“အလုပ်ဆိုတာဟာ ခါးတဲ့အမြစ်ရှိပေမယ့် ချိုတဲ့အသီးတွေသီးပါသတဲ့” ကြားဖူးတဲ့ ဆိုရိုးစကားလေးတစ်ခုပါ။ ကျွန်မကိုယ်တိုင်လည်း အဲဒီချိုတဲ့အသီးတွေသီးပွင့်ရာ အလုပ်သို့ သွားရောက်လုပ်ကိုင်ခဲ့ဘူးပါတယ်။ အဲဒီအသီးချိုချိုလေးတွေကို ကျွန်မရဲ့စာဖတ်မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။
သင်ယူထားခဲ့တဲ့ ကျောင်းသင်ခန်းစာများရဲ့ အသုံးချနိုင်စွမ်းကို လက်တွေ့အလုပ်သွားလုပ်ခြင်းဖြင့် ပိုပြီးနားလည်သဘောပေါက်လိမ့်မယ်လို့ ကျွန်မခံယူထားပါတယ်။ ပြီးတော့ဒီလိုလက်တွေ့အလုပ်သွားရောက်လုပ်ကိုင်ရာကနေ ရလာမယ့်ဝင်ငွေတွေကိုလည်း တခုတ်တရ လိုချင်တာလည်း တစ်ချက်ပါ။ နောက်တစ်ချက်ကတော့ ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ အင်ဂျင်နီယာကုမ္ပဏီများရဲ့ လုပ်ငန်းဆောင်ရွက်ပုံနဲ့ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာမိတ်ဆွေများနဲ့ မိတ်ဖွဲ့လိုတာကလည်း တစ်ကြောင်းပါ။ အကြောင်းတရားများစွာရဲ့ တွန်းပို့မှုနဲ့ မြို့ပြအင်ဂျင်နီယာကုမ္ပဏီများသို့ လက်တွေ့ဆင်းအလုပ်သွားရောက်လုပ်ကိုင်ချင်တဲ့ ကျောင်းသူကျောင်းသားများအတွက် ဖွင့်လင့်ပေးထားတဲ့ (minor)ဘာသာရပ်ကို ကျွန်မစိတ်တိုင်းကျ ရွေးချယ်တက်ခဲ့ပါတယ်။
ဒီminor class ဟာ ဆရာ(၃)ဦးပေါင်းပြီး ဖွင့်ထားခြင်းဖြစ်ပါတယ်။ ဆရာများရဲ့ အတွေ့အကြုံများနဲ့ သင်ပြပေးတဲ့အတွက် အတန်းတွင်း သင်ခန်းစာတွေဟာ တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ တခါတရံမှာလည်း အပြင်မှလုပ်ငန်းရှင်များကို ဖိတ်ကြားပြီး အတွေ့အကြုံများ ဖလှယ်စေပါတယ်။ ယခင်အတန်းသားဟောင်းများကိုလည်း ပြန်လည်ဖိတ်ကြားပြီး လက်တွေ့အလုပ်သွားလုပ်ခြင်းကနေရခဲ့တဲ့အတွေ့အကြုံတွေကို တင်ပြခိုင်းတာလည်း ရှိပါသေးတယ်။ သင်ခန်းစာတွေကတော့ အားလုံးရှယ်ပါပဲ။ ဒါ့အပြင် ကျောင်းအခန်းတွင်းမှာ မဲနှိုက်အဖွဲ့ခွဲပြီး ကုမ္ပဏီလုပ်ငန်းရှင်များကတစ်ဖွဲ့၊ အလုပ်သွားရောက်လုပ်ကိုင်မယ့်သူများကတစ်ဖွဲ့ခွဲပြီး အင်တာဗျူးအစီအစဉ်တွေကိုလည်း အစမ်းလေ့ကျင့်ခဲ့ရပါတယ်။ ပျော်စရာလည်းကောင်း၊ စိတ်လှုပ်ရှားစရာလည်းကောင်းပေါ့။ (၄)လတာ စာသင်နှစ်တစ်ခုတက်ရောက်ရပြီး၊ နွေရာသီကျောင်းပိတ်ရက်(၂)လတာတွင်းမှာ ကုမ္ပဏီများသို့ သွားရောက်လက်တွေ့ဆင်းရခြင်းဖြစ်ပါတယ်။
ကျွန်မတို့ဌာနနဲ့ဆက်သွယ်ထားတဲ့ ကုမ္ပဏီတချို့ဟာ နွေရာသီကျောင်းပိတ်ရက်နှစ်လတာအတွင်း အလုပ်သင်ဆင်းချင်တဲ့ ကျောင်းသူကျောင်းသားများကို ခေါ်ယူလေ့ရှိပါတယ်။ ကျွန်မသွားရောက်လက်တွေ့ဆင်းဖို့ စာရင်းကျလာတဲ့ ကုမ္ပဏီကတော့ (CECI)လို့ခေါ်တဲ့ အင်ဂျင်နီယာကုမ္ပဏီပဲဖြစ်ပါတယ်။ ကျွန်မနဲ့အတူ အတန်းသားစုစုပေါင်း၎ယောက် ကုမ္ပဏီတစ်ခုတည်းအတူကျပေမယ့် ဟိုရောက်သွားတော့ မတူတဲ့ ဌာနတွေမှာ အလုပ်လုပ်ဖို့ အသီးသီးကွဲသွားပါတော့တယ်။

(CECI)ကုမ္ပဏီရောက်တော့ ဟွိုင်ကော် နဲ့ ပေ့ကယ်ဆိုတဲ့ သူငယ်ချင်းအသစ်နှစ်ယောက် ရလိုက်ပါတယ်။ ကျွန်မတို့သုံးယောက်က မတူတဲ့ကျောင်းအသီးသီးက လာကျပေမယ့် နွေရာသီနှစ်လတာအတွင်းမှာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။
“နင်တို့နှစ်ယောက်နဲ့ ခင်ရတာ အရမ်းပျော်တာပဲသိလား။ ထိုင်ဝမ်လူမျိုးတွေဟာ ခင်ဖို့သိပ်မကောင်းဘူးလို့ထင်ထားတာ နင်တို့နဲ့တွေ့မှပဲ ငါ့အမြင်တွေပြောင်းကုန်ပြီ”
ကျွန်မက အဲလိုပြောတော့
“နင်တက်တဲ့ ကျောင်းက ကျောင်းကောင်းဆိုတော့ မာနကြီးတဲ့စာကြပိုးတွေမို့လို့ပါ။ တခြားကျောင်းက ကျောင်းသားတွေက အဲလိုမဟုတ်ပါဘူး”
“အင်...ဟုတ်မှာပါ” သူတို့နှစ်ယောက်အပြောကို ကျွန်မထောက်ခံလိုက်ရပါတယ်။
သူတို့နှစ်ယောက်က တကယ်ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေပါပဲ။
ကုမ္ပဏီမှာ ကျွန်မတို့သုံးယောက်ထိုင်ရတဲ့နေရာတွေက အလှမ်းဝေးပေမယ့် အားတာနဲ့ နေရာသုံးခုစလုံးမှာ သုံးဦးသားအလှည့်ကျ ရောက်နေတတ်ကျပါတယ်။ (CECI)ရောက်ခါစက ကျွန်မဟာ ACTO CAD ကို စလုံးရေစတောင် သိထားခြင်းမရှိဘူးတော့ တီးမိခေါက်မိရှိထားဖူးတဲ့ ဟွိုင်ကော်ဆီပြေးမေးရတာလည်း အမောပါပဲ။ သူက ACTO CAD တတ်ထားပြီးသူမို့ အားတဲ့အချိန်မှာ 3Ds max ကို ကိုယ်ဟာကိုယ် လေ့ကျင့်နေတတ်ပါတယ်။ ဟွိုင်ကော်ဟာ ယောကျာ်းလေးထဲမှာ တော်တော်လေး စိတ်ရှည်တဲ့သူလို့ဆိုနိုင်ပါတယ်။ မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ စေတနာပိုပို ပြောပြတတ်သူပါ။ ပေ့ကယ်နဲ့က မိန်းကလေးချင်းမို့ တခြားအပြင်ကိစ္စအကြောင်း အားလူးလည်းဖုတ်၊ စားစရာရှိလည်း ဝေစားမျှစားနဲ့ ညီအစ်မလို ခင်မင်ခဲ့ရပါတယ်။ တစ်ချို့တရုတ်စာအသံထွက်နဲ့ အဓိပ္ပါယ်တွေ မသိတော့ဘူးဆိုလည်း ပေ့ကယ်ဆီ ပြေးမေးနေကျပေါ့။ သူတို့နှစ်ယောက်ရှိလို့လည်း (၂)လတာ အလုပ်သင်ဆင်းခဲ့တဲ့ အချိန်တွေမှာ သိပ်ပြီးခက်ခက်ခဲခဲ မရှိခဲ့ပါဘူး။ သူတို့ကို ပြင်ဆင်ပေးထားတဲ့ ဘုးရားသခင်ကို ကျေးဇူးတင်ရမယ်။
(CECI)ကုမ္ပဏီမှာ ဌာနခွဲပေါင်းအခု ၂၀နီးပါးရှိပါတယ်။ ပို့ဆောင်ရေးဌာန၊ သံလမ်းဌာန၊ ဆောက်လုပ်ရေးဌာန၊ စက်ပစ္စည်းဌာန၊ သတင်းဌာန၊ အုပ်ချုပ်ရေးဌာန စသဖြင့် စုံလို့ပါပဲ။
(CECI)ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး(structure)ဒီဇိုင်းဆွဲတဲ့ ဌာနဟာ (၁)နဲ့(၂)ဆိုပြီး ဌာနငယ်နှစ်ခု ခွဲထားပါသေးတယ်။ ကျွန်မတာဝန်ကျတဲ့ ဌာနကတော့ ဆောက်လုပ်ရေး ဌာန(၂) SB ဖြစ်ပါတယ်။ ဒီဌာန(၂)က အဓိကအနေနဲ့ တံတားဒီဇိုင်းတွေကို ဆွဲခြင်းဖြစ်ပါတယ်။ ဌာန(၂)မှာကိုပဲ အင်ဂျင်နီယာ ဝန်ထမ်းအယောက်(၇၀)လောက်ရှိပါလိမ့်မယ်။ ဒေါက်တာဘွဲ့ရထားတဲ့သူက(၂)ယောက်ရှိပါတယ်။ အများစုကတော့ မာစတာဘွဲ့ရထားသူတွေပါ။ သူတို့တွေအားလုံး တော်တော်လေးကို အလုပ်ကြိုးစားကြတာကို တွေ့ရပါတယ်။ အလုပ်ကို dead line အမှီ အားကြိုးမာန်တက်လုပ်ရတဲ့အကြောင်း၊ တာဝန်ကို အချိန်မှီမပြီးလို့ကတော့ ပြန်ပြီးဒဏ်ငွေဆောင်ရတဲ့အကြောင်းလည်း ကြားသိရပါတယ်။ ဒါကြောင့် ကျွန်မတို့အလုပ်သင်ဆင်းသူတွေက ညနေ(၅)နာရီ ဒေါင်ဆိုတာနဲ့ ပြန်ဖို့တာဆူနေပေမယ့် သူတို့ကတော့ ညမိုးချုပ်တဲ့ထိ အလုပ်ဇွဲကပ်နေကြတုန်းပါပဲ။ စနေ၊ တနင်္ဂနွေဆိုလည်း ဘယ်သူတွေ အချိန်ပို လာကြမလဲ ဆိုပြီး အဖွဲ့ငြိနေတတ်ကြပြန်တယ်။ သူတို့တော့ အလုပ်ကြိုးစားတာ ဟုတ်ပါရဲ့၊ သူတို့အိမ်သားတွေ ဘယ်လိုနေတယ် မပြောတတ်ဘူး။ ဒါကြောင့်လည်း ထိုင်ဝမ်နိုင်ငံဟာ အိမ်ထောင်ကွဲတာ အာရှမှာ နံပတ်(၁)ချိတ်နေတာ ဖြစ်မယ်။ အလုပ်နဲ့ မိသားစုအရေး တဘက်စောင်းနင်းမဖြစ်ဖို့တော့ လိုတယ်ဆိုတာ မြင်လိုက်မိတယ်။
အလုပ်ကို တကုန်းကုန်း လုပ်ကြပေမယ့် တခါတရံ အလုပ်တွင်း စုပေါင်းမုန့်စားချိန်လည်းရှိပါသေးတယ်။ တခါတရံ ဖျော်ရည်နဲ့ အသားညုပ်ပေါက်ဆီ၊ တခါတရံ ခေါက်ဆွဲ။ အမျိုးစုံပါပဲ။ အားလုံးကို ကုမ္ပဏီက ကုန်ကျခံပြီး ဝန်ဆောင်ပေးတာပါ။ ဒီလို အနားယူ စားကြသောက်ကြချိန်ဆို တရင်းတနှီး စကြနောက်ကြနဲ့ မောင်နှမတွေလိုပါပဲ။ ကုမ္ပဏီတွင်းမှာ ဝါသနာတူ အဖွဲ့ငယ်လေးတွေလည်း ရှိပါသေးတယ်။ အားကစားအဖွဲ့၊ အင်္ဂလိပ်စကားပြောလေ့လာရေးအဖွဲ့၊ ဂျပန်စာလေ့လာရေးအဖွဲ့၊ ပန်းအလှဆင်လေ့လာရေးအဖွဲ့ ဆိုပြီး အစုံပါပဲ။ အင်္ဂလိပ်စကားပြောလေ့လာရေးအဖွဲ့မှာ ခိုင်ကောနဲ့အတူ ပါဝင်ဖြစ်လိုက်သေးတယ်။ ခရစ်ယာန်မိဿဟာရ အဖွဲ့လည်းရှိပါသေးတယ်။ ကျွန်မ အလုပ်သင်ဆင်းချိန်အတွင်းမှာ ခရစ်ယာန်မိဿဟာရ အဖွဲ့များဦးဆောင်တဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ဖခင်များနေ့နဲ့ ကြုံလိုက်ပါသေးတယ်။ (CECI)ကုမ္ပဏီအတွင်းက လာရောက်ပါဝင်တဲ့ ဖခင်အားလုံးကို လက်ဆောင်တွေပေးကြ၊ ဂုဏ်ပြုသီချင်းတွေဆိုကြနဲ့ ပျော်ဖို့တကယ်ကောင်းပါတယ်။ ကျွန်မအဖေကို ပေးဖို့ဆိုပြီး ကဒ်လေးတစ်ခုတောင်ရလိုက်ပါသေးတယ်။
ကုမ္ပဏီမှာ ကျွန်မတို့အုပ်စုနဲ့ အရမ်းရင်းနှီးခဲ့ရသူတွေကတော့ ခိုင်ကော(ကို)၊ ရှောင်ထန်းကော(ကို)၊ ရှောင်ဖန်းကော(ကို)နဲ့ ရှောင်ချီကျဲ(မ)တို့ပါ။ အားလုံးက ကျွန်မတို့(၃)ယောက်ကို မောင်လေးညီးမလေးတွေလို သွန်သင်လမ်းပြပေးကြတယ်။ အလုပ်သင်ဆင်းပြီးတာတောင် ကျွန်မတို့၃ယောက်ကို ခင်မင်လို့ အချိန်ညှိပြီး ဆိုင်မှာ ဒင်နာ(dinner)လေးတောင် တစ်ခေါက်နွှဲလိုက်ကြပါသေးတယ်။
ကုမ္ပဏီကို အလုပ်သင်ဆင်းလာတဲ့သူတွေဆိုတော့ ကျွန်မတို့ကို အလုပ်ချိန်မှာ ထွေထွေထူးထူး ဘာမျှတော့ မခိုင်းပါဘူး။ ဒါပေမယ့် စရောက်တဲ့နေ့မှာ မန်နေဂျာ ဦးဦးက အားလုံးကို ဒီလိုလေး စကားခြွေထားပါတယ်။ “ဒီ၂လတာအတွင်းမှာ ကုမ္ပဏီကိုလာပြီး အလုပ်သင်ဆင်းတဲ့အခါမှာ ပထမဦးဆုံး ကိုယ်ဘာလိုချင်တာလည်း အရင်သိအောင်လုပ်ပါ။ ပြီးရင် ကိုယ်လိုချင်တာကို ရအောင်ယူသွားပါ။ မသိတာ၊ မတတ်တာရှိရင် အားလုံးကို မေးလို့ရတယ်။ အားလုံးက ဒီမှာ မိသားစုလိုပဲ ”
ဆိုပြီး ကျွန်မတို့ကို ကြိုဆိုအားပေးခဲ့ပါတယ်။
ကုမ္ပဏီမှာ ကျွန်မတို့လုပ်ရတာဆိုလို့ အင်ဂျင်နီယာဝန်ထမ်းတွေလိုတဲ့ အချက်အလက်တွေရှာပေးရတာမျိုး၊ စာစီပေးရတာမျိုးနဲ့ မိတ္တူကူးပေးရတာတို့ပါ။ ကျန်တဲ့အားတဲ့အချိန်ဆိုရင် ကိုယ်နှစ်သက်ရာ ကိုယ့်ဟာကိုယ်လေ့လာလို့ရပါတယ်။ ကျွန်မလည်း (၂)လအတွင်းမှာ ACTO CAD တတ်အောင်သင်မယ်ဆိုတာနဲ့ ကျွန်မကို လေ့လာလို့ရအောင် တယောက်တမျိုးဝိုင်းကူပေးကြပါတယ်။ ဒီစာအုပ်ကောင်းတယ်၊ ဒီခွေလေးကောင်းတယ်၊ ဒါလေးကို ဒီလိုဆွဲရတယ်၊ ဒါတတ်ပြီးရင် နောက်ထပ်ဟိုပုံဆွဲဒီဇိုင်းကို တတ်အောင်သင်ထား စသဖြင့်လမ်းညွန်ပေးကျတာဟာ တကယ့်ရွှေတွင်းထဲ ကျနေသလို ကုန်းကောက်လို့ မကုန်နိုင်အောင်ပါပဲ။
ဌာနခွဲအသီးသီးမှာတာဝန်ကျနေကျတဲ့ ကျွန်မတို့လို အလုပ်သင်ဆင်းသူ ကျောင်းသူကျောင်းသားအားလုံးအတွက် ဟောပြောပွဲတွေ တပတ်တခေါက်လောက် လုပ်ပေးပါတယ်။ ဌာနခွဲအသီးသီးရဲ့ လုပ်ငန်းဆောက်ရွက်ပုံအကြောင်းတွေ၊ အင်ဂျင်နီယာတစ်ဦး သိသင်တဲ့ အခြေခံနည်းဥပဒေသတွေကို ဟောပြောပေးခြင်းဖြစ်ပါတယ်။ တခြားမိမိနဲ့ သက်ဆိုင်တဲ့ ဌာနခွဲဆိုင်ရာ လေ့လာပို့ချမှုတွေကိုလည်း မိမိစိတ်ကြိုက် တက်ရောက်ခွင့်လည်း ပေးထားပါသေးတယ်။ (CECI)ကုမ္ပဏီမှာ တစ်ချို့တက္ကသိုလ်ဆရာတွေက အကြံပေးသူတွေအနေနဲ့လည်း တာဝန်ထမ်းဆောင်ကြတာမို့ တစ်ချို့ဝန်ထမ်းတွေဟာ အဲဒီဆရာတွေရဲ့မိတ်ဆက်ပေးမှုနဲ့ အလုပ်ဝင်ခွင့်ရသွားကြတယ်လို့လဲ သိရပါတယ်။ ဒါကြောင့် ကျောင်းတက်နေစဉ်မှာ ဆရာရှေ့မှာ မျက်နှာရထားဖို့လည်း လိုတယ်ဆိုတာ သိလိုက်ရပါတယ်။ ကျွန်မတို့တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းတော်တော်များများလည်း ဒီ (CECI)ကုမ္ပဏီမှာ အလုပ်လုပ်နေကြတာကို တွေ့မြင်ခင်မင်ခွင့် ရလိုက်ပါတယ်။ ကျောင်းတစ်ကျောင်းထဲကဆိုတော့ ပိုပြီးဂရုစိုက်ပေးကြတာလည်း ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ ဝန်ထမ်းအတော်များများက ခင်မင်ဖို့ကောင်းပါတယ်။ သူတို့လို တော်တဲ့အင်ဂျင်နီယာကြီးတွေကို လက်ပွန်းတတီး ရင်းနှီးခွင့်ရလို့ စိတ်ထဲတော်တော်လေး ဝမ်းမြောက်ရပါတယ်။ သူတို့တွေ ဒီဇိုင်းပုံတွေကို ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးတိုင်ပင်တာကို ဘေးနားကနေကြည့်ပြီး အားကျလိုက်ရတာ။ (၂)လတာအတွင်း တွေ့မြင်ခဲ့ရသမျှဟာ ကျွန်မရဲ့အိမ်မက်ကြီးကို အရောင်တင်ဖို့ အားတွေပိုပြီးဖြစ်လာခဲ့ရပါတယ်။ အချုပ်အနေနဲ့ ပြောရရင်တော့ (၂)လတာအတွင်း (CECI)ကုမ္ပဏီကနေ ကျွန်မခူးယူ စားသုံးခဲ့ရတဲ့ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ အားကျခြင်း၊ မျှော်လင့်ခြင်းစတဲ့ အသီးတွေက ချိုချိုမွှေးမွှေးလေးပေါ့ရှင်။
No comments:
Post a Comment