ကျွန်မသည် ကျောင်းဆင်းလျှင်ဆင်းခြင်း ကျောင်းကားဂိတ်ရှိရာသို့ အပြေးအလွှား သွားလိုက်ပါသည်။
“အို ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ အဆင်သင့်လိုက်တာ”ကျောင်းကားဂိတ်သို့ ကျွန်မရောက်လျှင်ရောက်ခြင်း ကားလာသည်နှင့်ကွက်တိပေ။ ယခင်ကဲ့သို့ ကျောင်းကားလာသည်ကို အကြာကြီးစောင့်စရာမလိုတော့၍ အလွန်ပျော်သွားမိသည်။ သို့နှင့်ကျောင်းကားပေါ်သို့ အလျင်အမြန်ပြေးတက်လိုက်တော့သည်။ ကားပေါ်သို့ရောက်သော် ထိုင်စရာနေရာကလည်း အဆင်သင့်ပေ။ ယခင်အခါများဆိုလျှင် ကျောင်းကားဂိတ်တွင် လူများတန်းစီ၍ စောင့်ရသေးသည်။ ယခုလိုနေ့လည်ခင်း ကျောင်းသားကျောင်းသူများသည့် အချိန်ဆိုလျှင် ကားထိုင်ခုံနေရာရဖို့ဆိုသည်မှာ ရှာမရှား။ ယနေ့ ထိုင်ခုံနေရာရလိုက်သည်ဖြစ်၍ ပျော်လိုက်သည့်ဖြစ်ခြင်း။
ကားထိုင်ခုံနေရာရပြီဆိုသည်နှင့် လမ်း၌တရေးလေးမှေးသွားလိုက်အုံးမှ ဟုတွေးကာ အရှေ့ဆုံးထိုင်ခုံကို ရွေးလိုက်သည်။ ထို့နောက် လွယ်အိတ်ကိုပေါင်ပေါ်တင်ကာ ခြေပစ်လက်ပစ် နောက်မှီထိုင်ချလိုက်တော့သည်။ တနေ့တာလုံး ပင်ပန်းခဲ့သမျှ ကားပေါ်ထိုင်ချလိုက်သည်နှင့် တငြိမ့်ငြိမ့်နှင့် ဇိမ်ရှိလိုက်လေစွ။ ကားပေါ်ထိုင်ကာ မျက်စိလေးမှိတ်ပြီး တောင်တွေးမြောက်တွေး နေရသည်ကို ကျွန်မကြိုက်သည်။
“အဆောင်ပြန်ရောက်ရင် မနေ့ကဇတ်ကားအဆက်လေးပြန်ကြည့်မယ်။ ညစာရော ဘာစားရင်ကောင်းမလဲ။ အိမ်ကိုလည်းဖုန်းမဆက်တာကြာပြီ။ ဖုန်းဆက်အုံးမှ” မျက်လုံးလေးမှေးကာ ဟိုတွေးဒီတွေးနေရာမှ ကားကညာဘက်လမ်းကို ချိုးကွေ့လိုက်၍ လည်ရိုးက ညာဘက်သို့ ဇတ်ကနဲ လှဲ့သွားသည်။
“အို...ဘယ်လိုဖြစ်ရတာလဲ။ ခါတိုင်း ကျောင်းကားစီးလို့ လမ်းတဝက်လောက်ရောက်ရင် ဘယ်ချိုးနေကျလေ”
ကျောင်းကားစီးနေကျဖြစ်၍ လမ်းတဝက်အရောက်၌ ကားကညာဘက်လမ်းသို့ချိုးလိုက်သည်ကို မျက်စိမှိတ်ကာ ထိုင်နေသော်လည်း မသိစိတ်မှ ခန္ဓာကိုယ်က ဘယ်ဘက်သို့ယိမ်းလိုက်ချင်ချင်ဖြစ်နေမိသည်။
“ဒီတခေါက် တခြားလမ်းနဲ့ သွားတာဖြစ်မယ်”ဟု တွေးလိုက်ကာ ဆက်၍မှေးနေလိုက်သည်။ သို့နှင့်ခဏအကြာ၌ “ဒီတစ်ခေါက် ကားဆရာ ကားမောင်းတာက ကြာလိုက်တာ။ ပြန်ကိုမရောက်နိုင်တော့ဘူး”ဟုအတွေးနှင့် မျက်လုံးဖွင့်ကြည့်လိုက်သော် “အို...ဘယ်လိုကြောင့် မြို့ပြင်ရှုခင်းတွေ ဖြစ်နေရတာပါလိမ့်”
ကားပြတင်းပေါက် အပြင်၌ တွေ့လိုက်ရသည်က စိမ်းဖန့်ဖန့်တောင်တန်းများ။
“ဟိုက် ဘယ်လိုဖြစ်ရတာတုန်း”
ခေါင်းကို ဇတ်ကနဲနောက်သို့လှဲ့ကာ ကားတစ်ခုလုံးကို ဝှေ့ကြည့်လိုက်သော်...
ကားပေါ်၌ ထိုင်နေသူအားလုံးက မျက်စိမှိတ်ကာ မှေးနေကြသူချည်း။ လူတွေကလည်း အသက်အရွယ်ခပ်ကြီးကြီး။ ကျောင်းသားပုံစံလည်းမပေါက်။
“ငါတော့ ဒုက္ခပါပဲ။ ကားများမှားစီးလာပြီထင်တယ်။ အို... မဟုတ်တာ ကျောင်းကားဂိတ်က ကားကိုပဲ တက်စီးလာတာပဲ။ ကားဆရာကိုပဲ လှမ်းမေးလိုက်ရပါ့မလား။ အို...ခဏနေ ငါပြောတဲ့ တရုတ်စကား မပီကလာပီကလာကို နားမလည်ဘူးဆိုပြီး တကားလုံးကြားအောင် အော်လိုက်မှဖြစ်။ ဒါပေမယ့် ခုငါဘယ်လို အဆောင်ပြန်ရတော့မလဲ။ ဒုက္ခပါပဲနော်”
ကျွန်မတစ်ယောက်တည်း အတွေးခြာခြာလည်ကာ ဗျာများနေတော့သည်။ ထိုင်ရမလို၊ ထရမလို။
“နေစမ်းကွာ...ရောက်ချင်တဲ့နေရာရောက်ပါစေ။ ငါ့နဲ့အတူ ဘုရားသခင်ရှိတာပဲ။ ဒီကားကိုလမ်းဆုံးတဲ့ အထိစီးသွားလိုက်မယ်။ ပြီးမှ ပြန်ကြည့်တာပေါ့” ဟု အဆုံး၌ ကိုယ့်ကိုကိုယ်အားပေးလိုက်မှ အသက်ရှုချောင်သွားတော့သည်။ ဒီလိုနှင့် ခဏအကြာတော့ တက္ကသိုလ်ဝင်းတစ်ခုသို့ ရောက်သွားသည်။ ကားရပ်သည်နှင့် ကားပေါ်ရှိသူများအားလုံးဆင်းပြီးသည့်အချိန်၌ ကားဆရာရှိရာသို့ ကျွန်မ မရဲတရဲသွားလိုက်ပါသည်။ “ကားဆရာရှင့် ...ကျွန်မကားမှားစီးလာလို့ ကျွန်မတို့လာခဲ့တဲ့နေရာကို ဘယ်လိုပြန်ရမလဲ မသိလို့ပါ။ ကျွန်မကခုမှ ပထမနှစ်ကျောင်းသူမလို့ ကားအချိန်ဇယားကို မသိပဲ တက်စီးလာမိတာ”
“နောက်(၁၀)မိနစ်ဆို ခုနလာခဲ့တဲ့တက္ကသိုလ်ကိုပဲ ပြန်သွားမှာ။ ခဏစောင့်ပေါ့ ”
“အို...ဟုတ်လား။ ကျေးဇူးတင်လိုက်တာရှင် ”
“ခုဒီတက္ကသိုလ်က ခုနလာခဲ့တဲ့ တက္ကသိုလ်ရဲ့ ဘွဲ့လွန်ကျောင်းသူကျောင်းသားနဲ့ စာတမ်းပြုစုလေ့လာသူတွေတက်တဲ့ မြို့ပြင်မှာရှိတဲ့ ကျောင်းခွဲတစ်ခုပေါ့။ ဟိုကိုပြန်ရောက်ရင် ကားအချိန်ဇယားတွေ သေချာပြန်ကြည့်လိုက်အုံး”
ကားဆရာက ကျွန်မကို စိတ်ရှည်လက်ရှည်ရှင်းပြနေတော့သည်။ ကျွန်မလည်းခုချိန်မှသာ စိတ်ဒုန်းဒုန်းချနိုင်ပါတော့သည်။
တက္ကသိုလ်ကျောင်းခွဲမှ ပြန်လာတော့ ညနေစောင်းပင်ရောက်တော့မည်။ ကောင်းကင်၌ နေဝင်ချိန်နီဖန့်ဖန့်ရောင်စဉ်များက ယှက်ဖြာလို့နေသည်။ညနေလေပြေများကလည်း သစ်ပင်ပန်းမာန်များကို ကလူကျီစယ်နေကြပြန်သည်။ နေညိုညိုရှုခင်းက
လှလိုက်သည့်ဖြစ်ခြင်း။ “ငါခုနက ကားစီးလာတာလည်း ဒီလမ်းမကြီးပေါ်မှာပဲ။ ခုလည်း ဒီလမ်းမကြီးပဲ။ ဒါပေမယ့် ဒီလောက်လှတဲ့ ရှုခင်းကြီးဘေးကနေ ဖြတ်သွားနေမှန်း အပြန်လမ်းမှ သိလိုက်ရပါလား”
အဖြေကို လျှပ်တပြတ် ကျွန်မသိလိုက်ရပါပြီ။ “သြော်... ဘုရားက ဒီလမ်းလေးနဲ့ ငါ့ကိုစကားပြောလိုက်တာပါလား။ ဘဝလမ်းခရီးကိုလျှောက်နေကြတဲ့ ငါတို့လူသားတွေဟာ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ဘုရားဖန်ဆင်းထားတဲ့ သဘာဝအလှတရားတွေကို မခံစားမိကြတော့ဘူး။ ဘဝလမ်းခရီးကို ဘုရားကိုဝကွက်အပ်နှံထားလိုက်မှသာ ငါတို့လျှောက်နေတဲ့ဘဝရဲ့ ပျော်စရာ၊ ကြည်နူးစရာတွေကို မြင်တွေ့ခံစားနိုင်တော့မှာပါလား”
အပြန်လမ်းဝယ် ကျွန်မမျက်လုံးအိမ်တွင်း၌ အတွေးဖြင့်ခူးလာခဲ့သော ရောင်စုံပန်းလေးများဖြင့် လက်လက်ထနေပါတော့သည်။