Pages

Sunday, June 10, 2012

မကာအိုမှ ကြိုနေမယ့်သူ

ဘုရားသခင်ရဲ့ ပို့ဆောင်မှုကြောင့် မကာအို (Macau)ဆိုတဲ့ မြို့ပြကြီးသို့ တခဏတာ လည်ပတ်ခွင့်ရခဲ့ပါတယ်။  တရုတ်ပြည်ကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့  မကာအိုဟာ တစ်ချိန်က ပေါ်တူဂီနိုင်ငံရဲ့ ကိုလိုနီဖြစ်ခဲ့ဘူးတဲ့အတွက် တရုတ်နဲ့ ပေါ်တူဂီဓလေ့တွေနဲ့ သက်ဝင်လှုပ်ရှားလို့နေပါတယ်။

မကာအို ရောက်တော့ အဓိကပစ်မှတ်အနေနဲ့ တကူးတက သွားလည်ပတ်ဖြစ်ခဲ့တဲ့နေရာကတော့ Ruins of St.Paul လို့အမည်တွင်တဲ့ ကသလစ်ဘုရားကျောင်းတည်ရှိရာသို့ပါ။ ဒီအဆောက်အဦးဟာ သမိုင်းဝင်အဆောက်အဦးဖြစ်တဲ့အပြင် မကာအိုရောက် နိုင်ငံခြားသားဧည့်သည်များ အဓိက လည်ပတ်ရာနေရာလည်းဖြစ်ပါတယ်။  လာလည်သူအပေါင်းကို မကာအိုမှ အမြဲကြိုနေမယ့်သူပေါ့။




၁၆ရာစု 1582မှ၁၆၀၂အတွင်း ဆောက်လုပ်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးဟာ တမန်တော် ပေါလုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောက်လုပ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဥရောပလက်ရာများနဲ့အသက်သွင်း ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းရှေ့ရောက်တော့ ခမ်းနားလွန်းလှတဲ့ ဗိသုကာလက်ရာများကိုကြည့်ပြီး ကျွန်မရင်တွေ တဒိတ်ဒိတ်ခုန်ရပြီပေါ့။


ပုံမှာမြင်တွေ့နေရတဲ့ ရှေးသမိုင်းဝင်ဘုရားကျောင်းကြီးဟာ ယခုအချိန်မှာတော့ ရှေ့မျက်နှာစာ နံရံချပ်တစ်ခုသာ ကျန်ရှိနေတော့တာဖြစ်တယ်။ မီးလောင်မှုဘေးဒဏ်နှစ်ကြိမ်ခံစားရအပြီးမှာတော့ အခုလို မျက်နှာစာနံရံတစ်ချပ်သာ ကျန်ရှိခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ရတယ်။



အဆောက်အဦးရဲ့ဒုတိယထပ်ကို လေ့လာသူတွေတက်ပြီးလေ့လာလို့ရအောင် ဘယ်ညာနှစ်ဘက်မှာ သံလှေကားတစ်ခုစီလည်း တပ်ဆင်ထားတာတွေ့ရတယ်။ လှေကားအတိုင်း အပေါ်တက်ကြည့်တော့ ဒုတိယထပ်နံရံကပ်ရပ်မှာ လူနှစ်ယောက်သုံးယောက်စာသွား သံစကာခင်းလမ်းကျဉ်းလေးတစ်ခု လုပ်ထားပေးတာတွေ့ရတယ်။ သံစကာပေါက်တွေက ကျယ်လွန်းအားကြီးလို့ အောက်ကိုပြန်ငုပ်ကြည့်ရတာ အသည်းအေးစရာကောင်းလှပါတယ်။






မကာအို သမိုင်းဝင် ဘုရားကျောင်းရှေ့ အမှတ်တရ ဓတ်ပုံရိုက်ကူးရတာလည်း ရင်ကိုကြည်နူးစေပါတယ်။ ရှေ့နောက်ဝဲယာဘေးပတ်လည်မှာလည်း အခြားလည်ပတ်သူအပေါင်းဟာ တဖြတ်ဖြတ်နဲ့ ပျားပန်းခတ် ဓတ်ပုံရိုက်နေကျတာကို တွေ့ရမှာပါ။






























ဘုရားကျောင်းကြီးရှေ့မျက်နှာစာရဲ့ လှေကားရှည်ကြီးကနေ အဝေးကိုလှမ်းကြည့်လိုက်မယ်ဆိုရင် ဥရောပဆန်ဆန်ထူးခြားလှတဲ့ အဆောက်အဦးတွေကို မြင်တွေ့နိုင်ပါတယ်။






ဘုရားကျောင်းကြီးကို အဝေးကနေ လှမ်းကြည့်လိုက်ရင် တောင်ပို့တစ်ခုအလား ခွန်အားအပြည့်နဲ့ ထည်ဝါစွာရပ်တည်နေတာကို  ကြည်ညိုစဖွယ် မြင်တွေ့ရပါတယ်။





ဘုရားကျောင်းကနေဆင်းလာတာနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေရောင်းတဲ့ဈေးတန်းလမ်းကျဉ်းလေးက ကြိုဆိုလို့နေပါတယ်။  ဆိုင်တန်းများတည်ရှိရာ လမ်းတစ်လျှောက်မှာ
လည်ပတ်သူများနဲ့ စည်ကားလို့နေပြန်ပါတယ်။ လမ်းကျဉ်းလေးတစ်လျှောက် မြေမညီပေမယ့် မြေပေါ်မှာခင်းထားတဲ့ ကျောက်ပြားတွေက ပုံစံမျိုးစုံနဲ့ လှပလို့နေပါတယ်။ ခေါင်းပေါ်မော့ကြည့်လိုက်မယ်ဆိုရင်လည်း အလှဆင်ထားတာတဲ့ စက္ကူပန်းလေးတွေက လေပြေနဲ့အတူ  ပြေးဆော့နေတာကို ကြည်နူးစဖွယ်တွေ့ရပါသေးတယ်။







လမ်းကျဉ်းတွေကြောင့် မျက်နှာချင်းဆိုင်ရှိနေတဲ့အဆောက်အဦးတွေဟာ ပိုပြီးအသက်ဝင်နေသလို ခံစားမိပါတယ်။ လမ်းသွားလမ်းလာများနဲ့ အဆောက်အဦးကြား ရင်းနှီးမှုလှိုင်းတစ်ခု စီးဝင်နေသလိုလည်းခံစားမိပါရဲ့။ 


 Ruins of St.Paul ဘုရားကျောင်းကို နှုတ်ဆက်ပြန်လာလို့အပြီး “ဘုရားလည်းဖူး လိပ်ဥလည်းတူး”
ဆိုသလို ဈေးတန်းတလျှောက်မှ မကာအိုပြန်အမှတ်တရပစ္စည်းတစ်ချို့ကိုဝယ်ပြီး ညလေယာဉ်ထွက်ချိန်အမှီ လေဆိပ်သို့ ခြေလှမ်းများပြင်ရပါတော့တယ်။ ဒီလိုနဲ့ ဥရောပဆန်ဆန်အဆောက်အဦးများနဲ့ ခမ်းနားလှပနေတဲ့ မကာအိုမြို့ကြီးကို  ညလေပြေများနဲ့အတူ နှုတ်ဆက်ပြန်လာခဲ့ပါတော့တယ်။

No comments:

Post a Comment