ခေါ်သံကြောင့် အိမ်ရှေ့သို့ အောင်အောင် အပြေးအလွှား သွားလိုက်ပါသည်။
“ဖြိုးပိုင် ပါလား။ လာလာ ... နင် ငါ့အိမ်ကို တကယ်လာလည်တယ်နော်”
“ဒါပေါ့။ နင်ပြောတဲ့ ဂျာနယ်တွေ၊ ကာတွန်းစာအုပ်တွေ ဖတ်ချင်လို့”
အောင်အောင်သည် အိမ်၌ ကိုယ်ပိုင်စာကြည့်တိုက်သေးသေးလေးလုပ်ချင်သည့် စိတ်ကူးလေးကို အကောင်အထည်ဖော်သည့် အနေနှင့် သူငယ်ချင်းအောင်အောင်ကို အိမ်သို့ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ပြောပြောဆိုဆိုနှင့် ဧည့်ခန်းထဲသို့ရောက်သော် အောင်အောင်က ဖတ်စရာစာအုပ်များကို ယူပေးလိုက်သည်။
“ရော့...ဒီမှာ ဒါက လစဉ်ထုတ်ကလေးဂျာနယ်တွေ၊ ဒါက ကာတွန်းစာအုပ်တွေ။ ကြိုက်တာဖတ်နော်”
“အေးအေ။ ဂျာနယ်တွေ အများကြီးပါလား။ ပျော်စရာကြီးနော်”
ဖြိုးပိုင်က အောင်အောင်အိမ်သို့ရောက်သော် ဖတ်စရာဂျာနယ်အစုံကို တွေ့လိုက်ရ၍ မျောက်အုံးသီးရသည့်နှယ် အလွန်ပျော်သွားသည်။
“ဟုတ်တယ်။ ငါ့မေမေက ငါဖတ်ဖို့ လတိုင်းဝယ်ပေးတာလေ”
ဖြိုးပိုင်သည် တနေ့လည်လုံးမမောတန်း ဂျာနယ်စာအုပ်များကို ဖတ်နေတော့သည်။ ဒီလိုနှင့် ညနေစောင်းသို့ရောက်သော်
“အောင်အောင်... မိုးချုပ်တော့မှာမို့ ငါပြန်တော့မယ်နော်။ ဒါပေမယ့် ဆက်ပြီးလည်း ဖတ်ချင်သေးတယ်။ ဒီစာအုပ်တွေ ငါ့ကို ခဏငှားပေးလို့ရမလား။ ကျောင်းပြန်တက်တဲ့နေ့ ငါပြန်ယူလာပေးမယ်လေ”
“အေးအေ... ရပါတယ်”
ဒီလိုနှင့် ဖြိုးပိုင်သည် ကျောင်းအားရက်များတွင် သူငယ်ချင်းအောင်အောင်ထံသို့သွားကာ ဂျာနယ်များ၊ ကာတွန်းများ ဖတ်ဖြစ်သည်။ အောင်အောင်သည်လည်း ဖြိုးပိုင်လာလည်၍ ပျော်နေမိသည်။
~~~~~
ယခုတစ်ပတ်နွေရာသီကျောင်းပိတ်ရက်တွင် ဖြိုးပိုင်မလာ၍ အောင်အောင် မျော်နေမိသည်။ “ ဟိုတစ်ပတ်က စာမေးပွဲရှိလို့ မလာပေမယ့် ဒီတစ်ပတ်က ဘာလို့မလာတာလည်း မသိဘူး” ဟု တွေးနေမိသည်။ ထို့နောက် စာအုပ်စင်မှ စာအုပ်များကို စီနေလိုက်သည်။
“အို...ငါ့ဂျာနယ်တစ်ချို့ မတွေ့ပါလား။ ငါ သေသေချာချာ အစဉ်လိုက်စီထားတာပဲ။ ဖြိုးပိုင်လည်း ငှားထားတဲ့ စာအုပ်တွေ ပြန်ပေးပြီးပြီပဲ။ ဘယ်လိုကြောင့် ပျောက်နေရတာလဲ”
ဂျာနယ်များ၊ ကာတွန်းစာအုပ်များကို စနစ်တကျ အတွဲလိုက်ထားထားသော်လည်း ဂျာနယ်တစ်ချို့ပျောက်နေသည်ကို တွေ့လိုက်ရ၍ အောင်အောင်ဗျာများသွားရသည်။
“အရင် ဖြိုးပိုင် အိမ်မလာလည်ခင်က ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ ငါမသိအောင် ဖြိုးပိုင် တိတ်တိတ်လေး ယူသွားတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ဒီတပတ်အိမ်မလာတာ ဖြစ်ရမယ်။ တွေ့မှ အပြတ်ပြောပြစ်လိုက်မယ်” ဟု စိတ်ထဲ တေးထားလိုက်သည်။
သို့နှင့် တရက်တွင်
“အောင်အောင်ရေ...အောင်အောင်”
အသံကြားသည်နှင့် ခြံတံခါးဝသို့ အောင်အောင်သွားလိုက်သည်။
“အောင်အောင်... ငါ စာအုပ်လာ...”
ဖြိုးပိုင်ပင် စကားမဆုံးသေး
“ဖြိုးပိုင်၊ နင် ငါ့ဂျာနယ်တွေ ငါမသိပဲ ခိုးသွားတယ်မလား။ နင် ငှားဖတ်ချင်တယ်ဆိုလို့လည်း ငါ ငှားပေးခဲ့တာပဲ။ သူများမသိပဲ ယူသွားတယ်ဆိုတာ ခိုးတာနဲ့ အတူတူပဲ။ အကျင့်မကောင်းတဲ့သူဆိုရင် ငါမခင်ချင်ဘူး။ နင့်ကို စာအုပ်တွေ ပေးမဖတ်တော့ဘူး။ ပြန်သွားတော့”
ဟု ဒေါသတကြီး ပြောပြစ်လိုက်သည်။
“ငါ မခိုးပါဘူး အောင်အောင်။ တကယ်ပြောတာပါ။ နင် ငါလာတာ မကြိုက်ရင်လည်း ပြန်ပါတော့မယ်” ဟု
ဖြိုးပိုင်က မျက်နှာသူငယ်နှင့် ပြောနေရှာသည်။ အောင်အောင်သည် ဖြိုးပိုင်ပြောသည်ကို အရေးမလုပ်ပဲ လှည့်ထွက်လာခဲ့လိုက်သည်။
~~~~~
တစ်နေ့၌
“အောင်အောင်ရေ...၊ အောင်အောင်”
ခြံထဲမှ ဖေဖေ့ခေါ်သံကြောင့် အောင်အောင်သွားလိုက်သည်။
“သားရေ ဖေဖေ့ကို လာကူပေးပါအုံး။ ဒီမှာ အဝတ်လန်းတဲ့ကြိုးပြတ်သွားလို့ ကားဂိုတောင်ထဲမှာထားတဲ့ သံကြိုးနဲ့ တူသွားယူပေးအုံး”
“ဟုတ်ကဲ့”
သို့နှင့် ကားဂိုတောင်သို့ ရောက်သော်
“ဝုတ်ဝုတ်...၊ ဝုတ်ဝုတ်”
ခွေးဟောင်သံကို ကြားလိုက်ရသည်။ သို့နှင့် ခွေးလေးခွေနေသည့် အနီးသို့သွားကြည့်လိုက်သည်။
“ဟင်...စာရွက် အပိုင်းအစတစ်ချို့ပါလား။ ကျားဘို၊ နင်ဒီမှာ ဘာလာလုပ်တာလဲ။ သွား ...သွား”
ပျောက်နေသည့် ဂျာနယ်စာရွက်အပိုင်းအစတစ်ချို့ကို တအံ့တသြတွေ့လိုက်ရသည်။
သို့နှင့် သံကြိုးနှင့်တူကိုပင် ယူရန်သတိမရတော့။ ဖေ့ဖေဆီသို့ အလျင်အမြန်ပြေးသွားကာ
“ဖေဖေရေ...ဖေဖေ သားရဲ့ပျောက်သွားတဲ့ ဂျာနယ်တွေကို တွေ့ပြီ။ ဖြိုးပိုင် ခိုးသွားတာ မဟုတ်ဘူး။ ကျားဘိုက ကားဂိုတောင်ထဲကို ယူသွားတာ။ ကားဂိုတောင်ထောင့်မှာ မွစာကြဲနေတာပဲ”
ဟု ဖေ့ဖေကို အလောတကြီး ပြောပြလိုက်သည်။
“ဖေဖေ ပြောခဲ့သားပဲ။ သားသူငယ်ချင်း ယူသွားတာ မဖြစ်နိုင်ပါဘူးလို့။ ကဲ...နောက်ဆိုရင် သူများကို အလျင်စလို ဝေဖန်အပြစ်တင်ပြီး ဆုံးဖြတ်တာမျိုးကို ဆင်ခြင်ရမယ်နော်”
“ဟုတ်ကဲ့ပါဖေဖေ။ သား သဘောပေါက်ပါပြီ။ နောက်ဆို သားဆင်ခြင်ပါ့မယ်”
ပျောက်သွားသော ဂျာနယ်များကို ပြန်တွေ့လိုက်ရ၍ အောင်အောင် ပျော်သွားမိသည်။ ထို့ပြင် မိမိ၏ အလျင်စလို ဆုံးဖြတ်၍ ပြောမှားဆိုမှားခဲ့မူ့အတွက် ဖြိုးပိုင်အား တောင်းပန်ရန်လည်း ဆုံးဖြတ်လိုက်ပါသည်။ နောင်တွင် သူတစ်ပါးအား သေချာမသိပဲ အလျင်စလို ဝေဖန်ုခြင်းများ မပြုလုပ်တော့ဟု အသိတရားရလိုက်သည်က ပို၍ဝမ်းမြောက်သွားရပါတော့သည်။
မှတ်ချက်။ ။ “ရွှင်ပြုံး” ကလေးဂျာနယ်တွင် ဖော်ပြခြင်းခံရဖူးသည့် ကလေးဝတ္ထုတိုအား ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ ဤကလေးဝတ္ထုတိုသည် ကျွန်မဘဝတွင် ပထမဦးဆုံး ခဲစာလုံးအဖြစ် ဖော်ပြခြင်းခံရသည့် ဝတ္ထုတိုလည်းဖြစ်သည်။ ဇတ်လမ်းကျောရိုးတူသော်လည်း ယခုတစ်ကြိမ် ဤနေရာတွင် ပြန်လည်ရေးသားရာ၌ ဂျာနယ်တွင်ဖော်ပြခြင်းခံရစဉ်က အရေးအသားများနှင့် ကွဲလွဲမူများရှိပါသည်။

No comments:
Post a Comment