ရင်ထဲကို အခါခါရောက်လာတတ်တဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းစာသားလေးပါ။
တကယ်ပဲ ရထားစီးဖို့အခွင့်ရောက်လာတော့ အိမ်ြပန်ချင်စိတ်က ပိုကဲလာပါတော့တယ်။ ဒါပေမယ့်
ဒီခရီးလေးက အိမ်ကိုပြန်တဲ့ ခရီးစဉ်လေးတော့မဟုတ်ပါဘူး။ သူငယ်ချင်းတွေအုပ်စုလိုက် အချိန်ညှိပြီး အားလပ်ရက်တစ်ရက်မှာ (苗栗大湖) ထိုင်ဝမ်နိုင်ငံမြောင်လိမြို့နယ်ရှိ သာ့ဟူရွာလေးဆီကို စတော်ဘယ်ရီအသီးတွေ ခူးဖို့ သွားခြင်းပါ။
ထိုင်ဝမ်နိုင်ငံရောက်စဉ် ပထမဦးဆုံးအကြိမ် ရထားစီးဖြစ်ခြင်းဖြစ်သလို၊ ထိုင်ခုံမရပြန်တော့ မတ်တပ်ရပ်ပြီး ရထားစီးသွားရပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ တရုန်းရုန်းဆိုတော့ တပျော်တပါးကြီးပါပဲ။
မြောင်လိဘူတာရုံရှေ့မှာ သူငယ်ချင်းများနဲ့ အမှတ်တရ
လူတရပ်နီးပါးရှိတဲ့ စတော်ဘယ်ရီရုပ် မှတ်တိုင်ရှေ့မှာ
သာ့ဟူရောက်တော့ စတော်ဘယ်ရီခြံက ဦးလေးကြီးက ကြိုတင်ညှိထားတဲ့အတိုင်း ကားနဲ့လာကြိုပါတယ်။ ဒီအရပ်လေးမှာတော့ စတော်ဘယ်ရြီခံတွေက အပြိုင်အဆိုင်နဲ့ ခြံကိုလာလည်သူတွေကို ဝန်ဆောင်မှုတွေအပြည့်ပေးတတ်ကြောင်းလည်း သိထားပါတယ်။ ကျွန်မတို့သွားမယ့်ခြံမရောက်ခင် လမ်းတလျှောက်မှာလည်း စတော်ဘယ်ရီခြံတွေကို တဖွေးဖွေးနဲ့ တွေ့နေရပါတယ်။ ကျွန်မတို့ အုပ်စုလည်း မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ဝေးရာ တစ်ရက်သာမှာ ရေထဲကိုပြန်ရောက်သွားတဲ့ ရေပျော်ငါးလို တပျော်တပါး ဖြစ်သွားကြပါတော့တယ်။
တောင်ကုန်းလေးတစ်ခုပေါ်မှာရှိတဲ့ စတော်ဘယ်ရီခြံလေးကို ရောက်တော့ ခုလိုစနစ်တကျနဲ့ စိုက်ပျိုးထားတာကို မြင်တွေ့ရပါတယ်။ အသီးတွေကို မြေကြီးနဲ့ မထိအောင် ပလတ်စတစ်နဲ့ ကျကျနန ဖုန်းအုပ်ထားပြီး စိုက်ပျိုးထားခြင်းပါ။ စတော်ဘယ်ရီသီးတွေကိုလည်း လာလည်သူတွေစိတ်ကြိုက် ကိုယ်တိုင်ခူးယူခွင့်ပေးထားပါတယ်။ ဒါပေမယ့် စိတ်အလိုကျ မခူးဖို့လည်း ကျွန်မတို့သူငယ်ချင်းတွေကြား တယောက်နဲ့ တယောက် လက်တို့ပြီးတော့ ကြိုပြောထားကြပါတယ်။ ဘာလို့လည်းဆိုတော့ ခူးပြီးရင် ကိုယ်ခူးသလောက် အချိန်နဲ့ပြန်ဝယ်ရမှာလေ။
အသီးတွေကလည်း အားရဖို့ကောင်းပါတယ်။ နီနီရဲရဲ၊ ဖွံ့ဖွံ့ထွားထွား ကြီးတွေပါ။
တခါတလေ ခြံပိုင်ရှင် ဦးလေးကြီးလစ်ရင်တော့ တဖက်ကခူးရင်း တဖက်က အသီးကို ခူးစားလိုက်ရတာလည်း အပျော်တမျိုးပါ။ ဟိဟိ။ ရေဆေးဖို့လည်း သတိမရပါဘူး။
ဒီလိုနဲ့ သာ့ဟူမှာရှိတဲ့ စတော်ဘယ်ရီခြံလေးထဲမှာ ကျွန်မတို့ အုပ်စု တပျော်တပါးနဲ့ အသီးတွေခူးလိုက်၊ ဓတ်ပုံတွေရိုက်လိုက်နဲ့ အရမ်းကိုပျော်ခဲ့ရပါတယ်။ ပျော်စရာ နေ့လေးတစ်နေ့အဖြစ် ခုချိန်ထိသတိရနေဆဲပါ။
No comments:
Post a Comment