Pages

Wednesday, April 24, 2013

ရဲရင့်ခြင်းအားနဲ့ ဒိုးကြစို့


“ထိုင်တာ့ကျောင်းဝန်းက ကျယ်တော့ စက်ဘီးလေးတစ်စီးရှိဖို့တော့ လိုတယ်နော်” ဆိုတဲ့ စီနီယာတွေရဲ့စကားကြောင့် NTU (National Taiwan University) တက္ကသိုလ်စတက်တော့ စက်ဘီးအသစ်လေးတစ်စီး ကျွန်မဝယ်ထားလိုက်တယ်။ အချိန်တွေရှားပါးတဲ့ ခေတ်ကြီးမှာ အတန်းချိန်တွေကို ကျောင်းဆောင်တစ်ခုမှ တစ်ခုဆီသို့  အလျင်မီအောင်လိုက်တက်နိုင်ဖို့ စက်ဘီးလေးက တာဝန်ကျေကျေနဲ့ ပါရမီဖြည့်ပေးရှာပါတယ်။ ဒါကြောင့် ကျွန်မ နီးနီးနားနားဘယ်သွားသွား အဲဒီစက်ဘီးလေးရဲ့အကူအညီကို ကျေးဇူးတင်စွာနဲ့ယူနေကြပေါ့။ လေပြင်းကြီးတဲ့ ထိုင်တာ့ကျောင်းဝန်းကြီးထဲမှာ တခါတရံ စက်ဘီးလေးတစ်စီးနဲ့ လန်းနေရတာလည်း ပျော်စရာကောင်းပါ့။


ဒါပေမယ့် တစ်ခုပဲ စိတ်ထဲဘဝင်မကျတာရှိမိတယ်။ အဲဒါကတော့ စက်ဘီးတာယာထဲ လေလျော့လို့ စက်ဘီးဆိုင်သွားပြီး လေသွားထိုးရတာပါပဲ။ မြန်မာနိုင်ငံရဲ့ ကိုယ့်မြို့လေးမှာနေတုန်းကလို စက်ဘီးဆိုင်သွားပြီး “စက်ဘီးလေလျော့လို့” လို့ပြောလိုက်တာနဲ့ စက်ဘီးပြင်ဆိုင်က အကိုကြီးတွေကိုယ်တိုင် လေထိုးပေးတာမျိုးမဟုတ်ဘူးလေ။ ကိုယ်ကိစ္စကိုယ်ပဲဖြေရှင်းရတာမျိုး။ ပြီးတော့ကျောင်းရဲ့စက်ဘီးဆိုင်ဆိုတော့ အချိန်တော်တော်များများမှာ လေထိုးဖို့အရေး လူတန်းရှည်စောင့်ရပြန်သေးတယ်။ လူစောင့်ရတာထားအုံး။ လေထိုးစက်ကလည်း ကျွန်မသိပ်မသုံးတတ်ဘူး။ စက်ဘီးတာယာရဲ့ လေထိုးပေါက်ကို လေထိုးပိုက်တတ်လိုက်တယ်ဆိုရင်ပဲ လေတိုးဖို့နေနေသာသာ ကိုယ့်ရဲ့စက်ဘီးတာယာထဲက လက်ကျန်လေတွေသာ တရှူးရှူးနဲ့ ခုန်ပေါက်ထွက်ပြေးသွားကျတယ်။ အပေါက်မတည့်တာလည်းမဟုတ်။ လေတွေက ဘယ်ချောင်ကြားကထွက်သွားတယ်မသိဘူး။ ခေါင်းတငုံ့ငုံ့နဲ့ လေထိုးဖို့အရေး စိုင်းပြင်းနေရတာကို အနောက်ကလူတွေထဲကတစ်ယောက်တစ်လေမျှ လာကူပေးဖို့မရတဲ့အတွက် တယောက်တည်းဗျာများရတယ်။ တယောက်တည်း တကုန်းကုန်းနဲ့ လေထိုးပိုက်နဲ့တာယာပေါက်အဆင်ပြေရေးအတွက် ကြိုးစားပမ်းစားတပ်လိုက်ဖြုတ်လိုက်တာ၊ အချိန်ကြာလာလေလေ တခြားစောင့်နေတဲ့လူတွေကို အားနာရတာတမျိုး၊ ရှက်လာရတာတဖုံနဲ့ နောက်ဆုံးတော့ လေထိုးဖို့လိုရင် ညပိုင်းလူရှင်းတဲ့အခါမျိုးမှသာ စက်ဘီးဆိုင်ဘက်ကို ကျွန်မခြေဦးလှည့်မိတော့တယ်။


ဒီလေထိုးတဲ့ကိစ္စအတွက် စိတ်ထဲမှာ တော်တော်လေး ခံပြင်းနေပါတယ်။ ဒီလိုနဲ့  တစ်နေ့ စက်ဘီးလေသွားထိုးတဲ့ ညနေရီတရော အချိန်မှာပေါ့။ ယခင်အခါတုန်းကလိုပဲ ရောက်တာနဲ့ စက်ဘီးလေထိုးပိုက်ကိုဆွဲပြီး ထိုးဖို့ပြင်ဆင်ပါတယ်။ စိတ်ထဲကနေတော့ “ကဲ...လာစမ်းဟဲ့ လေထိုးပိုက်ရေ...ဒီတစ်ခေါက်တော့ မင်း... ငါ့အကြောင်းသိစေရမယ်” ဆိုပြီး  ပိုက်ရဲ့ထိပ်အဝနဲ့ တာယာအပေါက်ဝကို ခံပြင်းမှုစိတ်ခွန်အားတွေနဲ့ ရဲရဲတင်းတင်း လေထိုးလိုက်တယ်ဆိုရင်ပဲ စက်ဘီးတာယာထဲကို လေတွေက တစ်ချိုးတည်း တင်းပြည့်ကျပ်ပြည့်ဝင်သွားပါတော့တယ်။ လေထိုးပိုက်နဲ့ လေထိုးရတာ ဒီလောက်တောင်လွယ်လိုက်တာများ အရင်က ငါဘာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခဲ့ပါလိမ့်။ ရရမယ်ဆိုတဲ့ ရဲရင့်ယုံကြည်မှုစိတ်ဓတ်ရဲ့တွန်းအားကြောင့် ခုဒီတစ်ကြိမ်မှာ သာသွားတာထင်ပါရဲ့။  ဒီလို လေတွေပြည့်နေတဲ့စက်ဘီးကိုကြည့်ပြီး အောင်မြင်မှုအသေးလေးတစ်ခုကို ဖမ်းဆုပ်လိုက်နိုင်တဲ့ခံစားမှုပီတိမျိုး ကျွန်မရင်ဘတ်ထဲ ဝေသွားပါတော့တယ်။


ကျွန်မသိလိုက်ပါပြီလေ။ အရင်က လက်တွေ့စာသင်ခန်းထဲမှာ “ငါလုပ်လိုက်ရင် ပျက်သွားမှဖြင့်” ဆိုတဲ့စက်ပစ္စည်းတွေ မကိုင်ရဲ မတို့ရဲတဲ့ အုံ့ပုံးကြောက်စိတ်တွေ၊ ငါဒီလိုအဆိုတင်သွင်းလိုက်ရင် သူများက “ ဘာတွေလာပြောနေတာလဲ” လို့ပြောလိုက်လေမလား ဆိုတဲ့ ကိုယ့်ကိုကိုယ်မယုံကြည်မှုတွေ၊ ဆရာ့ကို ဒီပုံသေနည်းအကြောင်းမေးလိုက်ရင်  “ ဒါလေးတောင် မသိပါလား” လို့ ငါ့ကို ထင်မြင်နေမလား မသိ ဆိုတဲ့ မဝံ့မရဲစိတ်တွေကြောင့် အထစ်အငေါ့များစွာနဲ့ ကြန့်ကြာခဲ့ရတဲ့ကြောင်းရင်းတွေ ရုပ်လုံးပေါ်လာပါတော့တယ်။ ဒီလိုမဝံ့မရဲစိတ်တွေရဲ့ မြစ်ဖျားခံရာက ကုန်လွန်ခဲ့ပြီးတဲ့နှစ်များစွာက မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့လေ။ ရဲရင့်ခြင်းခွန်အားများနဲ့ လုပ်ဆောင်မယ်ဆိုရင် အကောင်အထည်ပေါ်လာနိုင်ကြောင်း အခုချိန်ကစပြီး ကျွန်မသင်ယူတတ်မြောက်သွားရပါပြီ။ ကျမ်းစာထဲက ယောရှုမှတ်စာ၁း၉ထဲမှာလည်း  “အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ ဘုရားသခင်ထာဝရဘုရားရှိသည်ဟုမိန့်တော်မူ၏။ ဆိုပြီး မီးမေါင်းထိုးအလင်းပြထားပါတယ်။
ဒါကြောင့် မှန်ကန်တဲ့အမူကိစ္စအဝဝကိုလုပ်ဆောင်ရာမှာ ဘုရားသခင်ရှိတယ်ဆိုတဲ့အသိနဲ့ အားယူပြီးရဲရင့်ခြင်းရှိစွာ ရှေ့တစ်လှမ်းဆီသို့ ဒိုးလိုက်ကြပါစို့။




Sunday, April 7, 2013

မွေးနေ့ဆုတောင်း

ဒီနေ့ဟာ ကျွန်မမွေးနေ့ပါ။
အေပရယ် (၇)။
ကျွန်မရဲ့ စာပေမိတ်ဆွေအားလုံးကို သတိရပါတယ်။
ကျောင်းစာတွေနဲ့ လုံးပန်းနေရလို့ စာမရေးဖြစ်တာလည်း အတော်လေးကြာနေပါပြီ။
ဒါပေမယ့် အားလုံးကို ရင်ထဲကနေ သတိရလျက်ပါ။
ကျောင်းစာတွေနဲ့ လွတ်မြောက်ရာတစ်နေ့မှာတော့ စာတွေပြန်ရေးနိုင်အောင် ကြိုးစားသွားပါ့မယ်။
အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
ဘုရားသခင်ဆီမှ ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ရရှိပါစေ။