Pages

Sunday, January 29, 2012

လူငယ်လေးတစ်ယောက်

စကားချီး။ ။ ကျွန်မ အဖေနှင့် အမေ က ကျောင်းဆရာ၊ ကျောင်းဆရာမ များဖြစ်ကြပါတယ်။ စာဖတ်လည်း ဝါဒနာပါသူများလည်းဖြစ်တဲ့အတွက် ကျွန်မငယ်စဉ်ကစပြီး အဖေနှင့် အမေပြောပြခဲ့ တဲ့ ပုံပြင်တွေ၊ သီဆိုပြခဲ့တဲ့ တေးသွားတွေ၊ ရွတ်ဖတ်ြပခဲ့တဲ့ စာပေတွေနဲ့ရင်းနှီးခဲ့ရပါတယ်။ ဒါတွေဟာ ခုချိန်ခါထိ ရင်ထဲမှာ အနည်ထိုင်နေဆဲပါ။ ငယ်စဉ်တောင်ကျေးဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ တစ်ချို့အကြောင်းအရာတွေဟာလည်း အကြောင်းတိုက်ဆိုင်တိုင်း ရင်၌်ပီတိများစွံ့ပျံ့ဆဲပါ။ ဒါတွေအတွက် မိနှင့်ဘကို ဂုဏ်ပြုရင်း ဒီလို အမှတ်တရ စာစုလေး ရေးဖြစ်သွားရခြင်းပါ။







အဖေက တခါတရံ သူဆုံးမလိုတဲ့ အကြောင်းအရာတွေကို သူဖတ်မှတ်ခဲ့ဖူးတဲ့ ဆောင်းပါးတွေထဲက အဖြစ်အပျက်တွေနဲ့ ပြောဆိုဆုံးမလေ့ရှိတယ်။

တစ်နေ့မှာ အဖေက ကျွန်မကို သူဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း ကျွန်မကို ပြောပြခဲ့ပါတယ်။

ဂျပန်ပြည်မှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခု ဆိုပဲ။

တစ်ခါက ဂျပန်ပြည်မှာ...

ဆင်းရဲလို့ အလုပ်လုပ်ရင်းကျောင်းတက်ရရှာတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ဖူးတယ်တဲ့။ သူအားလပ်တဲ့ အချိန်တွေမှာ ဝမ်းစာအတွက် သူရုန်းနေရတဲ့ အလုပ်ကတော့ ၊ ဘယ်သူမှ မလုပ်ချင်တဲ့ အိမ်သာဆေးရတဲ့ အလုပ်ပါ။ မတတ်သာပဲလုပ်ရတဲ့ အလုပ်ဆိုတော့ လူလစ်ရင်လစ်သလို အချောင်ခိုမိတဲ့ အချိန်တွေလည်းရှိမှာပါ။

သူ့ရဲ့လုပ်ငန်းမှာ၊ သူ့လိုပဲ အိမ်သာဆေးတဲ့ အလုပ်ကိုလုပ်တဲ့ အဖိုးကြီးတစ်ယောက်လည်းရှိတယ်တဲ့။ တစ်နေ့ အဲဒီ အဖိုးကြီး အိမ်သာဆေးပြီးလို့ အိမ်သာထဲမှာရှိတဲ့ ရေကိုပြန်ကော်ယူပြီးသောက်လိုက်တာကို လူငယ်လေးမြင်တွေ့လိုက်ရတယ်။ ဒါကြောင့် အကြောင်းရင်းကို သိချင်လွန်းအားကြီးလို့ တအံ့တသြနဲ့ အဖိုးအိုကို မေးခဲ့တယ်။"အဖိုးဘာလို့ ဒီလိုအိမ်သာထဲက ညစ်ပတ်တဲ့ရေကို ပြန်သောက်ရတာလဲ"လို့ မေးလိုက်တော့  အဖိုးအိုက " အဖိုးရဲ့အလုပ်က အိမ်သာကို သန့်ရှင်းပြောင်လက်အောင်လုပ်ဖို့လေ။ အဖိုးက ကိုယ်လုပ်တဲ့ အလုပ်ကို အမြဲပဲ အကောင်းဆုံးနဲ့ တာဝန်ယူရဲတဲ့အထိလုပ်တယ်။ ဒါကြောင့် ဒီအိမ်သာထဲကရေကိုသောက်ပြနိုင်တာဟာ ဒီအိမ်သာကို အဖိုးဘယ်လောက်အထိအကောင်းဆုံးသန့်ရှင်းခဲ့တယ်ဆို ကိုယ့်ကိုယ်ကို အာမခံပြလိုက်တာပါပဲ " လို့ ဖြေလိုက်တယ်တဲ့။ အဲဒီအခါမှ ကျောင်းသားလူငယ်လေးဟာ အဖိုးအိုရဲ့ အလုပ်ပေါ် ထားတဲ့စိတ်ထားလေးကို လက်တွေ့သိမြင်လိုက်ရတယ်တဲ့။




 
အဲဒီနေ့ကစလို့ လူငယ်လေးဟာလည်း အဖိုးအိုလိုပဲ ကိုယ်လုပ်တဲ့အလုပ်တိုင်းကို အကောင်းဆုံးတာဝန်ယူရဲတဲ့အထိ ကြိုးကြိုးစားစားလုပ်လာလိုက်တာ တစ်နေ့မှာ (company)တစ်ခုရဲ့ အမြင့်ဆုံးဒါရိုက်တာဖြစ်သွားတယ်တဲ့။

ကျွန်မအဖေက ဒီအဖြစ်အပျက်လေးနဲ့ အခုလို ဆုံးမခဲ့ပါတယ်။ " သမီးဟာလည်း နောင်အလုပ်တွေအများကြီး လုပ်ရအုံးမယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်တဲ့အခါ လူတွေရှိသည်ဖြစ်ပါစေ၊ မရှိသည် ဖြစ်ပါစေ၊ အလုပ်ကို အချောင်မခိုရဘူး "ဟု ရိုးရိုးရှင်းရှင်းလေးဆုံးမခဲ့ပါသည်။

ဒါလေးက အထက်တန်းကျောင်းသူ ဘဝလောက်က အဖေဆုံးမခဲ့တဲ့အကြောင်းလေးပါ။ အခုလို အရွယ်ရောက်လို့ အိမ်နဲ့ဝေးရာမှာ အလုပ်တွေတစ်ခုပြီး တစ်ခုလုပ်နေရတဲ့ အခါမှာ အဖေပြောပြတဲ့ ဒီအကြောင်းအရာလေးက ရင်ထဲမှာပေါ်ပေါ်လာပြီး ကြိုးစားမှုတွေ ခေါင်းပေါ်ရွက်ထားနိုင်အောင် ခွန်အားတွေပေးလို့နေပါတော့တယ်။

Friday, January 27, 2012

ဝင်္ကပါလမ်းဆုံး

 
 




ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်နေသည်။ ထို့နောက်တွင် လျှပ်ပန်းလျှပ်နွယ်များ ဖြာယှက်ကာ မိုးကိုနိဒါန်းပျိုးလိုက်သည်။ ဖြတ်ကနဲ၊ဖြတ်ကနဲ ဖြာလင်းသွားသည့် လျှပ်စီးများနှင့် တဂျုံးဂျုံး၊တဂျိန်းဂျိန်း မြည်ဟီးလာသည့် မိုးချုန်းသံများကို ကြောက်လန့်နေမိသည့် ကောင်မလေး တစ်ယောက်ရှိခဲ့ဘူးပါသည်။ ထိုကဲ့သို့သောညများတွင် တစ်ယောက်တည်းမအိပ်ရဲတော့၍ မိခင်၏ရင်ခွင်ကို ဖက်တွယ်ပြီး မျက်စိစုန်မှိတ်၊ နှုတ်ဆက်နေတတ်သည်။ စိတ်ထဲ၌တော့ ဘုရားအား မေးခွန်းလေးများ မေးနေခဲ့ပါသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ကြောက်မက်ဖွယ်ကောင်းသည့်၊မိုးချုန်းသည့် ညများကို အဘယ်သူအတွက် ဖန်ဆင်းခဲ့ရသနည်း။ အဘယ်အတွက် ကောင်းကျိုးဖြစ်စေသနည်း။ အမှန်တကယ် နားမလည် ဖြစ်ရပါသည်။


ထိုနေ့ကို မှတ်မိနေဆဲပါ။ ဘုရားကျောင်း၌ လူငယ်များ၏ စွမ်းရည်ပြပွဲ သွားကြည့်ခဲ့သည့်ည။လူ ငယ်များ၏ စွမ်းရည်ပြပွဲက အတိုင်းထက်အလွန်ကောင်း၍ မိုးချူပ်မှန်းမသိ၊ ပြီးသည့်တိုင် အားပေးခဲ့သည်။ သို့နှင့် ပြန်ကြမည်လုပ်စဉ် ကျွန်မအလွန်ကြောက်သည့် လျှပ်စီး၏အလင်းရောင်များက ကြိုဆိုနေတော့သည်။ အိမ်ပြန်ရန်လမ်းကို တွေးကြောက်လာမိသည်။ အိမ်ပြန်ရာလမ်း၌ လမ်းမီးမရှိသကဲ့သို့ ဓတ်မီးလည်းယူမသွားခဲ့ပါ။ ကျွန်မ၏မေမေကတော့ မကြောက်ရန် အားပေးပါသည်။ "မေမေတို့အနားမှာ ဘုရားသခင်ရှိတယ်။ မကြောက်နဲ့သမီး..."


ပထမ ခြေလှမ်းတစ်လှမ်း။ ဒုတိယ တစ်လှမ်း။ တတိယ တစ်လှမ်း။ ခြေလမ်းများကတစ်လှမ်းထက်တစ်လှမ်း ပို၍ခိုင်မြဲလာသည်။ မည်းမှောင်တိတ်ဆိတ်နေသည့် ညလယ်၌ ကြောက်ရွှံ့နေသည့် ခြေလှမ်းများအတွက် ဖြတ်ကနဲ လက်သွားသည့် လျှပ်စီးများက ဓတ်မီးအလင်းရောင်ထက် ပို၍ပင်အလင်းများပေးနိုင်ခဲ့သည်။ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းကို လက်သွားသည့် လျှပ်စီးများက အဖော်ပြုပေးခဲ့ကြသည်။ ဘာမျှအသုံးမဝင်ဟု ထင်မှတ်ထားသည့် အရာကပင် ခြေတစ်လှမ်းချင်းအတွက် ရင်ဆိုင်နေရသည့် ချိုင့်ခွက်၊ ရွှံှ့ဗွက်များကို ကျော်လွှားသွားနိုင်အောင် ကူညီခဲ့ကြသည်။ ဤသို့နှင့် အိမ်သို့ကောင်းမွန်စွာ ပြန်ရောက်ခဲ့ရသည်။ ဘုရားသခင်ဖန်ဆင်းထားသည့် အရာက ကျွန်မကို ခွန်အားဖြစ်စေခဲ့ပါသည်။ အမှန်တကယ် ဝမ်းမြောက်ခြင်းခံစားခဲ့ရသည်။


ဘုရားသခင်ဖန်ဆင်းခဲ့သမျှအရာအားလုံးအတွက် ကျေးဇူုးတော်ချီးမွမ်းမိပါသည်။ ဘုရားသခင်ကိုယ်တော်တိုင် ကောင်းကြီးပေးခဲ့ပြီး အလွန်ကောင်းသည်ဟု သိမှတ်ခဲ့သည် မဟုတ်ပါလား။ ဖန်ဆင်းထားသည့် အရာများသည် ဘုရားသခင်ရှိကြောင်း သက်သေပြနေခြင်းဖြစ်ကြောင်း ထိုမိုးည အဖြစ်အပျက်အားဖြင့် သိမြင်နားလည်ခဲ့ရသည်။

 
ဘဝ ဝင်္ကပါခရီးလျှေက်လမ်းရာလမ်းတလျှေက်၌ တခါတရံ စိတ်ညစ်စရာများနှင့် ကြုံတွေ့နိုင်သည်။ တခါတရံ ကြေကွဲစရာများနှင့် ဆုံတွေ့ နိုင်သည်။ တခါတရံ အနာရောဂါများနှင့် မိတ်ဆက်ရတတ်သည်။ သို့သော် အသက်ရှင်သော ဘုရားသခင်ကို သိကျွမ်းသူများအတွက် မတော်တဆကြုံတွေ့ဖြစ်ပျက်ရသည့်အရာ တစ်စုံတစ်ရာမျှမရှိပေ။ အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်လက်တော်အောက်၌သာရှိကြောင်း ဝန်ခံလျှင်၊ တစ်ချိန်ကျလျှင် ဝမ်းမြောက်ခြင်းများအဖြစ်သို့ ရောက်ရှိမည်မှာ ဧကန်အမှန်ပင်။


သွားပါ။ ဆက်၍လျှေက်သွားပါ။ အားယူ၍၊ ရဲရင့်ခြင်းရှိ၍ ၊ မျော်လင့်ခြင်းရှိ၍ မိမိ၏ ဝင်္ကပါလမ်းကို လျှေက်ပါ။ ဝင်္ကပါ ဆိုသည့်အတိုင်း စ၍လျှေက်လမ်းစဉ်၌ လမ်းကြောင်းများရှုပ်ထွေးနေသည်ဟု ထင်စရာရှိသော်လည်း ၊ ထိုလမ်းအတိုင်း ဆက်၍ ဆက်၍ သွားလိုက်သည့်အခါ အဆုံး၌ ထွက်ပေါက်လမ်းရှိနေပါသည်။ ထို့ကြောင့် မကြောင့်ပါနှင့်။ ဆက်၍သွားပါ။ ဘုရားသခင် သင်နှင့်အတူရှိနေပါသည်။