဝမ်တက္ကသိုလ်ကျောင်းသူ ယွိဝေ ကကျွန်မကို ပြောပြခဲ့ပါတယ်။ ဒီစနစ်ကောင်းကို ထိုင်ဝမ်လက်ရှိသမ္မတ မာရင်းကျုံ က မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်အခါမှာ အင်တိုက်အားတိုက် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 
“အမေရိကားနိုင်ငံမှာတောင် ဒီစနစ်မရှိသေးဘူး”ဆိုပြီး ထိုင်ဝမ်လူမျိုးတွေ အားကျတဲ့ အမေရိကားနိုင်ငံမှာ မလုပ်ဆောင်နိုင်သေးတဲ့ စနစ်ကောင်းတစ်ခုကို ထိုင်ဝမ်နိုင်ငံသားတွေ ကျင့်သုံးလုပ်ဆောင်နိုင်တယ်ဆိုပြီး ထိုင်ဝမ်တက္ကသိုလ်ဆရာတစ်ဦး ဂုဏ်ယူစွာနဲ့ ပြောပြခဲ့တာကိုလည်း ကျွန်မကြားခဲ့ရပါတယ်။ ဆရာပြောကြားနေစဉ်မှာ ကျွန်မရဲ့အတွေးအာရုံထဲမှာတော့ ယခုလို စနစ်တကျ အမှိုက်ပစ်နိုင်မည့် နည်းလမ်းကောင်းများကိုကျင့်သုံးနေတဲ့ ကျွန်မတို့နိုင်ငံသားများရဲ့ ပုံရိပ်ပန်းချီကားချပ်ကြီးကိုသာ ရေးဆွဲနေပါတော့တယ်။


 

Wednesday, March 21, 2012

မီးပုံးပျံ သွားလွတ်မယ် လိုက်ကြအုံးမလားကွယ်

“ မင်မင်၊ ငါတို့ဒီတပတ်အားရက် ဖင်ရှီး(ထိုင်ဝမ်ဖင်ရှီးဒေသ)သွားပြီး မီးပုံးပျံ သွားလွတ်မယ်၊ နင်လိုက်မလား။ ခုမီးပုံးပျံလွတ်ပွဲ ရောက်ပြီလေ။ လူအရမ်းစည်တယ်တဲ့။ သွားရအောင်လေ ”

သူငယ်ချင်း စီးလန်က လည်စရာ၊ ပတ်စရာ၊ စားစရာတွေရှိတိုင်း ကျွန်မကို သတိတရခေါ်တတ်သူပါ။ ခုလည်း မီးပုံးပျံလွှတ်ပွဲရောက်လာပြီဆိုပြီး သတိပေးကာ အဖော်ညှိလာ ပြန်တော့၊ သူနှစ်ခါပြောစရာတောင် မလိုလိုက်ပါ။ အဖော်ညှိလာသူထက် စိတ်အားပိုထက်နေသူက ကျွန်မဖြစ်လို့နေပါသည်။

မီးပုံးပျံလွတ်မည့် ဖင်ရှီးဒေသ သံလမ်းရိုးတလျှောက်ကို ရောက်တော့ သံလမ်းရိုးတလျှောက် အိမ်အောက်ထပ်တိုင်းရှိ ဆိုင်များ၌ မီးပုံးပျံများအပြိုင်အဆိုင်ရောင်းနေကြသည်ကို တွေ့လိုက်ရပါသည်။ မီးပုံးပျံအပြင် ချစ်စရာ မီးပုံးပျံ စားပွဲတင်အရုပ်များနှင့် နံရံချိတ်အလှရုပ်များ၊ သော့တွဲများကလည်း လက်ရာမြောက်ပြီး လှတပတ ရှိလှပါသည်။ ထို့ကြောင့် ဆိုင်တိုင်းနီးပါး ဝယ်သူများနှင့် ကြိတ်ကြိတ်တိုး စည်ကားနေကြပါသည်။ ရောင်းသူဝယ်သူများနှင့် တရုံးရုံး၊ တအုံးအုံး ဖြစ်နေသည့် လူကြားထဲမှ အပျော်များလည်း ကျွန်မတို့ဆီသို့ ကူးစက်လာပါတော့သည်။ ကျွန်မတို့ သူငယ်ချင်းလေးယောက်မှာမူ မည်သည့်ဆိုင်မှ ဝယ်ရနိုးနိုး လျှောက်ကြည့်ရင်း တချို့လူများလွတ်လိုက်သည့် မီးပုံးပျံများကို ခေါင်းမော့ပြီး ငေးကြည့်နေမိကြသည်။
တချို့ချစ်သူစုံတွဲများက ကိုယ့်ချစ်သူကို မည်မျှချစ်ကြောင်း အချစ်ခံစားချက်စာလုံးလေးများကို မီးပုံးပျံပေါ်၌ရေးကာ အတွဲကိုယ်စီနှင့် လွတ်ကြသကဲ့သို့၊ တချို့ကြတော့လည်း အဖွဲ့လိုက်လွတ်ကြပါသည်။ကျွန်မတို့အဖွဲ့ကတော့ ချွေတာရေးအနေနှင့် မီးပုံးပျံတစ်ခုသာဝယ်ပြီး အတူပေါင်းလွတ်ခဲ့ကြသည်။

 

မီးပုံးပျံအပေါ်၌ မိမိ၏ ဆန္ဒများကို ရေးခြစ်ပြီး လွတ်တင်ကြခြင်းပါ။ ဤသို့ မီးပုံပျံလွတ်ပွဲသည် ထိုင်ဝမ်လူမျိုးများ၏ ပျော်စရာကောင်းသည့် ယုံကြည်ရာ ဓလေ့တစ်ခုလည်းဖြစ်ပါသည်။ အထက်သို့ လွှတ်တင်လိုက်သော မီးပံုးပျံနှင့်အတူ မိမိရေးလိုက်သည့် ဆန္ဒများ ပြည့်ဝလာလိမ့်မည်ဆိုသည့် အယူနှင့် ယခုလို လွတ်တင်ြကခြင်းပါ။ ကျွန်မအနေနှင့်မူ ထိုသို့အယုံအကြည်မရှိသော်လည်း ပျော်စရာ ဓလေ့လေးတစ်ခုကို သူငယ်ချင်းများနှင့် အပန်းပြေ ပါဝင်ဆင်နွဲခြင်းတစ်ခုသာပါ။ ကျွန်မသူငယ်ချင်းစီးလန်ကမူ သူဋ္ဌေးမ အမြန်ဖြစ်ရပါစေလိုဟုလည်း ရေးလိုက်ပါရဲ့။ :)
 
ဘော်ပူး ဆိုသည့် အသံနှင့် ရထားကြီးလာတော့ သံလမ်းပေါ်မှလူများက ရှဲကနဲနှင့် ဘေးဘက်ဆီသို့ ဖယ်ကာ ရထားကြီးကို ဝိုင်းကြည့်နေကြပြန်သည်။ ရထားပေါ်မှ လူများကလည်း လက်များဝှေ့ရမ်းကာ အပြုံးများဖလှယ်ပေးကြပြန်ပါသည်။ အမှန်တကယ် ကြည်နူးစရာကောင်းလှပါသည်။သို့သော်လည်း ဤသို့သံလမ်းပေါ်၌ မီးပုံပျံ လွတ်ခြင်းကတော့ အန္တရယ်များလွန်းလှပါသည်။
လွတ်တဲ့သူများလွန်း၍ မီးပုံးပျံပေါ်၌ စာသားများရေးပြီးသော်လည်း နေရာရရန် တန်းစီစောင့်ရပါသေးသည်။ ကိုယ်အလှည့်ရောက်ပြီဆိုသည်နှင့် သံလမ်းပေါ်နေရာလွတ်ဆီသွားပြီး ယခုကဲ့သို့နေရာအကျအနယူလိုက်ကြပါသည်။
မီးပုံးပျံကို မီးညှိပြီးနောက်မှာတော့
Postထုတ်ပြီး ဓတ်ပုံကလည်း အမိအရရိုက်လိုက်ပါသေးသည်။
ဝါး ...အပေါ်ကို တက်သွားပြီ။ ပျော်လိုက်တာ...ပျော်လိုက်တာ။
တချို့လူများ၏ မီးပုံပျံများက လေအဝှေ့၌ အောက်သို့ပြန်ကျတာမျိုးလည်းရှိ၍ မီးပုံးပျံလွတ်စဉ် စိတ်လှုပ်ရှားရပြန်သေးသည်။
 
ကျွန်မတို့ လွတ်တင်လိုက်သည့် မီးပုံးပျံလေးသည် လေးပြေနှင့် အတူ အထက်သို့ တစစ လွှင့်သွားပေပြီ။ ထိုမီးပုံးပျံလေးနှင့်အတူ ကျွန်မ၏ စိတ်လည်း လွှင့်မျောသွားသည်နှင့်တူပါသည်။ အပျော်ဓတ်များနှင့်လူကပေါ့ပါးလန်းဆန်းသွားသည်က အမှန်ပင်။

မီးပုံးပျံလွတ်ခြင်းက ထိုင်ဝမ်နိုင်ငံသားများ စုပေါင်းဆင်နွှဲကြသည့် ပျော်ရွှင်ဖွယ် ဓလေ့တစ်ခု ဖြစ်ပါသည်။ ထိုင်ဝမ်လူမျိုးများ နှစ်သက်သည့် ပွဲတော်တစ်ခုလည်း ဖြစ်ပေ၏။ အစိုးရများကိုယ်တိုင် ဦးဆောင်ပြီး ဒေသတိုင်း၌ မီးပုံးပျံ လွတ်ပွဲများ ပြုလုပ်ပေးလေ့ ရှိပါသည်။ နှစ်သစ်ကြိုဆိုရာ ပွဲတစ်ခုအဖြစ်လည်း တစ်နှစ်ထက်တစ်နှစ် စည်ကားလှပါသည်။ ဤသို့ ဖင်ရှီးဒေသ၏ မီးပုံးပျံလွတ်ပွဲဓလေ့ ဖြစ်ပေါ်လာပုံမှာ.......

ဖင်ရှီးဒေသသည် ထိုင်ပေချိုင့်ဝှမ်းအပြင်ဘက်ပတ်လည်ရှိ တောင်ပေါ်ဒေသပိုင်း၌ တည်ရြှိခင်းဖြစ်ပါသည်။ ဟိုးယခင်အချိန် ထိုဒေသမှလူများက တောင်ပေါ်သို့သွားပြီး နယ်မြေသစ်မြေယိုင်းများကို
ရှာဖွေတူးဖော်လုပ်ကိုင်ကြရပါသည်။ ဆက်သွယ်ရေးခက်ခဲသည့် ကာလဖြစ်သည့်အတွက် ရွာသားများသည် ဆောင်းကာလကုန်စ၊ လယ်မြေလုပ်ငန်းများ ရိတ်သိမ်းပြီးအချိန်ရောက်မှသာ အန္တရယ်များမှလွတ်မြောက်ပြီး ငြိမ်းချမ်းရာကာလသို့ ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားသတင်းပေးသည့် အနေနှင့် မီးပုံပျံများလွှတ်ပြီး သတင်းပေးခဲ့ကြရာမှ ဤဓလေ့လေးပေါ်ပေါက်လာကြောင်း ဖတ်မှတ်ဖူးပါသည်။ နောက်ပိုင်း ယခုခေတ်ကာလများ၌ မီးပုံးပျံ လွှတ်ခြင်းကို ပျော်ရွှင်ဖွယ် ပွဲတော်အဖြစ်ကျင်းပလျက် ဤကဲ့သို့သော ချစ်စရာ အလေ့အထလေးကို အမြတ်တနိုးနှင့် ထိန်းသိမ်းထားကြခြင်းဖြစ်ပါသည်။

အထက်က ပုံနှစ်ပုံကgoogle ထဲကပုံပါ။ လှလွန်းသည့် ကောင်းကင်ကြီးကို ငေးမောကြည့်နေမိလိုက်တာ ကိုယ်တိုင်မှတ်တမ်းဓတ်ပုံရိုက်ဖို့တောင် သတိမရဖြစ်ခဲ့ရပါသည်။

ညနေ နေဝင်ချိန်နောက်ပိုင်း အနီးစပ်ရှိ နေရာတစ်ချို့သို့လည်း ရထားစီးပြီး သွားလည်ဖြစ်ကြပါသေးသည်။ ညမှောင်ရီအချိန်၌ လူများပို၍စည်နေကြောင်း တွေ့ရပါသည်။ မီးပုံးပျံလေးများ ဟိုသည်လွှင့်မျောနေလိုက်ကြသည်မှာ ကောင်းကင်ယံတွင် လပေါင်းအထောင်အသောင်း ထွက်ပေါ်နေသည့်အလားပင်။ ဤသို့ညအချိန် ကောင်းကင်ယံတွင် မီးပုံးပျံများဖြင့် ဆေးခြယ်ထားသည့် သက်ဝင် ပန်းချီကားလေးကို ခေါင်းမော့ငေးမောကြည့်နေရတာ အလွန်ပဲ ကြည်နူးဖို့ ကောင်းလှပါသည်။ ထို့ကြောင့် ဤသို့ပျော်စရာကောင်းလှသည့် နေ့လေးတစ်နေ့၏  အိမ်ပြန်လက်ဆောင်အဖြစ် သယ်ပိုးလာခဲ့သည်ကတော့ ပျော်ရွှင်ကြည်နူးမှုများဖြင့် ထွန်းညှိထားသည့် မီးပုံးပျံပုံရိပ်များပင် ဖြစ်ချေတော့သည်။


Tuesday, March 20, 2012

ကြက်ဥပြုတ်နှင့် ကျွန်မ



“အဖေ၊ ကြက်ဥပြုတ်ကျက်ပြီနော်”

အဖေပြုတ်ခိုင်းတဲ့ ကြက်ဥပြုတ်ရလို့ တော်တော်လေးကြာမှ အဖေကို ကျွန်မပြောလိုက်ပါတယ်။

“ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လည်းသမီးရဲ့”
“ဟိုလေ...ကြက်ဥပြုတ်ရေက ခုထိမအေးသေးဘူး။ အရင်အဖေပြုတ်တုန်းကလိုလည်းမဟုတ်ဘူး”
“ကဲကဲ ယူခဲ့ အဖေဆီကို”

အဖေဆီကို ကြက်ဥပြုတ်လှမ်းပေးလိုက်စဉ်..အဖေက

“ကြက်ဥပြုတ်ခွက်ထဲကရေပူက ဘယ်ကရေပြန်ထည့်ထားတာလဲ”
“ရှင်”
“ဟိုလေ ရေနွေးဓတ်ဗူးထဲက လောင်းထည့်ထားတာပါ”
“ဟိုက်၊ ဘာလို့လဲ သမီးရဲ့”
“ဟိုလေ၊ အဖေအရင်က ပြုတ်လာတဲ့ ကြက်ဥပြုတ်ထဲက ရေကလည်းနွေးနေတာမဟုတ်လား။ အဖေ ရေနွေးပူ ပြန်ထည့်ထားတာထင်လို့”
“အို ငါ့သမီးရယ် ဖြစ်ရလေ။ ကြက်ဥပြုတ်တောင် မပြုတ်တတ်သေးပါလား။ ဒါကြောင့် အဖေပြောတာပေါ့ မသိရင် မေးပါ။ သူများဘယ်လိုလုပ်သလဲ လေ့လာပါဆိုတာ”

ကျွန်မကို ပထမဦးဆုံးအကြိမ် ကြက်ဥပြုတ်ခိုင်းတာနဲ့ လွဲတော့တာပါပဲ။ ကြက်ဥပြုတ်မှအပူများ အေးသွားစေရန် ခွက်ထဲသို့ ရေအေးထပ်ထည့်ခြင်းဖြင့် အပူစီးသွားစေခြင်းကိုပင်၊ ရေနွေးပူထပ်ထည့်ပေးခြင်းဖြစ်မည်ဟု အူခဲ့ဘူးပါသည်။ ငယ်စဉ်က အဖေနှင့်အမေ အဆင်သင့် ပြုလုပ်ပေးစဉ်ကတော့ စားပွဲပေါ် ရောက်လာတာ စားဖို့တစ်လမ်းသာသိသည်။ စားပွဲပေါ် ဘယ်လိုပြင်ဆင်ရောက်လာသလဲ ဘာမျှ ရှည်ရှည်ဝေးဝေး မစဉ်စား မတွေးတောဖူးပေ။ ကိုယ်ကိုတိုင် ထလုပ်စဉ်မှသာ “ကြက်ဥပြုတ်မှာလည်း သူ့နည်းလမ်းနဲ့ပါလား”ဟု ဆင်ခြင်မိတော့သည်။ ငယ်ဘဝ အဖြစ်အပျက်များ ယခုအချိန်ပြန်တွေးလျှင်
ပြုံးစိစိဖြစ်နေရတတ်သည်။

“ကဲသိပြီလား သမီး၊ ဘာမဆို ကိုယ်ကိုတိုင်လုပ်ကြည့်မှ သိလာတယ်။ တတ်လာတယ်။ ဒါကြောင့် သူများလုပ်တဲ့အခါ ဘယ်လိုလုပ်ဆောင်ရသလဲ လေ့လာထားရမယ်။ လူတတ်ကြီးလို ဘာသိဘာသာမနေရဘူး။ ကြားရဲ့လား”
“ဟုတ်”

ဘယ်နေရာ ဘယ်အရပ်တွင် ရောက်နေပါစေ ပညာများ ကိုယ့်ထံရောက်လာရန် အခြေခံနည်းကောင်းအဖြစ် ဆယ်ကျော်သက်အရွယ်၌ ကျွန်မတို့ အိမ်လေး၌ ကြက်ဥပြုတ်ရင်း အဖေထံမှ နည်းကောင်းလေးကို လက်တွေ့ရထားလိုက်ပါသည်။
လက်တွေ့နည်းဖြင့် တသက်တာသိမှတ်သွားနိုင်ရန် ပညာပေးတတ်သော အဖေကို ကျေးဇူးတင်မိပါသည်။