Pages

Saturday, December 8, 2012

လမ်းပြကြယ်လေး ရှိခဲ့ဖူးပါတယ်



 
“ဒေါင်...ဒေါင်...၊ ဒေါင်...ဒေါင်...”ဟု ထွက်ပေါ်လာသည့် ကျောင်းတက် ခေါင်းလောင်းထိုးသံသည် ကျောင်းသူသစ်ဖြစ်သည့် ပိုပိုကို ပို၍ရင်ခုန်သွားစေပါသည်။ အခန်းထောင့်နောက်ဆုံးနားတွင် ကြောင်စီစီနှင့်ရပ်နေသည့် ပိုပိုကို ကောင်မလေးတစ်ယောက်က “လာ...ကေသီနဲ့လာထိုင်”ဟုပြောရင်း ထိုင်ခုံဆီသို့ ခေါ်သွားပါသည်။
 
“နင်က ကျောင်းသူသစ်မလား၊ ငါနဲ့ပဲထိုင်လိုက်တော့နော်”
“အင်”
“နင့်နာမည်ဘယ်လိုခေါ်လဲ”
“ပိုပို”
“ငါ့နာမည်က ကေသီတဲ့၊ နင်ဘယ်ကျောင်းကပြောင်းလာတာလဲ”
“အင်...ငါ ရွာကပြောင်းလာတာ”
သည်လိုနှင့် ကျောင်းသူသစ်ဖြစ်သည့် ပိုပိုတွင် ကေသီဆိုသည့် သူငယ်ချင်းတစ်ယောက်ရရှိခဲ့သည်။
 
မုန့်စားဆင်းချိန်ရောက်တော့ “ရော့...ပိုပို၊ ချော့ကလက်စား”
“နေပါစေ၊ ငါမနက်ကတည်းက ထမင်းစားပြီးကျောင်းလာတာ။ သြော်...ကေသီ၊ နင်ခုနက ခေါင်းငုံ့ပြီး မျက်စိမှိတ်ထားတာ ဘာလုပ်တာလဲ”
“သြော်...ငါဆုတောင်းတာလေ။ ကျောင်းရောက်တာနဲ့ ဆုတောင်းဖို့ ငါ့မေမေက သင်ပေးထားတာ”
“မုန့်စားရင်လည်း ဆုတောင်းတာပဲလား။ နင်ကခရစ်ယာန်လား”
“ဟုတ်တယ်လေ။ နောက် ငါကိုးကွယ်တဲ့ဘုရားအကြောင်း နင့်ကိုပြောပြမယ်နော်”
ပိုပိုသည် ကေသီကိုကြည့်ပြီး အထူးအဆန်းဖြစ်နေမိသည်။
 
 
~~~~~


ပိုပိုသည် ကျောင်းတက်ရင်းတက်ရင်း ကေသီနှင့်အတူထိုင်ခွင့်ရခြင်းကို အလွန်ကျေနပ်နေမိသည်။ ကေသီက သဘောကောင်းသည့်အပြင် စာလည်းတော်သည်လေ။ ရွာကျောင်းမှ ပြောင်းလာသည့် ပိုပို့မှာမူ ကျောင်းစာတွင် မနည်းလိုက်နေရသည်။
 
“ကေသီ... ငါတို့ အင်္ဂလိပ်စာ မသင်ရရင်ကောင်းမှာပဲနော်”
“ဟင်...ဘာလို့လဲ ပိုပိုရဲ့”
“ဟုတ်တယ်လေ...အင်္ဂလိပ်စာက ခက်လဲခက်တယ်။ ပြီးတော့ အင်္ဂလိပ်စာတတ်ပြီး ဘာလုပ်မှာလဲ။ အားလုံးက မြန်မာလိုပဲပြောနေတာပဲဟာ”
“ဟဲ့.. ပိုပို အရူးမရဲ့။ အင်္ဂလိပ်စာတတ်ရင် ကြီးလာရင် အလုပ်ကောင်းလည်းရတယ်။ ပညာတတ်ဖြစ်ဖို့လည်း မြန်တယ်တဲ့။ ဘာလည်း... အခု စာကျက်လို့ မရလို့လား။ ကေသီကို ပြပါအုံး”
“ဒီမှာကြည့်...ဒီအသီးနာမည်တွေ အရမ်းကျက်ရခက်တယ်”
“မခက်ပါဘူး လွယ်လွယ်လေး။ ကေသီရှင်းပြမယ်”
“Mango သရက်သီး မလား။ လူသွားနေတယ်လို့ မှတ်ထားလိုက်လေ။ Man လူ၊ go သွားသည်ပေါ့”
“အင်း...အဲဒီလိုတော့လွယ်လွယ်လေးပဲ။ တခြားဟာတွေလည်း ရှင်းပြပေးအုံးနော်”
ကေသီကူညီပေး၍ ပိုပိုသည် တဖြေးဖြေးနှင့် ကျောင်းစာများလိုက်နိုင်လာသည်။


~~~~~


“ကေသီ နင့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပိုပို အခုအဆင့်တွေလည်းတက်လာပြီ”
“ရပါတယ်၊ ငါတို့တွေ အတူတူစာကျက်မယ်နော်။ ပိုပို ရော့...နင့်အတွက် လက်ဆောင် ”
ပိုပိုက ကေသီပေးသည့် ရောင်စုံစာရွက်များပါသည့် စာအုပ်ကို လှန်ကြည့်နေမိသည်။
 
“ဘာ စာလုံးမှလည်း ရေးမထားပါလား။ ပုံဆွဲရတာလား”
“မဟုတ်ဘူးပိုပို။ ဒီစာအုပ်လေးက ဘာစာလုံးမှရေးမထားပေမယ့် ပုံပြောတတ်တယ်”
“ပုံပြင်ပြောတတ်တယ်” ပိုပိုက အလန့်တကြားနှင့် ပြန်မေးလိုက်သည်။

“ဟုတ်တယ် ။ ဒီမှာကြည့် ပထမဆုံး စာမျက်နှာက အဝါရောင်လေ။ သိလားပိုပို။ ဘုရားသခင်ရှိတဲ့ ကောင်းကင်နိုင်ငံမှာလည်း လမ်းတွေရော၊ အိမ်တွေရော အားလုံးရွှေတွေနဲ့ လုပ်ထားတာတဲ့။ ဒါပေမယ့် ဒီလို ရွှေတွေနဲ့ဝင်းဝါတောက်ပပြီး ပျော်စရာကောင်းတဲ့ ကောင်းကင်နိုင်ငံကို လူတိုင်းတော့သွားလို့ မရဘူး”
ကေသီက ပထမစာမျက်နှာအကြောင်းပြောပြီးသည်နှင့် ဒုတိယစာမျက်နှာကို လှန်လိုက်သည်။

“ဟယ် အမည်းရောင်ဖြစ်သွားပြီ”
“ဟုတ်တယ်။ ဒီအမည်းရောင်လို စိတ်ပုပ်တဲ့သူတွေ၊ အပြစ်လုပ်တဲ့သူတွေ၊ အပြစ်ရှိတဲ့သူတွေအားလုံး အဲဒီကောင်းကင်နိုင်ငံကို သွားခွင့်မရှိဘူး”
“ပိုပိုရော သွားလို့မရဘူးလား” စိတ်လှုပ်ရှားစွာနှင့် ပိုပို မေးလိုက်မိသည်။
 
ပိုပို့ ခေါင်းထဲ၌ ကျောင်းတက်စနေ့ကအဖြစ်ကို မြင်ယောင်သွားမိသည်။ ထိုနေ့က ကျောင်းအားလပ်ချိန်တွင် စားပွဲပေါ်က ကေသီ့နှိပ်ခဲတံလှလှလေးကို ကေသီအိမ်သာသွားစဉ်၌ တိတ်တိတ်လေးယူကာ မိမိ၏လွယ်အိတ်လေးထဲ၌ ထည့်ထားလိုက်သည်။ ကေသီပြန်လာ၍ နှိပ်ခဲတံအသုံးလိုသောအချိန်၌ ပိုပို့အား တွေ့မိသလားဟု မေးသော်လည်း မမြင်မိဟုသာ ဖြေခဲ့လိုက်ပါသည်။
အိမ်သို့ရောက်သော် နှိပ်ခဲတံလှလှလေးရလာ၍ ပျော်နေတော့သည်။ အိမ်တွင် အိမ်စာလုပ်သောအချိန်၌ ထိုခဲတံလှလှလေးကို တစိမ့်စိမ့်ကြည့်၍ သုံးရသည်က ပျော်စရာကောင်းလှသည်ဟု ပိုပိုခံစားနေမိသည်။
 
“ဟိတ်..ပိုပို၊ ကေသီပြောတာကြားရဲ့လား”
ကေသီက ပိုပို့ပုခုံးကို လက်နှင့်ပုတ်၍ ပြောလိုက်သောကြောင့် အတွေးထဲ၌ ခဏတာနှစ်မျောနေသည့် ပိုပို သတိဝင်သွားတော့သည်။
“အော..အေအေ ...ကြားပါတယ်။ မျက်လုံးထဲ အကောင်ဝင်သွားလို့ပါ။ ဆက်ပြောလေ..”
“သခင်ယေရှုကို ယုံကြည်တဲ့သူဆိုရင် ကောင်းကင်နိုင်ငံကို သွားလို့ရတယ်လို့” ကေသီက စိတ်အားထက်သန်စွာနှင့် ဤသို့ပြောလိုက်တော့
“ငါ့ကိုပြောပြပါလား” ပိုပိုက အလွန်စိတ်ဝင်စားစွာနှင့် ပြန်ပြောလိုက်ပါသည်။
 
 
ကေသီသည် အားရပါးရနှင့်ပြောနေ၍ ရေငတ်လာသောကြောင့်
“ပိုပို ခဏလေးနော်။ ကေသီရေသွားသောက်အုံးမယ်”
“အေအေ”
ကေသီ ရေသောက်ပြီး၍ ပြန်လာသည့်အချိန်၌
“ပိုပိုရော့...နင့်အတွက်လည်း ရေခပ်လာပေးတယ်”
“ပိုပို”
နောက်ထပ်တစ်ခါထပ်ခေါ်လိုက်သည့်တိုင် ပိုပိုကခေါင်းငိုက်စိုက်နေ၍ ကေသီလန့်သွားမိသည်။ ထိုကြောင့် ပိုပိုရှေ့၌ ဒူးထောက်ထိုင်ချလိုက်ပြီး ပိုပို၏မျက်နှာကို မော်ကြည့်လိုက်စဉ်
 
 
“ဟင်...ပိုပို နင်ငိုနေတာလား။ ဘာဖြစ်တာလဲ ကေသီကိုပြော”
ဟင့်ဟင့်..ဟင့်ဟင့် နှင့် ပိုပိုရှိုက်သံက ပို၍ကျယ်လာသည်။
“ကေသီ... ငါ့ကိုခွင့်လွတ်ပါနော်။ ငါလေ..နင့်ရဲ့ ခဲတံကို ခိုးယူထားမိတယ်။ ဆောရီးပါနော်။ ငါတော့အပြစ်လုပ်မိပြီ။ ခိုးလည်းခိုးတယ်။ လိမ်လည်းလိမ်ပြောခဲ့တယ်။ ငါတော့ ငရဲသွားရတော့မှာပဲ”
 

“အိုး...ပိုပိုရယ်။ မကြောက်ပါနဲ့။ ငါ့တို့လုပ်ခဲ့တဲ့အပြစ်တွေကြောင့် ငရဲသွားရမယ့်အဖြစ်ကို သခင်ယေရှုက လက်ဝါးကပ်တိုင်မှာ အသေခံပေးခဲ့ပြီးပြီ။ ဒါကိုယုံရင် ငရဲသွားစရာမလိုတော့ဘူး ” ကေသီက ပြောပြောဆိုဆိုနှင့် ခုနကရောင်စုံစာအုပ်လေးကို ပြန်လှန်လိုက်သည်။
 

“ပိုပို...ဒီအနီရောင်စာမျက်နှာလေးက ဘုရားသခင်ရဲ့ တစ်ပါးတည်းသောသား သခင်ယေရှုကို ပုံဆောင်တာပေါ့။ ငါတို့လို အပြစ်ရှိတဲ့သူတွေ ကောင်းကင်နိုင်ငံသွားလို့ရအောင် သူက လက်ဝါးကားတိုင်မှာ အသေခံခဲ့တာ။ သခင်ယေရှုက အပြစ်မရှိပေမယ့် ငါတို့အတွက် ဒီအနီရောင်တွေလိုပဲ သွေးတွေအများကြီးထွက်ပြီး အနာခံခဲ့ရတာပေါ့။ သခင်ယေရှုက ငါတို့ကို အပြစ်ကနေကယ်တင်ပေးခဲ့တယ်လို့ ယုံလိုက်ရင်ရပြီလေ။ အဲဒီလို ယုံကြည်လက်ခံတဲ့သူဟာ ကယ်တင်ခြင်းဆုကျေးဇူးခံစားရမှာ”
 
“အိုး...တကယ်လား။ ဒါဆိုပိုပိုလည်း သခင်ယေရှုဘုရားကို ယုံကြည်ချင်တယ်။ ဘယ်လိုလုပ်ရမှာလဲ”
ပိုပိုက အလွန်သိလိုစိတ်နှင့် အားတက်တရော မေးလိုက်ပါသည်။
 
ဒါဆို “သခင်ယေရှုဘုရားကို ပိုပိုရဲ့ဘုရားသခင်အဖြစ် ယုံကြည်ပါတယ်လို့ စိတ်ထဲကနေ လက်ခံပြီး၊ ပါးစပ်နဲ့လည်းအသံထွက် ဝန်ခံရမယ်။ ဒီရောင်စုံစာအုပ်လေးအကြောင်းပြောပြီးတာနဲ့ ကေသီတို့ဆုတောင်းပြီး သခင်ယေရှုဘုရားကို ပိုပိုလက်ခံတဲ့အကြောင်း ဝန်ခံကြမယ်နော်”

 “ဟုတ်။ ဝေးဟေး...ပျော်လိုက်တာ” ပိုပို အရမ်းပျော်သွားကာ ဆက်ပြီးသိလို၊ ထပ်ပြီးလည်း နားထောင်ချင်နေတော့သည်။
“ နောက်တစ်မျက်နှာက အဖြူရောင်ကရော”
“ငါတို့ရဲ့ အမည်းရောင်အပြစ်တွေကို သခင်ယေရှုက ဆေးကြောပေးလိုက်လို့ အဖြူရောင်ဖြစ်သွားပြီလေ”
“ဆက်ပြော၊ ဆက်ပြောလေ။ အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ”
“နောက်ဆုံးစာမျက်နှာ အစိမ်းရောင်ကတော့ ကြီးထွားလာတဲ့ သစ်ပင်အစိမ်းရောင်လိုပေါ့။ သခင်ယေရှုကို ယုံကြည်လက်ခံပြီးသူတိုင်း နေ့စဉ်အသက်ရှင်တဲ့အခါ ဘုရားစကားနားထောင်ရတော့မယ်။ ငါတို့သိတဲ့ သခင်ယေရှုအကြောင်းကိုလည်း သူများတွေကို ပြန်ပြောပြရမယ်။ ပြီးတော့ သခင်ယေရှုက ငါတို့အတွက် လက်ဝါးကားတိုင်မှာ အသေခံပြီး သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့လို့ ငါတို့သေရင်လည်း ကြောက်စရာမလိုတော့ဘူး။ ဘုရားသခင်ရှိတဲ့ ကောင်းကင်နိုင်ငံကို သွားရမှာ။ အဲဒီမှာ ငါတို့နေဖို့အိမ်တွေရှိတယ်လေ”
 
ပိုပိုသည် ငရဲသွားစရာမလိုတော့သည့် အဖြစ်ကိုသိလိုက်ရ၍ ကေသီပေးသည့် ဧဝံဂေလိရောင်စုံစာအုပ်လေးကိုကြည့်ပြီး အလွန်ဝမ်းမြောက်နေမိသည်မှာ မျက်လုံးအိမ်တွင် မျက်ရည်ကြည်များပင် ဝှေ့လို့နေသည်။
 “အရမ်းနားထောင်လို့ ကောင်းတာပဲ ကေသီရယ်”
 
ဤသို့ ပိုပို စိတ်ဝင်စားသည်ဟုသိလိုက်ရ၍ ကေသီလည်း အလွန် ပျော်သွားမိသည်။
“ငါတို့ ဘုရားကျောင်းက ဆရာမတွေက ဒီထက်ပိုပြောပြတတ်တယ်။ တနင်္ဂနွေနေ့ကျရင် နင့်ကိုလာခေါ်မယ်နော်။ ပုံပြင်တွေလည်း နားထောင်ရမှာ”
“အေးအေ”
 
ဤသို့ဖြင့် ပိုပိုသည် ကေသီယုံကြည်သည့် သခင်ယေရှုဘုရားအား ယုံကြည်ခဲ့ပါသည်။ ကေသီသွားသည့် sunday school သို့လည်း တနင်္ဂနွေနေ့တိုင်း လိုက်သွားပါသည်။ ကေသီ့တွင်လည်း ကျောင်းရောက်တိုင်း အတူတူဆုတောင်းမည့် သူငယ်ချင်းတစ်ယောက်ရှိလာပေပြီ။

 
~~~~~
 
 

ပိုပိုသည် တခါတရံ ကေသီ၏အိမ်သို့ သွားရောက်လည်ပတ်ရသည်ကိုလည်း အလွန်ပျော်ပါသည်။ ကေသီ၏အိမ်လေးက သာယာဖွယ်ကောင်းသလို မိသားစုဝင်များကလည်း ဖော်ရွေလှပါ၏။
“ပိုပို ရော့...မုန့်စား”
“ကေသီ...နင်မုန့်အရမ်းစားတယ်နော်”
“ထမင်းလည်းစားပါတယ်။ ဒါကြောင့် ဒီမှာကြည့်... အင်္ကျီတောင်မတော်တော့ဘူး။ ဟီးဟိ”
“ဟီးဟီ”
ကေသီနှင့် ပိုပိုသည် ပြောရင်း ရယ်နေမိကြသည်။
 
“ကေသီ...ငါ့ကို တယောထိုးပြအုံးလေ”
ပိုပိုသည် ကေသီ၏အိမ်သို့သွားပြီး ကေသီထိုးပြသည့် တယောထိုးသံလေးကို နားထောင်ရသည်ကိုလည်း နှစ်ခြိုက်မိပါသည်။ အားလည်းကျမိသည်။ ကေသီက ဘုရားကျောင်းတွင်တယောလည်း ထိုးပါသည်။ သီချင်းပြိုင်ပွဲများ၊ ကျမ်းစာရွတ်ပြိုင်ပွဲများတွင်လည်း ဆုအများကြီးရရှိထားသူ ဖြစ်ပါသည်။ ကျောင်းတွင် နှစ်စဉ်ဘက်စုံထူးချွန်ဆုယူသူမှာလည်း ကေသီပင်ဖြစ်ပါသည်။
“ကေသီ၊ နင်အရမ်းတော်တာပဲနော်။ ငါလည်းနင့်လိုဖြစ်ချင်လိုက်တာ”
“ငါ့လိုဖြစ်ချင်ရင် မိဘစကားနားထောင်ပေါ့။ မိဘစကားနားထောင်သူတိုင်း ကောင်းစားတယ်”
ကေသီပြောသလိုပင် ကေသီ၏မိဘများသည် ကေသီ့ကို အလွန်ချစ်ကြောင်း၊ ကေသီကလည်း မိဘစကားနားထောင်သူဖြစ်ကြောင်း အားလုံးသိကြသည်။

 
~~~~~

  
“ဒေါင်...ဒေါင်၊ ဒေါင်...ဒေါင်”
“ပိုပို...ငါဒီမှာ”
အတန်းထဲဝင်လာသော ပိုပိုကို ကေသီကလှမ်းခေါ်လိုက်သည်။
“ဟယ်ကေသီ၊ နင်ဝတုတ်ကြီးဖြစ်သွားပြီ်။ အခုငါတို့ ငါးတန်းမှာ လုံချည်စဝတ်ရပြီနော်။ နင်ဝလာပြီဆိုတော့ လုံချည်မကျွတ်အောင် သေချာလေးဝတ်အုံး”
“အေးပါ”
တစ်ယောက်ကို တစ်ယောက်စရင်းနောက်ရင်း အတန်းသစ်တက်စ၌ ပျော်ရွှင်ဖွယ်ကောင်းလှပါ၏။ ပိုပိုရော ကေသီပါ ယခုနှစ်၌ အလယ်တန်းကျောင်းသူများဖြစ်လာကြပေပြီ။

ကျောင်းဆင်းချိန်၌
“ကေသီငါတို့ ကြိုးခုန်တမ်းကစားရအောင်နော်”
“ငါမဆော့တော့ဘူးပိုပို”
“ဟင်ဘာဖြစ်လို့လဲ နင်မကစားရင် ပျော်ဖို့မကောင်းတော့ဘူးလေ”
“ငါကြိုးခုန်ရင် အရမ်းမောတယ်။ ငါ့မေမေက ငါ့ကိုမကစားခိုင်းဘူး”
 
ထို့ကြောင့် ပိုပိုတစ်ယောက်တည်း အခြားသူများနှင့်ကစားရင်း စိတ်ထဲ၌ စဉ်းစားနေမိသည်။
“အင်...ပိုပိုပြောတာဟုတ်မှာပဲ။ ဒါကြောင့် ခုတလော နေ့လည်မှာ ကေသီ့မေမေက အဝတ်တွေလာလှဲပေးတတ်တာကိုး”
 
 
~~~~~

  
ယနေ့သောကြာနေ့တွင် ကေသီကျောင်းမတက်ပေ။ ဖျားနေ၍ ခွင့်တိုင်ထားသည်ဟု သိရသည်။ တနင်္ဂလာနေ့ေ၇ာက်တော့ ကေသီကျောင်းလာတက်ပါ့မလားဟု ပိုပိုမျော်နေမိသည်။ ကေသီအတွက် ကူးထားပေးသော စာအုပ်အသစ်ကို တကြည့်ကြည့်နှင့်။ သို့သော် ကျောင်းတက်ခေါင်းလောင်းထိုးသည်အထိ ကေသီကတော့ ပေါ်မလာပေ။ နေ့လည်ထမင်းစားချိန်ရောက်ခါနီး၌ အတန်းပိုင်ဆရာမက အခန်းထဲသို့ ပြာပြာသလဲဝင်လာသည်။
 
“သားတို့၊ သမီးတို့ရေ...ကေသီကျောင်းလာမတက်နိုင်တော့ဘူး။ နောက်လည်းဘယ်တော့မှ ကျောင်းလာတက်မှာ အဟုတ်တော့ဘူးကွယ်”
ဆရာမ နောက်ထပ် ဘာတွေပြောသလဲ ပိုပို မကြားတော့ပေ။ ကေသီ ကျောင်းလာမတက်တော့ဘူးတဲ့။ ကေသီဘယ်သွားလိုက်ပြီလဲ...။
 
 
~~~~~
 
 
ပိုပိုသည် ကေသီ့အိမ်သို့ရောက်သော် လူအများကြီးကိုတွေ့လိုက်ရသည်။ ကေသီ့ကိုတော့ အိမ်ရှေ့ရှိ ခုတင်ပေါ်တွင် ပန်းများဝန်းရံ၍ ထားထားကြသည်။ တီဗီတွင်ကြည့်ရသော စနိုးဟွိုက်မင်းသမီးလေးအိပ်နေသည့်အလားပင်။ ကေသီလှဲလျောင်းနေသည့် ခုတင်အောက်တွင် ပန်းခြင်းအများကြီးကိုလည်း တွေ့ရပါသည်။ ကေသီ့မေမေက ခုတင်ဘေးတွင် ငိုနေသည်။ ပိုပိုလည်း ကေသီ့ကုတင်ဘေးနားသို့သွား၍ ငိုနေမိသည်။
 
သွေးလွန်တုပ်ကွေးဖြစ်၍ ကေသီသေဆုံးသွားရခြင်းဖြစ်ကြောင်း သိလိုက်ရပြီးနောက် ကျောင်းမှဆရာမများ၊ အတန်းဖော်များနှင့်အတူ ကေသီ့အိမ်သို့လာခဲ့ခြင်းဖြစ်သည်။ ကေသီသည် အဝလွန်၍ သွေးလွန်တုပ်ကွေးဖြစ်ရာ၌ ခံနိုင်ရည်မရှိသောကြောင့် အခြေအနေဆိုးသွားရခြင်းဖြစ်ကြောင်းလည်း သိလိုက်ရသည်။
 
ပိုပိုသည် ငိုနေရင်း ယခင်အချိန်များ၌ ကေသီ့အိမ်သို့လာလည်တိုင်း ခြံဝမှဆီးကြိုနေတတ်သည့် ကေသီ့အသွင်ကို မြင်ယောင်လာမိသည်။ ကေသီ စာရှင်းပြသည်ကိုလည်း မြင်ယောင်လာသည်။
“ကေသီရေ... အခုငါ့ကို စာပြပေးမယ့်သူလည်း မရှိတော့ဘူး၊ ပုံပြင်ပြောပြမယ့်သူလည်း မရှိတော့ဘူး။ နင့်ရဲ့တယောထိုးသံလည်း ကြားခွင့်မရှိတော့ဘူးပေါ့။ ဟင့်ဟင့်...”
ပိုပိုသည် အလွန်ဝမ်းနည်းမိ၍ ငိုလည်းငို၊ ပါးစပ်ကလည်း တတွတ်တွတ်ပြောနေမိသည်။
“ကေသီ... ငါ့နင့်အတွက် စာတွေလည်း ကူးထားပေးတယ်လေ။ ဒီမှာ ငါယူခဲ့တယ်။ ဟင့်ဟင့်...”
 
ကေသီ့ကို မြေချမည့်နေ့၌ (၅)တန်းတစ်ခန်းလုံးရှိ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများနှင့် ကျောင်းအုပ်ကြီးလည်း သွားကြပါသည်။ ကေသီ့ကို ခေါ်ဆောင်သွားမည့် ကားအရှေ့တွင် ချိန်ဆွဲထားသော ကေသီ့ဓတ်ပုံကို တွေ့လိုက်ရစဉ် ပိုပို ပို၍ငိုချင်လာမိသည်။
 
“ကေသီရေ... နောက်ဆို ငါ့အနားမှာထိုင်မယ့် နင်လည်းမရှိတော့ဘူးနော်” ဟုပြောရင်း ကေသီပေးထားသည့် ရောင်စုံစာအုပ်လေးကို ဟိုလှန်ဒီလှန်ကြည့်နေမိသည်။ စာအုပ်ပေါ်တွင်တော့ မျက်ရေစက်များက ပိုးပိုးပေါက်ပေါက်ကျနေတော့သည်။
 
“ကေသီရေ...နင်ကြည့်ပါအုံး။ နင့်ကို ချစ်တဲ့သူတွေ အများကြီးပါလား” ကေသီ့ကို လိုက်ပို့ကြသည့် ကားတန်းကြီးက အရှည်ကြီးပင်။ “နင်က သူများကို တကယ်ကူညီပေးတဲ့သူ။ စိတ်ကောင်းရှိတဲ့သူပါ။ ငါတို့အားလုံးရဲ့ရင်ထဲမှာ နင်အမြဲတမ်းရှိနေပါတယ်။ ပြီးတော့ နင်ကသခင်ယေရှုကို လက်ခံယုံကြည်တဲ့သူဖြစ်တဲ့အတွက် ဘုရားသခင်ရှိတဲ့ ကောင်းကင်နိုင်ငံကို ရောက်နေပြီလို့ ငါယုံကြည်ပါတယ်။ ငါတို့တွေ အားလုံး တစ်နေ့ ပြန်ဆုံကြရမှာပေါ့။ ကျေးဇူးတင်ပါတယ် ကေသီရယ်။ နင့်ကြောင့် ငါဟာ သခင်ယေရှုဘုရားကို သိမြင်ယုံကြည်ခွင့်ရခဲ့တယ်။ ကျေးဇူးပါဟာ... ”
 
ဟိုးလွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ကျော်က လမ်းပြကြယ်သည် ပညာရှိများကို သူငယ်တော်ယေရှုမွေးဖွားရာ ဗက်လင်မြို့ဆီသို့ လမ်းပြပို့ဆောင်ခဲ့ပါသည်။ လမ်းပြကြယ်သာမရှိခဲ့လျှင် ပညာရှိများသည် သူငယ်တော်ယေရှုလေးကို ရှာဖွေတွေ့ရှိနိုင်ပါ့မလား။ ပိုပို၏ အမည်းရောင်ဖြစ်နေသည့် ဘဝလေးကို အဖြူရောင်အသက်တာသို့ ရောက်ရှိရန်လည်း သူငယ်ချင်းကေသီပင် လမ်းပြခဲ့ပါသည်။ လမ်းပြကြယ်လေးရှိခဲ့ပါသည်။ ပိုပို့ ရင်ထဲတွင် ထာဝစဉ်ရှိနေပါအုံးမည်။ ထိုလမ်းပြကြယ်လေး မည်သို့မျှ မကြွေနိုင်ပါ။
 
 

No comments:

Post a Comment