Pages

Saturday, August 4, 2012

ပေးလှူခြင်းပုံရိပ်

                           
    





အပန်းရောင်အသေးစားလက်ကိုင်တီဗီဂိမ်းလေးသည် (၁၂) နှစ်မွေးနေ့လက်ဆောင်အဖြစ် မောင်မောင် လက်ထဲသို့ ရောက်ရှိလာသည်။ မောင်မောင်ဆုတောင်းပြည့်သည်ဟုပြောရမည်။ သူငယ်ချင်းတစ်ယောက်၏ တီဗီဂိမ်းလေးကိုတွေ့မိသည်မှစ၍ လိုချင်ကာဆုတောင်းခဲ့သည်။ ဟော... တစ်နှစ်ပင် မကြာလိုက်ပါ။ ဂျပန်၌နေထိုင်နေသောအန်တီက မွေးနေ့လက်ဆောင်အဖြစ် ပို့ပေးခဲ့သည်။



“ဟိတ်... အိမိုး၊ ငါ့ တီဗီဂိမ်း ပေးခဲ့တော့။ ဓတ်ခဲကုန်တော့မယ်”

“အမလေး၊ ကပ်စေးအိုး။ ခဏလေးပဲ ကစားရသေးတယ်”

ဤသို့ ကပ်စေးနှဲသည့် မောင်မောင်။

“ဖြိုးဖြိုး၊ နင်ငါ့တီဗီဂိမ်းကို လျှောက်မကလိနဲ့နော်။ ပျက်သွားရင် နင်ပဲ”

မောင်မောင်သည် ဤသို့ပင် သူ့ပစ္စည်းများကို အရိပ်တကြည့်ကြည့်။ သူများယူဆော့သည်ကို မကြိုက်ပေ။



“နင်တို့လာရင် ငါအရမ်းစိတ်ညစ်တယ်” ဟု သူ့တစ်ဝမ်းကွဲမောင်နှများ အိမ်လာလည်တိုင်း စိတ်ညစ်ကာ တစ်ယောက်တည်း ပြောနေမိတတ်သည်။




~~~~~




အိမိုး၊ ဖြိုးဖြိုး နှင့် ရွှေစင်တို့သည် ယခုနှစ်သီတင်းကျွတ်ကျောင်းပိတ်ရက်တွင်း မောင်မောင်တို့အိမ်တွင် လာနေကြခြင်းဖြစ်သည်။ မောင်နှမဝမ်းကွဲများဖြစ်၍ ရန်ဖြစ်လိုက်၊ တည့်လိုက်နှင့် တွတ်ထိုးနေကြသည်။



“ဟေး ...မောင်မောင် အပေါ်ထပ်ကနေမဆင်းလာသေးဘူးလား။ sunday school နောက်ကြတော့မယ်”

“အေးပါ ခဏလေး”

“ငါတို့ မစောင့်တော့ဘူးနော်”



မောင်မောင်တစ်ယောက်တည်း အပေါ်ထပ်ရှိသူ့အခန်းထဲသို့ပြန်ဝင်သွားကာ အလုပ်ရှုပ်နေသည်။ sunday school သွားခါနီးတိုင်း ဘယ်သူမျှမသိသည့် မောင်မောင်၏အလုပ်ပင်။



“ဟူး...ပိုက်ဆံအရမ်းရှာခက်တယ်ဆိုတာ မေမေတို့ပြောတာ တကယ်မှန်တာပဲ။ မေမေတို့မပြောနဲ့ အခုငါ့ဒီပိုက်ဆံအိတ်နှစ်ခုထဲမှာ ပိုက်ဆံတွေလိုက်ရှာတာတောင် ချွေးထွက်လာပြီ”

“ဟယ် အကြွေပိုက်ဆံတွေ့ပြီ။” ရှာနေသည့် အကြွေပိုက်ဆံတွေ့ပြီဖြစ်၍ အောက်သို့ပြေးဆင်းလာခဲ့သည်။



“သွားမယ်လေ”ဟု ခတ်တည်တည်နှင့် ပြောကာ တနင်္ဂနွေနေ့ ဥပုဒ်စာဖြေကျောင်းသို့ လာခဲ့ကြသည်။ စိတ်ထဲတွင်တော့

“ဒီတစ်ပတ်ချန်ခဲ့တဲ့ပိုက်ဆံရယ် အရင်တစ်ပတ်ကစုထားတာတွေနဲ့ပေါင်းလိုက်ရင်တော့ တီဗီဂိမ်းဆော့ဖို့ ဓတ်ခဲအသစ်ဝယ်လို့ရပြီ။ ဟိဟိ”



မောင်မောင်သည် sunday school သို့သွားခါနီးတိုင်း မေမေပေးသည့်အလှူငွေကို မည်သည့်အခါမျှ အပြည့်မထည့်ပေ။ အကြွေများကိုသာ ပြန်ရှာကာထည့်နေကျ။




~~~~~


 

နံနက်စောစောကတည်းက အိမ်အောက်တွင် ဆူညံနေသည်။ ဖြိုးဖြိုးက မောင်မောင်ကို လာနိုးသည်။

“မောင်မောင် ထတော့ထတော့။ မနေ့ညက အိမ်ကို သူခိုးဝင်သွားတယ်။ နင်သိလား”

“အင်အင်...၊ ခုသူခိုး မရှိတော့ဘူးမလား။ ငါအိပ်ရေးမဝသေးဘူး။ သွားသွား...ခဏနေအောက်ဆင်းလာမယ်လို့ ပြောလိုက်”



နောက်ခဏကြာ အိမ်အောက်သို့ဆင်းသွားသည့်အခါ တအိမ်သားလုံးမျက်နှာမကောင်းကြသည်ကို တွေ့လိုက်ရသည်။ အိမ်အောက်ထပ်ဗီရိုထဲတွင်ထည့်ထားသော ဖေဖေ၏ပိုက်ဆံများပါသွားသည်ဟု သိလိုက်ရသည်။

“ပါသွားတဲ့ ပိုက်ဆံတွေများ နောက်ပြန်ရှာလို့ရတာပဲ” ဟု မောင်မောင့်စိတ်ထဲတွင်ပြောရင်း အိပ်ချင်မူးတူးနှင့် ရေချိုးခန်းသို့အသွား တံခါးပေါက်တွင်ခြေချော်မလိုဖြစ်သွားသည်။ သို့နှင့်



“ဟ..ဒီကြွတ်ကြွတ်အိတ်ကလည်း”ဟုဆိုကာ အပေါက်ဝကြမ်းပြင်ပေါ်တွင်ကျနေသော ကြွတ်ကြွတ်အိတ်ကို ကောက်လိုက်သည်။



“ဟင်...ဒီကြွတ်ကြွတ်အိတ်က ဒီမှာဘယ်လိုရောက်နေတာလဲ” ဟုပြောရင်း ခေါင်းထဲတွင် ဗြုန်းကနဲအသိတစ်ခုဝင်လာသည်။ မျက်မှောက်လည်း ကျုံ့သွားသည်မှာ မျက်ခုံးမွေးနှစ်ကြောင်းပင် ထိလုနီးပါး။



မောင်မောင်သည် ချက်ချင်းပင်အိမ်ရှေ့ဗီရိုရှိရာသို့ ပြေးသွားတော့သည်။ လက်ထဲတွင်လည်း ခုနကကြွတ်ကြွတ်အိတ်ကို ကျစ်ကျစ်ပါအောင်ကိုင်ခဲ့သည်။ ဗီရိုရှေ့သို့ရောက်သော် အံဆွဲကိုအမြန်ဆွဲဖွင့်လိုက်သည်။



“ဟာ...မရှိတော့ဘူး။ လုပ်ပါအုံး...မေမေရေ။ သားရဲ့ တီဗီဂိမ်းကိုလည်း သူခိုးခိုးသွားပြီ” မောင်မောင်၏အော်သံကြောင့် အိမိုး၊ ဖြိုးဖြိုး၊ ရွှေစင်နှင့် မေမေတို့အားလုံးပြေးလာခဲ့သည်။ ကြမ်းပြင်ပေါ်တွင်ထိုင်ချကာ အော်ငိုနေသည့် မောင်မောင်ကို တွေ့လိုက်ရသည်။



“သူခိုးကိုရှာပေး၊ ရှာပေး။ တခြားဟာတွေ ခိုးရင်တော်ရောပေါ့။ သားရဲ့အကြိုက်ဆုံးတီဗီဂိမ်းကိုမှ ယူသွားသေးတယ်။ ဟင့်ဟင့်”



တဖက်ကငိုရင်း လက်ထဲကိုင်ထားသော ကြွတ်ကြွတ်အိတ်ကိုလည်း တဖက်မှဆွဲဖြဲနေတော့သည်။ ခါတိုင်း တီဗီဂိမ်းထည့်သည့် ချစ်စရာကြွတ်ကြွတ်အိတ်လေးသည် တစ်စစီပြန့်ကျဲသွားကာ မောင်မောင်ကို လှောင်ပြောင်နေတော့သည်။

 


~~~~~

 


မောင်မောင်သည် တီဗီဂိမ်းလေးကို အရမ်းသတိရနေမိသည်။ တစ်ပတ်လုံးလည်းမပျော်ပေ။ တခြားကစားစရာခိုးခံရလျှင် ယခုလောက် ဝမ်းနည်းမည်မဟုတ်ပေ။ ယခုတော့ လိုချင်လွန်း၍ ဆုတောင်းကာရခဲ့သည့် အကောင်းဆုံး၊ အကြိုက်ဆုံး တီဗီဂိမ်းဖြစ်သည်လေ။



အိမိုး၊ ဖြိုးဖြိုး၊ ရွှေစင်တို့က

“ကပ်စေးနှဲအိုးကြီး အရည်ပျော်သွားပြီ”ဟု စကြသော်လည်း မောင်မောင်ကိုသနားနေမိကြသည်။



“မောင်မောင် ၊ ဖွားဖွားက ငါတို့ကိုပုံပြင်ပြောပြမယ်တဲ့” ဖွားဖွားအခန်းထဲသို့ မောင်မောင်ကို ဆွဲခေါ်သွားကြသည်။




“မောင်မောင် ဝမ်းနည်းနေမယ်ဆိုတာ ဖွားဖွားသိပါတယ်။ ဘုရားသခင်က မောင်မောင့်ကို ဒီထက်ပိုကောင်းတာ ပြန်ပေးမှာပေါ့။ မေ့ထားလိုက်တော့နော်”ဟုဆိုကာ မောင်မောင့်ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည်။



“ဖွားဖွား မြန်မြန်ပုံပြောပြတော့လေ” ဟုရွှေစင်တို့က ဖွားဖွားကို ပူဆာနေတော့သည်။



“မောင်မောင်ရော သေချာနားထောင်နော်” ဟု ဖွားဖွားကပြောရင်း ပုံပြင်ကိုအစပျိုးလိုက်သည်။



“တစ်ခါတုန်းက ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်။ သူကဆင်းရဲပေမယ့် တစ်နေ့ကျရင်သူ့ကိုယ်ပိုင် မြေကွက်တွေနဲ့ အကောင်းစားတိုက်အိမ်ကြီးဆောက်ပြီးနေမယ်လို့ စိတ်ကူးပြီး ရည်မှန်းချက်ထားထားတယ်။ ဒါကြောင့် သူဟာအလုပ်အရမ်းကြိုးစားလုပ်တယ်။ ရတဲ့ငွေတွေကိုလည်း စုထားတယ်။ တဖြည်းဖြည်းနဲ့ သူစုထားတဲ့ငွေတွေလည်းများလာတော့ မြေတစ်ကွက်အရင်ဝယ်လိုက်တယ်တဲ့။ ပြီးတော့ သူဟာအရမ်းစိတ်ထားကောင်းတဲ့သူလည်းဖြစ်လို့ တစ်ခြားသူတွေအပေါ်လည်း သနားညှာတာတတ်တယ်။ နောက်ပိုင်းသူ့ဆီကို ဆင်းရဲသားတွေ၊ သူတောင်းစားတွေ ငွေလာချေးရင်လည်း သူကချေးပေးလိုက်တယ်။ တခြားလိုအပ်တာတွေကိုလည်း သူကိုယ်တိုင် ဝယ်ပြီးလက်ဆောင်တွေပေးလေ့ရှိတယ်တဲ့။ ဒီလိုနဲ့သူ့မှာတော့ မြေကွက်တစ်ကွက်ကလွဲလို့ သူလိုချင်တဲ့ တိုက်အိမ်ကြီးက အကောင်အထည်မပေါ်လာနိုင်ဘူးတဲ့ကွယ်။ တိုက်အိမ်ကြီးဆောက်ဖို့ ငွေတွေဟာ သူ့ထက်ဆင်းရဲတဲ့သူတွေကို ပေးပေးလိုက်လို့ သူ့မှာဘယ်ရှိတော့မလဲ။ ဒါပေမယ့် သူဟာစိတ်မညစ်ဘူးတဲ့။ အဲဒီလိုနဲ့”



“အဲဒီလိုနဲ့ ဘာဖြစ်တာလဲ ဖွားဖွား” ဟု မောင်မောင်ကပြောတော့ ဖွားဖွားက ပြုံးလိုက်သည်။



“အဲဒီလိုနဲ့ တစ်နေ့ကျတော့ သူဟာ အလွန်လှပတဲ့ နေရာတစ်ခုကိုရောက်သွားတယ်တဲ့။ သူ့ကို ဝတ်ရုံဖြူကြီးဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နေရာတစ်ခုကို ခေါ်သွားပြီး မိတ်ဆက်ပြောပြတယ်တဲ့။ အရမ်းငြိမ်းချမ်းပြီး သပ္ပာယ်တဲ့နေရာပဲတဲ့။ ဒီလိုနဲ့ အရမ်းကောင်းတဲ့ တိုက်အိမ်ကြီးတစ်အိမ်ရှေ့ရောက်တော့ဒါသင်ရဲ့အိမ်ပဲလို့ ပြောပြလိုက်တော့ သူအရမ်းအံ့သြသွားပြီး ပြန်မေးလိုက်တယ်။ ကျွန်တော့မှာ ငွေလည်းမရှိဘူး။ မဖြစ်နိုင်ဘူးလို့ပြန်ပြောလိုက်တော့။ အဲ့ဒီပုဂ္ဂိုလ်ကဘာပြောသလဲဆိုရင်... ဆင်းရဲသူ၊ ဒုက္ခရောက်နေသူတွေကို ပေးဝေလိုက်တဲ့ သင်ရဲ့ငွေတွေဟာ ဒီကောင်းကင်နိုင်ငံမှာ ဆောက်တဲ့အိမ်အတွက် လိုအပ်တဲ့အုတ်တွေ၊ သံတွေ အဖြစ်နဲ့ အကောင်းဆုံး တိုက်အိမ်ကို ဆောက်နိုင်ခဲ့တာပေါ့လို့ သူ့ကိုပြောလိုက်တယ်တဲ့။ သင်ဟာစိတ်ထားဖြူစင်စွာနဲ့ များစွာပေးဝေခဲ့လို့ သင့်ရဲ့အိမ်ဟာလည်း ပိုပြီးကောင်းမွန်လှပနေရတာပေါ့တဲ့”



“နောက်သူဟာ လန့်နိုးလာတော့ အိပ်မက်ဖြစ်နေတာသိသွားတယ်။ သူ့ကိုဘုရားသခင်က ကောင်းကင်နိုင်ငံမှာရှိတဲ့ အိမ်ကိုခေါ်ပြတယ်ဆိုတာကို နားလည်လိုက်တယ်။ တစ်နေ့သေသွားပြီး ကောင်းကင်နိုင်ငံရောက်ရင် သူနေဖို့အိမ်ဟာ အရမ်းခမ်းနားနေမယ်ဆိုတာ သူသိလိုက်တယ်။ လောကမှာ အသက်ရှင်နေတဲ့အခါ သူများကိုကူညီပေးကမ်းနေလို့ သူ့မှာဥစ္စာပစ္စည်းမစုဆောင်းမိပေမယ့် သူပေးလှူကူညီခဲ့သမျှကို ကောင်းကင်ဘုံမှာရှိတဲ့ အဘဘုရားသခင်က အသိအမှတ်ပြုထားပေးတယ်၊ သူလိုချင်ခဲ့တဲ့ အကောင်းစားတိုက်အိမ်ကို ဘုရားသခင်က ကောင်းကင်နိုင်ငံမှာ သူ့အတွက်ပြင်ဆင်ပေးနေတယ်ဆိုတာ သိသွားတယ်”



“အရမ်းကောင်းတာပဲဖွားဖွား။ သားတို့လည်း ကောင်ကင်နိုင်ငံမှာ တိုက်အိမ်အကောင်းစားနဲ့နေရအောင် အကောင်းဆုံးပေးလှူတော့မယ်” ကလေးအားလုံးက အပြုံးမျက်နှာနှင့် ဖွားဖွားအား ဝိုင်းပြောလိုက်ကြသည်။



“ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒါကြောင့် ဖွားဖွားတို့က လောကမှာ အသက်ရှင်နေတဲ့အခါ လောကီဘဏ္ဍာကို မရှာရဘူး။ လောကီဘဏ္ဍာကမတည်မြဲဘူး။ ဒါကြောင့်”

ဖွားဖွား၏ စကားပင်မဆုံးသေး။ ကလေးအားလုံးက

“ကောင်းကင်ဘဏ္ဍာပဲ ရှာရမယ်” ဟု လက်ခုပ်တီးကာ ပြောလိုက်ကြသည်။



မောင်မောင်သည် ဖွားဖွားပြောပြသည့် ပုံပြင်လေးဖြင့် မိမိ၏အပြစ်များကို သိမြင်သွားသည်။ ထို့ကြောင့်ဖွားဖွားအား မိမိ၏အပြစ်များကို ပြောပြလိုက်သည်။



“ဖွားဖွားရေ၊ သားလေ ဘုရားသခင်အတွက်ပေးလှူမယ့် မေမေပေးတဲ့အလှူငွေတွေကိုလည်း လျှောက်သုံးမိပြီ။ သား နောင်တရပါပြီ။ နောက်ဆို ဒီလိုမလုပ်တော့ဘူး”



“ဟုတ်ပြီ။ ဒါမှဖွားဖွားရဲ့ လိမ္မာတဲ့မြေးလေးပေါ့။ ဘုရားသခင်က သူချစ်တဲ့သားကို ဆုံးမတယ်တဲ့။ ပြီးတော့ မောင်မောင်ရဲ့ အပြစ်တွေကိုလည်း ခွင့်လွတ်တယ်နော်”



“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဖွားဖွား”



ထို့နောက် ဖွားဖွားကမောင်မောင်အတွက် ဆုတောင်းပေးသည်။



 
~~~~~

 


မောင်မောင်သည် ယနေ့တနင်္ဂနွေနေ့ sunday school သွားရန် အားလုံးထက်အလျှင် အိမ်ရှေ့တွင်စောင့်နေသည်။ မောင်မောင် အလွန်ပျော်နေသည်လေ။ လွယ်အိတ်ထဲတွင်လည်း မေမေပေးသည့် ယနေ့ထည့်ရန်အလှူငွေများအပြင် ယခင်ကအလှူငွေထဲမှ တိတ်တိတ်လေးချန်ထားသော ငွေများလည်း အားလုံးထည့်လာခဲ့ပါသည်။ မောင်မောင်၏စိတ်ထဲတွင် ဖွားဖွားပြောခဲ့သောစကားများ ကြားယောင်နေသည်။



“အားလုံးဟာ ဘုရားသခင် ပိုင်ဆိုင်တဲ့ အရာတွေပဲ။ ဘုရားသခင်ပဲပေးပိုင်တယ်။ သားတို့တစ်ခါ မုန့်သွားစားရင်၊ ကစားစရာအရုပ်တွေဝယ်ရင်တောင် ငွေတွေအများကြီးသုံးကြတယ်မဟုတ်လား။ ဘုရားကို ပြန်ပေးတဲ့အခါ ဘာလို့နှမျောတွန့်တိုနေရတာလဲ”



မောင်မောင်သည် sunday school သို့ရောက်၍ အလှူငွေထည့်ဝင်သည့်အချိန်တွင် လွယ်အိတ်ထဲမှ ယူလာခဲ့သည့် ငွေများကို အကုန်ထည့်ဝင်လိုက်ပါသည်။ နောင်အခါများတွင်လည်း ရှိသမျှပေးလှူရန် ဆုံးဖြတ်ထားပါသည်။ ယခုအချိန်မှစ၍ မောင်မောင်သည် စိတ်သစ်လူသစ်ဖြစ်သွားပေပြီ။





No comments:

Post a Comment