Pages

Wednesday, April 24, 2013

ရဲရင့်ခြင်းအားနဲ့ ဒိုးကြစို့


“ထိုင်တာ့ကျောင်းဝန်းက ကျယ်တော့ စက်ဘီးလေးတစ်စီးရှိဖို့တော့ လိုတယ်နော်” ဆိုတဲ့ စီနီယာတွေရဲ့စကားကြောင့် NTU (National Taiwan University) တက္ကသိုလ်စတက်တော့ စက်ဘီးအသစ်လေးတစ်စီး ကျွန်မဝယ်ထားလိုက်တယ်။ အချိန်တွေရှားပါးတဲ့ ခေတ်ကြီးမှာ အတန်းချိန်တွေကို ကျောင်းဆောင်တစ်ခုမှ တစ်ခုဆီသို့  အလျင်မီအောင်လိုက်တက်နိုင်ဖို့ စက်ဘီးလေးက တာဝန်ကျေကျေနဲ့ ပါရမီဖြည့်ပေးရှာပါတယ်။ ဒါကြောင့် ကျွန်မ နီးနီးနားနားဘယ်သွားသွား အဲဒီစက်ဘီးလေးရဲ့အကူအညီကို ကျေးဇူးတင်စွာနဲ့ယူနေကြပေါ့။ လေပြင်းကြီးတဲ့ ထိုင်တာ့ကျောင်းဝန်းကြီးထဲမှာ တခါတရံ စက်ဘီးလေးတစ်စီးနဲ့ လန်းနေရတာလည်း ပျော်စရာကောင်းပါ့။


ဒါပေမယ့် တစ်ခုပဲ စိတ်ထဲဘဝင်မကျတာရှိမိတယ်။ အဲဒါကတော့ စက်ဘီးတာယာထဲ လေလျော့လို့ စက်ဘီးဆိုင်သွားပြီး လေသွားထိုးရတာပါပဲ။ မြန်မာနိုင်ငံရဲ့ ကိုယ့်မြို့လေးမှာနေတုန်းကလို စက်ဘီးဆိုင်သွားပြီး “စက်ဘီးလေလျော့လို့” လို့ပြောလိုက်တာနဲ့ စက်ဘီးပြင်ဆိုင်က အကိုကြီးတွေကိုယ်တိုင် လေထိုးပေးတာမျိုးမဟုတ်ဘူးလေ။ ကိုယ်ကိစ္စကိုယ်ပဲဖြေရှင်းရတာမျိုး။ ပြီးတော့ကျောင်းရဲ့စက်ဘီးဆိုင်ဆိုတော့ အချိန်တော်တော်များများမှာ လေထိုးဖို့အရေး လူတန်းရှည်စောင့်ရပြန်သေးတယ်။ လူစောင့်ရတာထားအုံး။ လေထိုးစက်ကလည်း ကျွန်မသိပ်မသုံးတတ်ဘူး။ စက်ဘီးတာယာရဲ့ လေထိုးပေါက်ကို လေထိုးပိုက်တတ်လိုက်တယ်ဆိုရင်ပဲ လေတိုးဖို့နေနေသာသာ ကိုယ့်ရဲ့စက်ဘီးတာယာထဲက လက်ကျန်လေတွေသာ တရှူးရှူးနဲ့ ခုန်ပေါက်ထွက်ပြေးသွားကျတယ်။ အပေါက်မတည့်တာလည်းမဟုတ်။ လေတွေက ဘယ်ချောင်ကြားကထွက်သွားတယ်မသိဘူး။ ခေါင်းတငုံ့ငုံ့နဲ့ လေထိုးဖို့အရေး စိုင်းပြင်းနေရတာကို အနောက်ကလူတွေထဲကတစ်ယောက်တစ်လေမျှ လာကူပေးဖို့မရတဲ့အတွက် တယောက်တည်းဗျာများရတယ်။ တယောက်တည်း တကုန်းကုန်းနဲ့ လေထိုးပိုက်နဲ့တာယာပေါက်အဆင်ပြေရေးအတွက် ကြိုးစားပမ်းစားတပ်လိုက်ဖြုတ်လိုက်တာ၊ အချိန်ကြာလာလေလေ တခြားစောင့်နေတဲ့လူတွေကို အားနာရတာတမျိုး၊ ရှက်လာရတာတဖုံနဲ့ နောက်ဆုံးတော့ လေထိုးဖို့လိုရင် ညပိုင်းလူရှင်းတဲ့အခါမျိုးမှသာ စက်ဘီးဆိုင်ဘက်ကို ကျွန်မခြေဦးလှည့်မိတော့တယ်။


ဒီလေထိုးတဲ့ကိစ္စအတွက် စိတ်ထဲမှာ တော်တော်လေး ခံပြင်းနေပါတယ်။ ဒီလိုနဲ့  တစ်နေ့ စက်ဘီးလေသွားထိုးတဲ့ ညနေရီတရော အချိန်မှာပေါ့။ ယခင်အခါတုန်းကလိုပဲ ရောက်တာနဲ့ စက်ဘီးလေထိုးပိုက်ကိုဆွဲပြီး ထိုးဖို့ပြင်ဆင်ပါတယ်။ စိတ်ထဲကနေတော့ “ကဲ...လာစမ်းဟဲ့ လေထိုးပိုက်ရေ...ဒီတစ်ခေါက်တော့ မင်း... ငါ့အကြောင်းသိစေရမယ်” ဆိုပြီး  ပိုက်ရဲ့ထိပ်အဝနဲ့ တာယာအပေါက်ဝကို ခံပြင်းမှုစိတ်ခွန်အားတွေနဲ့ ရဲရဲတင်းတင်း လေထိုးလိုက်တယ်ဆိုရင်ပဲ စက်ဘီးတာယာထဲကို လေတွေက တစ်ချိုးတည်း တင်းပြည့်ကျပ်ပြည့်ဝင်သွားပါတော့တယ်။ လေထိုးပိုက်နဲ့ လေထိုးရတာ ဒီလောက်တောင်လွယ်လိုက်တာများ အရင်က ငါဘာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်ခဲ့ပါလိမ့်။ ရရမယ်ဆိုတဲ့ ရဲရင့်ယုံကြည်မှုစိတ်ဓတ်ရဲ့တွန်းအားကြောင့် ခုဒီတစ်ကြိမ်မှာ သာသွားတာထင်ပါရဲ့။  ဒီလို လေတွေပြည့်နေတဲ့စက်ဘီးကိုကြည့်ပြီး အောင်မြင်မှုအသေးလေးတစ်ခုကို ဖမ်းဆုပ်လိုက်နိုင်တဲ့ခံစားမှုပီတိမျိုး ကျွန်မရင်ဘတ်ထဲ ဝေသွားပါတော့တယ်။


ကျွန်မသိလိုက်ပါပြီလေ။ အရင်က လက်တွေ့စာသင်ခန်းထဲမှာ “ငါလုပ်လိုက်ရင် ပျက်သွားမှဖြင့်” ဆိုတဲ့စက်ပစ္စည်းတွေ မကိုင်ရဲ မတို့ရဲတဲ့ အုံ့ပုံးကြောက်စိတ်တွေ၊ ငါဒီလိုအဆိုတင်သွင်းလိုက်ရင် သူများက “ ဘာတွေလာပြောနေတာလဲ” လို့ပြောလိုက်လေမလား ဆိုတဲ့ ကိုယ့်ကိုကိုယ်မယုံကြည်မှုတွေ၊ ဆရာ့ကို ဒီပုံသေနည်းအကြောင်းမေးလိုက်ရင်  “ ဒါလေးတောင် မသိပါလား” လို့ ငါ့ကို ထင်မြင်နေမလား မသိ ဆိုတဲ့ မဝံ့မရဲစိတ်တွေကြောင့် အထစ်အငေါ့များစွာနဲ့ ကြန့်ကြာခဲ့ရတဲ့ကြောင်းရင်းတွေ ရုပ်လုံးပေါ်လာပါတော့တယ်။ ဒီလိုမဝံ့မရဲစိတ်တွေရဲ့ မြစ်ဖျားခံရာက ကုန်လွန်ခဲ့ပြီးတဲ့နှစ်များစွာက မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့လေ။ ရဲရင့်ခြင်းခွန်အားများနဲ့ လုပ်ဆောင်မယ်ဆိုရင် အကောင်အထည်ပေါ်လာနိုင်ကြောင်း အခုချိန်ကစပြီး ကျွန်မသင်ယူတတ်မြောက်သွားရပါပြီ။ ကျမ်းစာထဲက ယောရှုမှတ်စာ၁း၉ထဲမှာလည်း  “အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ ဘုရားသခင်ထာဝရဘုရားရှိသည်ဟုမိန့်တော်မူ၏။” ဆိုပြီး မီးမေါင်းထိုးအလင်းပြထားပါတယ်။
ဒါကြောင့် မှန်ကန်တဲ့အမူကိစ္စအဝဝကိုလုပ်ဆောင်ရာမှာ ဘုရားသခင်ရှိတယ်ဆိုတဲ့အသိနဲ့ အားယူပြီးရဲရင့်ခြင်းရှိစွာ ရှေ့တစ်လှမ်းဆီသို့ ဒိုးလိုက်ကြပါစို့။




Sunday, April 7, 2013

မွေးနေ့ဆုတောင်း

ဒီနေ့ဟာ ကျွန်မမွေးနေ့ပါ။
အေပရယ် (၇)။
ကျွန်မရဲ့ စာပေမိတ်ဆွေအားလုံးကို သတိရပါတယ်။
ကျောင်းစာတွေနဲ့ လုံးပန်းနေရလို့ စာမရေးဖြစ်တာလည်း အတော်လေးကြာနေပါပြီ။
ဒါပေမယ့် အားလုံးကို ရင်ထဲကနေ သတိရလျက်ပါ။
ကျောင်းစာတွေနဲ့ လွတ်မြောက်ရာတစ်နေ့မှာတော့ စာတွေပြန်ရေးနိုင်အောင် ကြိုးစားသွားပါ့မယ်။
အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။
ဘုရားသခင်ဆီမှ ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ရရှိပါစေ။

Saturday, February 16, 2013

ဂျာနယ်ကလေး ဘယ်သူယူ

“အောင်အောင်ရေ...၊ အောင်အောင်”
ခေါ်သံကြောင့် အိမ်ရှေ့သို့ အောင်အောင် အပြေးအလွှား သွားလိုက်ပါသည်။
“ဖြိုးပိုင် ပါလား။ လာလာ ... နင် ငါ့အိမ်ကို တကယ်လာလည်တယ်နော်”
“ဒါပေါ့။ နင်ပြောတဲ့ ဂျာနယ်တွေ၊ ကာတွန်းစာအုပ်တွေ ဖတ်ချင်လို့”
အောင်အောင်သည် အိမ်၌ ကိုယ်ပိုင်စာကြည့်တိုက်သေးသေးလေးလုပ်ချင်သည့် စိတ်ကူးလေးကို အကောင်အထည်ဖော်သည့် အနေနှင့် သူငယ်ချင်းအောင်အောင်ကို အိမ်သို့ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ပြောပြောဆိုဆိုနှင့် ဧည့်ခန်းထဲသို့ရောက်သော် အောင်အောင်က ဖတ်စရာစာအုပ်များကို ယူပေးလိုက်သည်။

“ရော့...ဒီမှာ ဒါက လစဉ်ထုတ်ကလေးဂျာနယ်တွေ၊ ဒါက ကာတွန်းစာအုပ်တွေ။ ကြိုက်တာဖတ်နော်”
“အေးအေ။ ဂျာနယ်တွေ အများကြီးပါလား။ ပျော်စရာကြီးနော်”
ဖြိုးပိုင်က အောင်အောင်အိမ်သို့ရောက်သော် ဖတ်စရာဂျာနယ်အစုံကို တွေ့လိုက်ရ၍ မျောက်အုံးသီးရသည့်နှယ် အလွန်ပျော်သွားသည်။
“ဟုတ်တယ်။ ငါ့မေမေက ငါဖတ်ဖို့ လတိုင်းဝယ်ပေးတာလေ”

 ဖြိုးပိုင်သည် တနေ့လည်လုံးမမောတန်း ဂျာနယ်စာအုပ်များကို ဖတ်နေတော့သည်။ ဒီလိုနှင့်  ညနေစောင်းသို့ရောက်သော်
“အောင်အောင်... မိုးချုပ်တော့မှာမို့ ငါပြန်တော့မယ်နော်။ ဒါပေမယ့် ဆက်ပြီးလည်း ဖတ်ချင်သေးတယ်။ ဒီစာအုပ်တွေ ငါ့ကို ခဏငှားပေးလို့ရမလား။ ကျောင်းပြန်တက်တဲ့နေ့ ငါပြန်ယူလာပေးမယ်လေ”
“အေးအေ... ရပါတယ်”

ဒီလိုနှင့် ဖြိုးပိုင်သည် ကျောင်းအားရက်များတွင် သူငယ်ချင်းအောင်အောင်ထံသို့သွားကာ ဂျာနယ်များ၊ ကာတွန်းများ ဖတ်ဖြစ်သည်။ အောင်အောင်သည်လည်း ဖြိုးပိုင်လာလည်၍ ပျော်နေမိသည်။


~~~~~
 
 
ယခုတစ်ပတ်နွေရာသီကျောင်းပိတ်ရက်တွင် ဖြိုးပိုင်မလာ၍ အောင်အောင် မျော်နေမိသည်။ “ ဟိုတစ်ပတ်က စာမေးပွဲရှိလို့ မလာပေမယ့် ဒီတစ်ပတ်က ဘာလို့မလာတာလည်း မသိဘူး” ဟု တွေးနေမိသည်။ ထို့နောက် စာအုပ်စင်မှ စာအုပ်များကို စီနေလိုက်သည်။
“အို...ငါ့ဂျာနယ်တစ်ချို့ မတွေ့ပါလား။ ငါ သေသေချာချာ အစဉ်လိုက်စီထားတာပဲ။ ဖြိုးပိုင်လည်း ငှားထားတဲ့ စာအုပ်တွေ ပြန်ပေးပြီးပြီပဲ။ ဘယ်လိုကြောင့် ပျောက်နေရတာလဲ”
ဂျာနယ်များ၊ ကာတွန်းစာအုပ်များကို စနစ်တကျ အတွဲလိုက်ထားထားသော်လည်း ဂျာနယ်တစ်ချို့ပျောက်နေသည်ကို တွေ့လိုက်ရ၍ အောင်အောင်ဗျာများသွားရသည်။
 
“အရင် ဖြိုးပိုင် အိမ်မလာလည်ခင်က ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ ငါမသိအောင် ဖြိုးပိုင် တိတ်တိတ်လေး ယူသွားတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ဒီတပတ်အိမ်မလာတာ ဖြစ်ရမယ်။ တွေ့မှ အပြတ်ပြောပြစ်လိုက်မယ်” ဟု စိတ်ထဲ တေးထားလိုက်သည်။
 
သို့နှင့် တရက်တွင်
“အောင်အောင်ရေ...အောင်အောင်”
အသံကြားသည်နှင့် ခြံတံခါးဝသို့ အောင်အောင်သွားလိုက်သည်။
“အောင်အောင်... ငါ စာအုပ်လာ...”
ဖြိုးပိုင်ပင် စကားမဆုံးသေး
“ဖြိုးပိုင်၊ နင် ငါ့ဂျာနယ်တွေ ငါမသိပဲ ခိုးသွားတယ်မလား။ နင် ငှားဖတ်ချင်တယ်ဆိုလို့လည်း ငါ ငှားပေးခဲ့တာပဲ။ သူများမသိပဲ ယူသွားတယ်ဆိုတာ ခိုးတာနဲ့ အတူတူပဲ။ အကျင့်မကောင်းတဲ့သူဆိုရင် ငါမခင်ချင်ဘူး။ နင့်ကို စာအုပ်တွေ ပေးမဖတ်တော့ဘူး။ ပြန်သွားတော့”
ဟု ဒေါသတကြီး ပြောပြစ်လိုက်သည်။
“ငါ မခိုးပါဘူး အောင်အောင်။ တကယ်ပြောတာပါ။ နင် ငါလာတာ မကြိုက်ရင်လည်း ပြန်ပါတော့မယ်” ဟု
ဖြိုးပိုင်က မျက်နှာသူငယ်နှင့် ပြောနေရှာသည်။ အောင်အောင်သည် ဖြိုးပိုင်ပြောသည်ကို အရေးမလုပ်ပဲ လှည့်ထွက်လာခဲ့လိုက်သည်။
 
~~~~~
 
တစ်နေ့၌ 
“အောင်အောင်ရေ...၊ အောင်အောင်”
ခြံထဲမှ ဖေဖေ့ခေါ်သံကြောင့် အောင်အောင်သွားလိုက်သည်။
“သားရေ ဖေဖေ့ကို လာကူပေးပါအုံး။ ဒီမှာ အဝတ်လန်းတဲ့ကြိုးပြတ်သွားလို့ ကားဂိုတောင်ထဲမှာထားတဲ့ သံကြိုးနဲ့ တူသွားယူပေးအုံး”
“ဟုတ်ကဲ့”
သို့နှင့် ကားဂိုတောင်သို့ ရောက်သော်
“ဝုတ်ဝုတ်...၊ ဝုတ်ဝုတ်”
ခွေးဟောင်သံကို ကြားလိုက်ရသည်။ သို့နှင့် ခွေးလေးခွေနေသည့် အနီးသို့သွားကြည့်လိုက်သည်။
“ဟင်...စာရွက် အပိုင်းအစတစ်ချို့ပါလား။ ကျားဘို၊ နင်ဒီမှာ ဘာလာလုပ်တာလဲ။ သွား ...သွား”
ပျောက်နေသည့် ဂျာနယ်စာရွက်အပိုင်းအစတစ်ချို့ကို တအံ့တသြတွေ့လိုက်ရသည်။

သို့နှင့် သံကြိုးနှင့်တူကိုပင် ယူရန်သတိမရတော့။ ဖေ့ဖေဆီသို့ အလျင်အမြန်ပြေးသွားကာ
“ဖေဖေရေ...ဖေဖေ သားရဲ့ပျောက်သွားတဲ့ ဂျာနယ်တွေကို တွေ့ပြီ။ ဖြိုးပိုင် ခိုးသွားတာ မဟုတ်ဘူး။ ကျားဘိုက ကားဂိုတောင်ထဲကို ယူသွားတာ။ ကားဂိုတောင်ထောင့်မှာ မွစာကြဲနေတာပဲ”
ဟု ဖေ့ဖေကို အလောတကြီး ပြောပြလိုက်သည်။
“ဖေဖေ ပြောခဲ့သားပဲ။ သားသူငယ်ချင်း ယူသွားတာ မဖြစ်နိုင်ပါဘူးလို့။ ကဲ...နောက်ဆိုရင် သူများကို အလျင်စလို ဝေဖန်အပြစ်တင်ပြီး ဆုံးဖြတ်တာမျိုးကို ဆင်ခြင်ရမယ်နော်”
“ဟုတ်ကဲ့ပါဖေဖေ။ သား သဘောပေါက်ပါပြီ။ နောက်ဆို သားဆင်ခြင်ပါ့မယ်”

ပျောက်သွားသော ဂျာနယ်များကို ပြန်တွေ့လိုက်ရ၍ အောင်အောင် ပျော်သွားမိသည်။ ထို့ပြင် မိမိ၏ အလျင်စလို ဆုံးဖြတ်၍ ပြောမှားဆိုမှားခဲ့မူ့အတွက် ဖြိုးပိုင်အား တောင်းပန်ရန်လည်း ဆုံးဖြတ်လိုက်ပါသည်။ နောင်တွင် သူတစ်ပါးအား သေချာမသိပဲ အလျင်စလို ဝေဖန်ုခြင်းများ မပြုလုပ်တော့ဟု အသိတရားရလိုက်သည်က ပို၍ဝမ်းမြောက်သွားရပါတော့သည်။






မှတ်ချက်။ ။ “ရွှင်ပြုံး” ကလေးဂျာနယ်တွင် ဖော်ပြခြင်းခံရဖူးသည့် ကလေးဝတ္ထုတိုအား ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ ဤကလေးဝတ္ထုတိုသည် ကျွန်မဘဝတွင် ပထမဦးဆုံး ခဲစာလုံးအဖြစ် ဖော်ပြခြင်းခံရသည့် ဝတ္ထုတိုလည်းဖြစ်သည်။ ဇတ်လမ်းကျောရိုးတူသော်လည်း ယခုတစ်ကြိမ် ဤနေရာတွင် ပြန်လည်ရေးသားရာ၌ ဂျာနယ်တွင်ဖော်ပြခြင်းခံရစဉ်က အရေးအသားများနှင့် ကွဲလွဲမူများရှိပါသည်။
 
 
 


Monday, February 4, 2013

ငွေရှင်


တစ်ချို့လူတွေက “လောကမှာ တန်ခိုးအရှိဆုံးအရာဟာ ငွေပါ” လို့ ပြောတတ်ကြတယ်။ ငွေနဲ့ အရာတော်တော်များများကို လုပ်ယူလို့ရတာကိုး။ ကျောင်းတက်ဖို့လည်း ငွေလိုတာပဲ။ ခရီးထွက်ဖို့လည်း ငွေလိုတာပဲ။ ထမင်းစားဖို့လည်း ငွေလိုတာပဲ။ မိန်းမယူဖို့လည်း ငွေလိုတာပဲ။ ကလေးမွေးဖို့လည်း ငွေလိုတာပဲ။ ဒါဆို လက်ထဲမှာ ငွေရှိမှ ဖြစ်တော့မယ်။

လူတွေ လက်ထဲမှာ ငွေရှိဖို့ နေ့မအား၊ ညမနား အလုပ်လုပ်ကြရတယ်။ ထမင်းရှင်ဆိုသူတွေကို အောက်ကြို့ရတယ်။ ပင်ပန်းမှုတွေနဲ့ နပန်းလုံးကြရတော့တယ်။ ပြီးတော့ ငွေရှင်တွေကို ခယကြရတယ်။ ဒီလိုပဲ ကျွန်မမှာလဲ ငွေရှင်ဆိုသူ ရှိတာပါပဲ။ ဒါပေမယ့် ကျွန်မရဲ့ ငွေရှင်ကတော့ ကျွန်မကို ပင်ပန်းကြီးစွာ အလုပ်တွေမခိုင်းပါဘူး။ လွယ်လွယ်ပြောရရင် တစ်ခုပေး တစ်ခုယူစနစ်နဲ့ ကျွန်မလိုအပ်တဲ့ ငွေတွေကို ပေးနေတဲ့သူလည်း မဟုတ်ပါဘူး။ တမ်းတရုံလေးနဲ့ ရလာတယ်ဆို စာဖတ်သူတို့ ယုံနိုင်ကြမလား။ တစ်ခါတစ်လေဆို တမ်းတစရာတောင် မလိုပါဘူး။ ရော့...ယူ ဆိုရုံပါပဲ။

ကျွန်မရဲ့ ငွေရှင်နဲ့ မိတ်ဆက်ပေးပါ့မယ်။ သူကတော့ ကျွန်မကိုးကွယ်နေတဲ့ ထာဝရဘုရားသခင်ပါပဲ။ အသက်ရှင်ပြီး အရာခပ်သိမ်းကို စိုးစံတဲ့ ဘုရားသခင်က ကျွန်မလိုအပ်နေတဲ့ ငွေတွေကို ဘယ်လိုပံ့ပိုးပေးခဲ့သလဲ ဆိုတာ ကျွန်မပြောပြပါ့မယ်။ မိတ်ဆွေတို့လဲ ထိုဘုရားရှင်ထံမှ မြည်းစမ်းရယူနိုင်ပါတယ်။



၁။ ထိုင်ဝမ်မှာ ကျောင်းတက်နေတဲ့ နေ့ရက်တစ်နေ့မှာပေါ့။ အတိအကျပြောရရင် ကျောင်းဖွင့်ခါစမှာ ကျောင်းလခတွေသွင်းပြီးလို့ လက်ထဲငွေပြတ်နေတဲ့နေ့။ ကျွန်မရဲ့ ကျောင်းလခကလဲ နဲနဲများတော့ ဒီလိုကျောင်းလခတွေ တစ်လုံးတည်းပေးလိုက်ပြီးတဲ့အခါ ငွေကပြတ်သွားတတ်ပါတယ်။ အဲဒီတစ်ခေါက်က တစ်ပြားဆို တစ်ပြားမှ မကျန်တဲ့အထိဖြစ်သွားပါတယ်။ ဒါပေမယ့် ကျွန်မမှာ ဘာခံယူချက်ရှိသလဲဆိုတော့ ကျွန်မကိုးကွယ်တဲ့ဘုရားဟာ အရာခပ်သိမ်းကို ပြောင်းလဲနိုင်တယ်ဆိုတာပါပဲ။ အရာခပ်သိမ်းကိုလဲ ပေးပိုင်တယ်ဆိုတာ ကျွန်မရဲ့ နှလုံးသည်းခြေထိကို ယုံထားပါတယ်။ ဒါကြောင့် ဒီငွေအခက်အခဲကို ဘယ်သူ့ဆီမှာမှ မတောင်းဘူးဆိုတာပါပဲ။ ကျွန်မကို ဖန်ဆင်းထားတဲ့ ဘုရားရှင်ဟာ ကျွန်မလိုနေတဲ့ ငွေပမာဏကို သိတဲ့အပြင် အဲဒီငွေတွေကိုလည်း ပေးနိုင်တယ်ဆိုတာ လိုတရဆိုတဲ့ ဆောင်းပါးပါ အဖြစ်အပျက်ကနေလည်း ကျွန်မသိမြင်ထားပြီးပြီလေ။ ဒါကြောင့် လက်ထဲတစ်ပြားမှ မရှိပေမယ့် ကျွန်မကတော့ အေးဆေးပါပဲ။ တကယ်တော့ ငွေလည်းတကယ်လိုနေပါတယ်။ အိမ်ကို လှမ်းတောင်းရင်ရပေမယ့် ကျွန်မစိတ်ထဲကနေ တောင်းတနေတာကတော့ ဘုရားသခင်က ကျွန်မကို ဘယ်လိုနည်းနဲ့ ကူညီဖြေရှင်းပေးမလဲပေါ့။ ဘုရားလုပ်တဲ့နည်းတွေဟာ အလွန်အံ့သြနက်နဲဖွယ် ကောင်းတာမို့ ကျွန်မလည်း ဒီလိုပဲ ပေကပ်ကပ်နဲ့ လိုနေတဲ့ ငွေတစ်ချို့ကို ဘုရားဆီမှာ မျှော်နေခဲ့ပါတယ်။

အဲဒီအချိန်ဟာ ဆောင်းကုန်ခါစ နွေအကူးမို့ ဆောင်းကာလကဝတ်ခဲ့တဲ့ အနွေးထည်တစ်ချို့ကိုလျှော်ဖို့ ကျွန်မပြင်ဆင်ပါတယ်။ အင်္ကျီအိတ်ထဲမှာ အလွယ်တကူထည့်ထားတဲ့ ဖြတ်ပိုင်းတို့၊ တစ်သျှူးတို့များရှိမလားဆိုပြီး တစ်ထည်ပြီးတစ်ထည် စမ်းသပ်နေမိပါတယ်။ ဒီလိုနဲ့ အသားရောင်အနွေးထည် အင်္ကျီ
 အလှဲ့ရောက်တော့  အတွင်းမှာရှိတဲ့ အိတ်ကပ်တွေကစစမ်းပြီး အပြင်ကအိတ်ကပ်နှစ်ဘက်လဲ ပြီးရော နောက်ထပ် ဇစ်ပိတ်ထားတဲ့ အပေါ်အိတ်ကပ်သေးလေးကို စမ်းဖို့လုပ်ပါတယ်။ အိတ်ထဲလက်နှိုက်ကြည့်လိုက်တော့ အလားလား.... စနစ်တကျ ခေါက်ရက်သားရှိနေတဲ့ ထိုင်ဝမ်ငွေ (၁၀၀၀) ထွက်လာပါတော့တယ်။ ကျွန်မလက်ပေါ်ရောက်လာတဲ့ အဲဒီငွေ(၁၀၀၀)ကို မျက်လုံးပြူးမျက်စံပြူးပြီး ကြည့်နေမိပါတော့တယ်။ ယုံနိုင်စရာ မရှိအောင်ပါပဲ။ အင်္ကျီအိတ်ကပ်တွေထဲမှာ ငွေတွေထည့်တတ်တဲ့အကျင့် ကျွန်မမှာ မရှိပါဘူး။ အမှတ်မှားလို့ ထည့်တယ်ထားအုံး ငွေစက္ကူအရွက်ကြီး (၁၀၀၀)တန် အသစ်စက်စက်ကို ထည့်ဖို့အကြောင်းမရှိပါဘူး။ ပြန်အန်းငွေတွေသာ ထည့်ထားဖို့ ဖြစ်နိုင်ပါသေးတယ်။ ကျွန်မချက်ချင်းသိလိုက်ပါပြီ။ ဘုရားသခင်က ကျွန်မရဲ့ အခက်အခဲကို ဖြေရှင်းပေးခြင်းသက်သက်သာပါ။ ကျွန်မအတွက် ထမင်းတစ်နပ်ကို ထိုင်ဝမ်ငွေ(၅၀)ဖိုးနဲ့ ကောင်းကောင်းဝတဲ့နေ့ရက်တွေမှာ (၁၀၀၀)တန်ကို မျက်လှဲ့ပြသလို ရလိုက်တဲ့အတွက် (၁)ပတ်စာအတွက် ကောင်းကောင်းလုံလောက်သွားခဲ့ရပါတယ်။ ဒီအံ့သြဖွယ်အဖြစ်အပျက်ကို ကျွန်မအမေ့ကို ပြောပြတော့   “သမီးအဒေါ်များထည့်ထားပေးသလားမသိ”ဆိုပြီး ပြောပါသေးတယ်။ ဘာလို့ဆို ဒီအနွေးထည်လေးက ကျွန်မရဲ့အဒေါ် ဂျပန်ကနေ ပို့လိုက်တဲ့ လက်ဆောင်မို့ပါ။ ဂျပန်မှာနေတဲ့ အဒေါ်က ထိုင်ဝမ်ငွေကို ဘယ်လိုလုပ်ထည့်ထားပေးမှာလဲ။ အလုပ်များတဲ့အဒေါ်က (၁၀၀၀) တန်တစ်ရွက်လောက်နဲ့ အလုပ်ရှုပ်ခံလဲပြီး ထည့်ထားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ သူကျွန်မကိုပေးတဲ့ မုန့်ဖိုးငွေတွေဟာလည်း ဂျပန်ငွေတွေသာ ပေးဖူးပါတယ်။ ဘုရားသခင်မှ မလုပ်ရင် ဒီငွေ(၁၀၀၀)ဟာ ကျွန်မအိတ်ကပ်ထဲ ရောက်လာစရာအကြောင်းမရှိပါဘူး။ ကျွန်မအမေလည်း ဘုရားသခင်ရဲ့ ဂရုဏာကို ပိုပြီးသိမြင်သွားခဲ့ပါတယ်။ မောရှေခေတ်က ကျောက်တုံးကနေ ရေထွက်အောင် လုပ်ပေးနိုင်တဲ့ ဘုရားက ယနေ့ခေတ်မှာ ကျွန်မအင်္ကျီအိတ်ထဲကနေ ငွေထွက်လာအောင်လုပ်နိုင်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်လို့ မဆုံးဖြစ်ရပါတယ်။ ဟာလေလုယာ။



၂။ ဆရာဒေးဗစ်လားပြောသလို ဘုရားဟာ super natural နဲ့အလုပ်လုပ်တဲ့ဘုရားဆိုတာ တကယ်မှန်ပါတယ်။ ဘုရားကို သာမန်ယုံရင် သာမန်လေးပဲရပါလိမ့်မယ်။ ဘုရားဟာ သဘာဝထက်လွန်ကဲပြီး တတ်နိုင်တယ်ဆိုတာ ယုံရင် အဲဒီအတိုင်း မြင်တွေ့ခံစားရပါတယ်။ ထိုင်ဝမ်နိုင်ငံမှာ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အလုပ်လုပ်ရင် လုပ်ခရဲ့ရာခိုင်နှုန်းတစ်ချို့ကို အစိုးရက အစပိုင်းမှာ ဖြတ်ထားတတ်ပါတယ်။ နောက်သတ်မှတ်ထားချိန်ရောက်ရင်တော့ လျှောက်လွှာခေါ်စာနဲ့တကွ ဆိုင်ရာရုံးကိုသွားပြီး ပြန်ထုတ်ယူခွင့်ရှိပါတယ်။ ကျွန်မ ကျောင်းတက်စဒုတိယနှစ်မှာ စာကြည့်တိုက်ရဲ့ အချိန်ပိုင်းအလုပ် လုပ်ဖူးပါတယ်။ တစ်နှစ်လောက်လုပ်ပြီးတော့ ဖြတ်ထားတဲ့ငွေတွေကို ပြန်ထုတ်ယူခွင့်လျှောက်လွှာ ကျလာပါတယ်။ ဒါကြောင့် ကျွန်မနဲ့ သူငယ်ချင်းနှစ်ယောက်စုပြီး ရုံးကို သွားခဲ့ကြတယ်။ ရုံးရောက်တော့ လျှောက်လွှာစာရွက်ပေါ် လိုအပ်တာတွေဖြည့်ပြီး သုံးယောက်သား ကိုယ်စီကောင်တာမှာ သွားလိုက်ကြတယ်။ ကျွန်မအတွက် ပထမဦးဆုံးအတွေ့အကြုံမို့ သိပ်တော့နားမလည်ပါဘူး။ သူတို့မေးတာဖြေ၊ လိုတာပြော၊ ပေးတာယူပါပဲ။ ရုံးကထွက်လာကြတော့ သူငယ်ချင်းက မေးပါတော့တယ်။

“မင်မင် နင်ဘယ်လောက်ရလဲ”
“၁၅၂၅၈”
“ဘာ... (၁၅၂၅၈)။ ငါတောင်ဒီလောက်မရဘူး” ကျွန်မသူငယ်ချင်းက အရမ်းအံ့သြသွားပါတော့တယ်။
“အေ...ဟုတ်တယ်။ ဘာလို့ဒီလောက်များနေရလဲ ငါလဲမသိဘူး” ကျွန်မလည်း ကိုယ့်ဟာကိုယ် အံ့သြပြီး ဖြေမိပါတယ်။
“နင်က ငါတို့လောက်လဲ အလုပ်လုပ်တာမဟုတ်ဘူး။ ဖြတ်ငွေက ဒီလောက်များစရာအကြောင်း မရှိပါဘူး။ နာမည်မှားပြီး ပေးလိုက်သလားမသိ” ကျွန်မရတဲ့ငွေက အရမ်းများနေတဲ့အတွက် ကျွန်မထက် အလုပ်ကို သဲကြီးမဲကြီး လုပ်ထားတဲ့ သူငယ်ချင်းက သဝန်တိုတဲ့ လေသံတောင် ဟလာပါတော့တယ်။
“အေ...မသိတော့ဘူး။ ကွန်ပျူတာက မှားနိုင်စရာအကြောင်းလဲ မရှိပါဘူး။ ငါ ဒီလောက် အလုပ်လုပ်ထားတာလဲ မဟုတ်ဘူး”

ကျွန်မသူငယ်ချင်းကတော့ ကျောင်းစာထက် ငွေရဖို့သာ အားထုတ်နေသူပါ။ လွန်ခဲ့တဲ့နှစ်က ကျောင်းနားပြီး အပြင်မှာ အလုပ်လုပ်ခဲ့တဲ့အတွက် အခြားအခွန်ပေးဖို့ကျန်ရှိနေသေးတဲ့  ငွေတွေကိုပါ ယခုရငွေထဲက တပါတည်း ဖြတ်ခြင်းခံလိုက်ရပါသေးတယ်။
သူ့မှာ အလုပ်ကို စနေ၊တနင်္ဂနွေပါမကျန် နေ့မအား၊ ညမနားလဲ လုပ်သေးတယ်။ နောက်ဖြတ်ငွေလာထုတ်တော့ ကျွန်မရတဲ့ငွေက သူ့ထက်ပိုများနေတယ်ဆိုတော့ စိတ်ထဲကနေ ကျိတ်မနိုင်ခဲမရ ဖြစ်နေရှာပါတော့တယ်။ အဲဒီနေ့က တလမ်းလုံး တပြစ်တောက်တောက်ပြောမဆုံးတဲ့အပြင် နောင်စကားကြုံတိုင်းလဲ ပြောတတ်ပါသေးတယ်။ ကျွန်မလဲ ထင်ထားတာထက် မမျော်လင့်ပဲ ငွေတွေရလိုက်တော့ အံ့သြနေမိပါတယ်။ ဒီရလိုက်တဲ့ငွေတွေကြောင့် နောက်တစ်နှစ်စာသင်နှစ် ကျောင်းလခအတွက် (၃)ပုံ(၁)ပုံ ရင်ချောင်သွားရပါတော့တယ်။ ဒီငွေစာရင်းက မှန်ကောင်းမှန်နိုင်သလို၊ မှားကောင်းလဲမှားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနာမည်စာရင်းထဲကို “ဆိုင်းမဆင့်၊ ဗုံမဆင့် ” ရောက်လာအောင် ဘုရားသခင်မှ တစ်ပါး ဘယ်သူထည့်ပေးနို်င်ပါအုံးမလဲ။ ဘုရားသခင်ကို ကျေးဇူးတင်လို့ မဆုံးဖြစ်ရပါတယ်။ ဟာလေလုယာ။



၃။ ကျွန်မတက်တဲ့ တက္ကသိုလ်ကျောင်းမှာ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ခါ ပျော်ပွဲစားလုပ်ပေးလေ့ရှိပါတယ်။ လိုက်ပါချင်တဲ့ကျောင်းသားကျောင်းသူများဟာ နာမည်စာရင်းသွင်းခအနေနဲ့ ထိုင်ဝမ်ငွေ(၁၀၀)ပေးရပါတယ်။ ဒါပေမယ့် ဒီငွေ(၁၀၀)ကို ပျော်ပွဲစားပြန်လာတဲ့အခါ ပြန်အမ်းပေးပါတယ်။ ဒါ့အပြင် လည်ပတ်စရိတ်ငြိမ်း သွားခွင့်ရပါသေးတယ်။ ကျွန်မသူငယ်ချင်းလည်း ကျွန်မအတွက်ပါ တခါတည်း နာမည်စာရင်းပေးလိုက်ပြီးတဲ့အတွက် သွားလည်ခဲ့ပါတယ်။ အဲဒီနှစ်က တောင်တက်ခရီးစဉ်မို့ အစက လိုက်ရမှာ အင်တင်တင်ြဖစ်နေပါသေးတယ်။ စိတ်ကလည်း ဘယ်မှသွားလည်ချင်စိတ် မရှိတဲ့အချိန် ဖြစ်နေတယ်။ ဒါပေမယ့် ကျောင်းသူဘဝဆိုတော့ သိတဲ့အတိုင်း တစ်နေ့စာ စားစရိတ်၊ လည်စရိတ်ငြိမ်းဆိုတော့ လိုက်သွားလိုက်ပါတယ်။ ဒီလိုနဲ့ နိုင်ငံတကာက ကျောင်းလာတက်ကြတဲ့ အပြည်ပြည်ဆိုင်ရာလူမျိုးတွေနဲ့ တခဏတာ ရင်းနှီးလည်ပတ်ခွင့်ရလိုက်ပါတယ်။ ဖြူသူ၊ ညိုသူ၊ ဝါသူ၊ မဲသူ အစုံပါပဲ။ တောင်တက်ရင်း ပျော်ပျော်ပါးပါး မိတ်ဆက်ကြ၊ နှုတ်ဆက်ကြပေါ့။ ဒီလိုနဲ့တောင်အတက်မှာတော့ တတပ်တအား ခြေတွက်ခဲ့ပေမယ့်၊ တောင်အဆင်းမှာတော့ ကျွန်မနဲ့သူငယ်ချင်းတစ်ချို့ နောက်မှာပြတ်ကျန်ခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက် နေထိုင်မကောင်းဖြစ်သွားရတာကြောင့် တစ်ခြားသူတွေနဲ့တော်တော်လေး ပြတ်ကျန်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ခဏကြာတော့ တောင်ခြေမှာ ကျွန်မတို့ကိုထိုင်စောင့်နေတဲ့ ကျောင်းရုံးဝန်ထမ်းတစ်ချို့နဲ့ အခြားကျောင်းသူကျောင်းသားတစ်ချို့ကို တွေ့လိုက်ရပါတယ်။

“လာကြ၊ လာကြ။ နင်တို့ကို စောင့်နေကြတာ။ ဒီမှာ မဲလည်း လာနှိုက်ကြပါအုံး”
တောင်တက်အပြီးမှာ နောက်ဆုံးအနေနဲ့ ကံစမ်းမဲမဲနှိုက်တဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။ မဲနှိုက်တိုင်း ပေါက်လေ့ပေါက်ထ မရှိတတ်သူမို့ ကျွန်မကတော့ စိတ်သိပ်ပါလှတာမဟုတ်ပါဘူး။ ဒီလိုပဲ စိတ်မပါတပါ နှိုက်ဆိုလည်း နှိုက်လိုက်တာပါ။
“အို အံ့သြစရာပါပဲ”
 မဲမပေါက်တတ်တဲ့ ကျွန်မက ထိုင်ဝမ်ငွေ(၃၀၀)ပေါက်သွားပါတယ်။ ဘယ်သူက လျှပ်စစ်မီးဖိုပေါက်တယ်။ ဘယ်သူက ပန်ကာပေါက်တယ်နဲ့ ကြားနေရပါတယ်။ ကျွန်မအတွက် အဲဒီပစ္စည်းတွေဟာ ဘာမျှအရေးမကြီးပါဘူး။ ကျွန်မပေါက်တဲ့ ပိုက်ဆံ(၃၀၀)ကသာ ကျွန်မအတွက်တော့ အဲဒီအချိန်မှာ ရွှေပါပဲ။ တကယ်ပဲ ရေခမ်းနေတဲ့အချိန်ပါ။ မဲစာရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကျွန်မလက်တွေတောင် တဆစ်ဆစ်တုန်သွားပါတယ်။ ကျွန်မနှုတ်ကနေ ပြောနေမိတာကတော့ “ကျေးဇူးတင်ပါတယ် ဖဘုရားသခင်။ ကိုယ်တော် သမီးကို ပြစ်မထားဘူးဆိုတာ သမီးပိုပြီးနားလည်ယုံကြည်ရပါပြီ”။



၎။ နွေရာသီကျောင်းပိတ်ရက်(၂)လတာမှာ ဆောက်လုပ်ရေးအင်ဂျင်နီယာကုမ္ပဏီတစ်ခုသို့သွားပြီး လက်တွေ့ဆင်းခဲ့ဖူးပါတယ်။ ကျွန်မနေတဲ့အိမ်ကနေ ဘက်စကားစီး၊ ပြီးတော့ မြေအောက်မီးရထားစီးပြီး နောက်ထပ်(၁၅)မိနစ်လောက်လမ်းလျှောက်မှ အဲဒီဆိုက်ကို ရောက်တာပါ။ အချိန်ပိုအလုပ်ဆင်းရတဲ့ 
တစ်နေ့မှာပေါ့။ ကျွန်မက လက်တွေ့ဆင်းတဲ့သူမို့ တစ်ခြားအင်ဂျင်နီယာတွေပြန်မှ သိမ်းဆည်းစရာတွေကို တစ်ချက်ပြန်ကြည့်ပြီးမှသာ ပြန်ခဲ့တယ်။ ဒါနဲ့ လုပ်ဖော်ဆောင်ဖက်တွေ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီး ပြန်သွားကြပြီ။ ဒီလိုနဲ့ နောက်ဆုံးကျွန်မလည်း ပြန်ဖို့လုပ်ပါတယ်။ အဲဒီအချိန်မှသာ ကျွန်မပိုက်ဆံအိတ်ထဲ ပိုက်ဆံမရှိတော့တာ သတိထားမိပါတယ်။ ပိုက်ဆံထုတ်ဖို့ ကဒ်လည်းမပါခဲ့တာမို့ ဘာလုပ်ရမှန်းမသိဖြစ်သွားရတယ်။ အဲဒီဆိုက်ပတ်ဝန်းကျင်မှာ ကျွန်မသိတဲ့သူဆိုတာလည်း မရှိပါဘူး။ ရုံးမှာနေကြတဲ့ အင်ဂျင်နီယာတွေကလည်း ယောကျာ်းတွေပဲမို့ ညအချိန်မှာ သွားတောင်းဖို့လည်း မသင့်တော်ပြန်ဘူး။ ပိုက်ဆံမပါရင် ဘယ်လိုအိမ်ပြန်ရမယ်မှန်း မသိဖြစ်ရတော့တယ်။ “တက္ကစီငှားစီးသွားလိုက်မယ်။ နောက်အိမ်ရောက်မှ ခဏစောင့်ခိုင်းလိုက်ပြီး ပိုက်ဆံပေးလိုက်ရမလား ” ဆိုပြီးလည်း စဉ်းစားမိပြန်ပါတယ်။ အို...ဒါလည်းအဖြစ်ချေပါဘူး။ အိမ်နဲ့ ဆိုက်နဲ့ကလည်း ဝေးတဲ့အတွက် တက္ကစီငှားစီးရင် ကုန်မယ့် ပိုက်ဆံအတွက်လည်း နှမျောမိပြန်ပါတယ်။

 ဒါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကတော့ လမ်းဖွင့်ပေးလိမ့်မယ်ဆိုပြီး လမ်းလျှောက်လာတာ ခြေလှမ်း(၁၀)လှမ်းလောက်အရောက်မှာ “မင်မင် ...ခုမှ ပြန်တာလား” ဆိုပြီး ညမှောင်မှောင်ထဲမှာ ကျွန်မရဲ့နာမည်ခေါ်သံကို ရုတ်တရက်ကြားလိုက်ရပါတယ်။ ဒါနဲ့ ကျွန်မခေါင်းမော့ကြည့်လိုက်တော့ ကျွန်မတို့ဆောက်လုပ်နေတဲ့ အဆောက်အဦးပိုင်ရှင်တွေရဲ့ အင်ဂျင်နီယာအဖွဲ့ထဲက ခေါင်းဆောင်ကို တအံ့တသြတွေ့လိုက်ရပါတော့တယ်။
“ဟုတ်ပါတယ်။ ချန်စီးရှုံး ...ပိုက်ဆံပါလား”
တွေ့တာနဲ့ ပိုက်ဆံပါလားဆိုပြီး မေးလိုက်တော့ သူနဲနဲတော့ ကြောင်သွားပါသေးတယ်။
ကျွန်မရဲ့  အခက်အခဲကို ပြောပြပြီး အကူအညီတောင်းလိုက်တဲ့အခါမှ သူ့မှာပါတဲ့ ပိုက်ဆံအကြွေတွေအားလုံးကို ကျွန်မကိုပေးလိုက်ပါတော့တယ်။
“မနက်ဖြန် အလုပ်မှာ ပြန်လာပေးပါ့မယ်”
“ရတယ်..ရတယ်။ လောက်ရဲ့လားမသိဘူး။ ငါ့အိမ်က ဒီနားမှာပဲလေ။ ညလမ်းလျှောက်ထွက်တာ ပိုက်ဆံလည်း ဒီလောက်ထည့်မလာဘူး”
“လောက်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်”

အဲဒီအင်ဂျင်နီယာကို မထင်မှတ်ပဲတွေ့လိုက်ရလို့ ကျွန်မတကယ်ပဲပျော်သွားရပါတယ်။ တကယ်ဆို အလုပ်ခွင်ထဲမှာ သူနဲ့ စကားတောင် သိပ်မပြောဖူးပါဘူး။ ပိုင်ရှင် အင်ဂျင်နီယာအဖွဲ့ထဲက ခေါင်းဆောင်ဖြစ်တာမို့ အလုပ်ခွင်ထဲမှာ ကျွန်မတို့အဖွဲ့ကို အရမ်းတင်းကြပ်ထားတဲ့အတွက် နဲနဲတော့ရှိန်နေခဲ့တဲ့သူပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြုံတော့ ကျွန်မကို ကူညီပေးခဲ့ပါတယ်။ ကျွန်မကို အသေးစိတ် ကူညီလမ်းပြပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်လို့မဆုံးတော့ပါ။ ဘုရားရှင်ဟာ ကျွန်မကို နည်းလမ်းပေါင်းစုံနဲ့ ငွေတွေပံ့ပိုးပေးနေတဲ့ ငွေရှင်ပါပဲ။



၅။ တက္ကသိုလ်တက်တဲ့အခါမှာ ဖတ်စာအုပ်တွေဟာ ဈေးကြီးတဲ့အတွက် တော်ရုံနဲ့ ကျွန်မအသစ်မဝယ်ပါဘူး။ စာကြည့်တိုက်မှာ ငှားလို့ရရင်ငှားတယ်။ ကူးလို့ရရင်ကူးတယ်။ ဒါပေမယ့် တစ်ကြိမ်တော့ မဝယ်မဖြစ် ဝယ်လိုက်ရပါတယ်။ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ စာအုပ်ဝယ်တဲ့သူတွေကို ရောင်းပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီအချိန်ဟာ ကျောင်းဖွင့်စဖြစ်တာမို့ လက်ထဲငွေကလဲ ပြတ်နေပါတယ်။ စာအုပ်ဖိုးက (၂၆၀) ပါ။ ကျွန်မမှာလည်း လတ်တလောစားဖို့လောက်ပဲ ပိုက်ဆံရှိတော့တာမို့
စာအုပ်ဖိုးမပေးနိုင်သေးတဲ့အတွက် နောက်တစ်ပတ် ကျောင်းမသွားတော့ပဲ တစ်ပတ်ခြားမှ သွားရမလားဆိုပြီး စိတ်ကူးနေလိုက်ပါတယ်။ ဒီလိုနဲ့ အင်္ဂါနေ့ရောက်တော့ တစ်ခြားအတန်းတစ်တန်းကို သွားတက်ပါတယ်။ အဲဒီမှာပဲ လက်ထောက်ဆရာမက ကျွန်မကိုတွေ့တာနဲ့
“မင်မင် ရော့...ဒါနင့်ကိုပေးတာ”
ကျွန်မကြည့်လိုက်တော့ ပိုက်ဆံတွေဖြစ်နေတယ်။
“ဆရာမ ...ဘာလို့ ကျွန်မကို ဒီပိုက်ဆံတွေ လာပေးရတာလဲ”
ကျွန်မ ဒီလိုမေးလိုက်တော့
“ဟိုတစ်ခေါက် အတန်းသားအားလုံးလေ့လာရေးသွားတုန်းက ကောက်ယူထားတဲ့ငွေတွေပိုလို့ အားလုံးအချိုးကျ ပြန်ဝေပေးတာ။ အဲဒါ နင်က ဟိုအပတ်က ကျောင်းလာမတက်လို့ ခုမှပေးရတာ”
ဆရာမပေးတဲ့ ပိုက်ဆံကို ကျွန်မလက်ခံယူလိုက်ပါတယ်။
အို...။ ကျွန်မသက်ပြင်းချမိပါတော့တယ်။ ဘုရားသခင်ဟာ တကယ်တန်ခိုးရှိတဲ့ ဘုရားပါပဲ။ မနက်ဖြန် ပေးဖို့လိုနေတဲ့ပိုက်ဆံကို ဒီနေ့လက်ထဲအရောက် ပို့လာပါတယ်။ ဆရာမပေးလာတဲ့ပိုက်ဆံက (၂၉၀)ပါ။ ကျွန်မလိုတာက(၂၆၀)။ ပိုတောင်ပိုနေပါသေးတယ်။ အာလူးကြော်တစ်ထုတ်တောင် ဆွဲလို့ရပါသေးတယ်။ ဘုရားသခင်ဟာ အချိန်မှီ ပံ့ပိုးပေးနိုင်တဲ့ ဘုရားဖြစ်မှန်း ကျွန်မသက်သေရသွားပါပြီ။ ဟာလေလုယာ။


ဘုရားသခင်က ငွေနဲ့ ပတ်သက်ပြီး သူ့ကို အားကိုးလို့ရကြောင်း အဖြစ်အပျက်တော်တော်များများနဲ့ ကျွန်မကို လက်တွေ့ပြခဲ့ပါတယ်။ ဒါကြောင့် ခုဆိုရင် ငွေနဲ့ပတ်သက်လာရင် ကျွန်မပိုပြီး သတ္တိရှိလာပါတယ်။ ဒါ့အပြင် ဘုရားသခင်ဟာ အသေးစိတ်မှအစ ကူညီပေးနိုင်ပါသေးတယ်။ ကျွန်မတို့ ရဲရင့်စွာယုံကြည်ဖို့ပဲ လိုပါတယ်။ ဥပမာ ထမင်းဟင်းချက်ပြီးသားတွေကို အလေးချိန်စနစ်နဲ့ရောင်းတဲ့ဆိုင်မှာ ကျွန်မအိတ်ထဲ ငွေ (၄၅) ပဲပါလို့ တထင့်ထင့်နဲ့သွားဝယ်စားလည်း ငွေရှင်းတဲ့အခါ(၄၅) ကွက်တိဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်ပေါင်းလည်း မနဲတော့ပါဘူး။ ဒါကြောင့် ခုဆိုရင် ကျွန်မဘာပဲလုပ်လုပ် ပိုက်ဆံအိတ်ထဲက ငွေကို ကြည့်ပြီး အလုပ်မလုပ်တော့ပါဘူး။ ကျွန်မတို့တွေဟာ ငွေကြောင့် စိုးရိမ်မှုတွေဖြစ်တတ်ကြတာ တကယ်တော့ ရယ်စရာကောင်းလှပါတယ်။ ငွေရှင်တစ်ယောက်လုံးကို ကျွန်မတို့သိကျွမ်းထားမှတော့ သူ့ဆီကသာ မျှော်ကိုးသင့်ပါတော့တယ်။
ကျွန်မတို့မျှော်ကြည့်ရမယ့်အရာဟာ ငွေရှင်ဖြစ်တဲ့ ထာဝရဘုရားသခင်ကိုပဲ ဖြစ်တယ်ဆိုတာ ကျွန်မကောင်းကောင်းသိသွားခဲ့ရပါပြီ။




ကျမ်း။။ ရှင်မဿဲခရစ်ဝင် ၆း ၂၅-၂၇ 
 
၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည် ဟုကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက်ကိုယ်မြတ်သည်မဟုတ်လော။
၂၆ မိုဃ်းကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင် ကြလော့။ ထိုငှက်တို့သည်မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်းကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
၂၇ အဘယ်သူသည်စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
 
 
 
 

Thursday, January 31, 2013

မြေအောက်မီးရထားစနစ် ဖော်ဆောင်ရန် စဦးသန္ဓေတည်ခြင်း


မြို့ပြနိုင်ငံအများစုမှာ မြို့နေပြည်သူလူထူတွေအတွက် အားအထားရဆုံးသယ်ယူပို့ဆောင်ရေးယာဉ်ကတော့ မြေအောက်မီးရထားပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ရထားချိန်တိကျတာရယ်၊ သွားလိုရာခရီးမှတ်တိုင်ကို အချိန်တိုအတွင်းမှာ လျင်လျင်မြန်မြန်ရောက်ရှိနိုင်တာရယ်ကြောင့်ပါ။


ကျွန်မသင်ယူနေတဲ့ မြို့ပြအင်ဂျင်နီယာပညာရပ်ထဲမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးမေဂျာဘာသာရပ်ထဲမှာ ဒီမြေအောက်ရထားအရေးပါပုံအကြောင်းကို တစေ့တစောင်းသင်ယူဖူးပါတယ်။ ကျွန်မကိုယ်တိုင်လည်း မြေအောက်ရထားအကြောင်းကို စိတ်ဝင်စားမိတာကြောင့်၊ မြေအောက်ရထားစနစ်ကို မိုင်နာဘာသာရပ်အဖြစ် ပြန်လည်သင်ယူခဲ့ပါတယ်။ ဆရာတွေရဲ့သင်ခန်းစာတွေရယ်၊ လက်တွေ့ကွင်းဆင်းပြီးလေ့လာခဲ့မိသမျှတွေရယ်ကို စားမြုံ့ပြန်တဲ့သဘောအနေနဲ့ ဒီဆောင်းပါးကို ကောက်နှုတ်ရေးသားခြင်းဖြစ်ပါတယ်။  မြေအောက်ရထားအကြောင်းကို အမြည်းသဘော ရေးသားခြင်းဖြစ်ကြောင်းလည်း ဦးစွာစကားချီပါရစေ။



မြေအောက်ရထားစနစ် ဖော်ဆောင်ရန် သင့်လျော်သည့်အသေးစိတ်အကြောင်းရင်းများ လေ့လာချက်

  • မြို့၏ တိုးတက်နေသည့် လက်ရှိအခြေအနေနှင့် အနာဂတ်ကာလအတွက် ကြိုတင်ခန့်မှန်းချက်
                      (ဥပမာ။ ။ရန်ကုန်မြို့ဟာ တိုးတက်စည်ကားလာတာနဲ့အမျှ မြို့ပြရဲ့အင်္ဂါရပ်တစ်ခုဖြစ်တဲ့မြေအောက်ရထားစနစ် လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ အနာဂတ်ကာလအတွက် တွက်ဆရမယ်ဆိုရင်လည်း မြို့တွင်းလူနေထူထပ်လာတာနဲ့အမျှ သွားလာရေးလွယ်ကူဖို့ရန်လည်း လိုအပ်လာပါလိမ့်မယ်။ မြို့ရဲ့ ရှေ့တောင်နောက်မြောက်အရပ်ရပ်ဆီသို့ ဆက်သွယ်သွားလာရေးလွယ်ကူစေရန်လည်း စဉ်းစားရပါလိမ့်မယ်။)

  • ပို့ဆောင်ရေးစနစ်ကောင်းမွန်လာရန်နှင့် အနာဂတ်ကာလ၏ တိုးတက်လာမည့် အခြေအနေအတွက်
                         ( ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ ကားကြပ်တဲ့ဒုက္ခကို ပြုပြင်ပြောင်းလဲပေးဖို့ရန်အတွက် ပို့ဆောင်ရေးစနစ်ပိုမိုကောင်းမွန်လာဖို့ လုပ်ဆောင်ရာမှာ လိုအပ်ပါတယ်။ မြေအောက်ရထားစနစ် အသုံးပြုမှုကနေ ရရှိလာမယ့်ဝင်ငွေများဟာလည်း နိုင်ငံတော်ရဲ့ဘဏ္ဍာကို တဖက်တလမ်းကနေ တိုးတက်စေပါတယ်။)

  • ခရီးစဉ်ရဲ့ လိုအပ်ချက်အပေါ် လေ့လာသုံးသပ်ခြင်း
                         ( ခရီးစဉ်တစ်ခုအတွက် အဓိကမျှော်မှန်းချက်ဟာ လိုရာခရီးကို အချိန်တိုတိုအတွင်းမှာ လုံခြည်မှုရှိစွာ ရောက်ရှိဖို့ပဲ ဖြစ်ပါတယ်။ သုံးစွဲသူများရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လမ်းကြောင်းသစ် လျာထားချက်များလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ လက်ရှိထိုင်ဝမ်နိုင်ငံရဲ့ မြေအောက်ရထားစနစ်လမ်းကြောင်းဟာ မြို့တွင်းအပြင် ထောင်ရွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြို့တွင်းဆက်သွယ်သွားလာနိုင်တဲ့ လမ်းကြောင်းသစ်ကိုလည်း ဖော်ဆောင်နေပါပြီ။)

  • မြေအောက်ရထားစနစ်နဲ့ လမ်းကြောင်းများ၏ လျာထားချက်လေ့လာမှုများ
                           ( မြေအောက်ရထားလမ်းကြောင်းများဟာလည်း စဉ်းစားရမယ့် အချက်ပါပဲ။ လူနေနည်းတဲ့အရပ်မှာ လမ်းကြောင်းတွေဖော်ဆောင်လို့ကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အဖြစ်ရောက်ရုံပေါ့။ လမ်းကြောင်းတွေဟာ လူနေသိပ်သည်းတဲ့အရပ်မှာ ဖော်ဆောင်ဖို့လိုအပ်ပါတယ်။ ထိုင်ဝမ်နိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့ ကောင်းရှုံမြို့ပေါ်က မြေအောက်ရထားစနစ်ဟာ ဥပမာယူစရာပါပဲ။ မြို့နေလူအများစုဟာ မြေအောက်ရထားစီးသူ သိပ်မများလှပါဘူး။ ဒေသကျယ်ဝန်းတာရယ် လူနေထိုင်မှု ပြန့်ကျဲတာရယ်ကြောင့်ဖြစ်ပါလိမ့်မယ်။ ကျွန်မ ကောင်းရှုံမြို့ရဲ့ မြေအောက်ရထားပေါ်ရောက်တော့ စီးသူမဲ့နေတဲ့ ထိုင်ခုံလွတ်တွေကသာ ပိုများကြောင်း တွေ့ရပါတယ်။ ထိုင်ပေမြို့တော်မှာရှိတဲ့မြေအောက်ရထားထက် ပိုပြီးသစ်လွင်ပေမယ့်လည်း စီးသူဦးရေ မများလှပါဘူး။ ထိုင်ပေမြို့တော်မှာဆိုရင် ထိုင်ခုံနေရာရဖို့ မလွယ်ပါဘူး။ ဂိတ်အပေါက်တိုင်းမှာ ရထားစီးဖို့စောင့်နေတဲ့ လူတန်းရှည်ကိုသာ တွေ့နေကြပေါ့။ )

  • ခရီးစဉ်အရေတွက် ကြိုတင်လျာထားချက်များ
                             ( လူသွားလူလာပိုပြီးများတဲ့ ဆေးရုံတို့၊ ဈေးတန်းတို့နဲ့ နီးစပ်ရာအရပ်မှာရှိတဲ့ မြေအောက်လမ်းကြောင်းကို စီးသူဦးရေပိုပြီးများနိုင်ပါတယ်။ နေရာဒေသအပေါ်လိုက်ပြီး ခရီးစဉ်အရေတွက် ကွာခြားသွားနိုင်ပါတယ်။ )

  • အင်ဂျင်နီယာနှင့် ထိန်းချုပ်သည့်စနစ်များကို လေ့လာစမ်းစစ်ခြင်း
                      ( အင်ဂျင်နီယာနဲ့ ထိန်းချုပ်တဲ့စနစ်များဟာလည်း တိကျကောင်းမွန်ဖို့ လိုအပ်ပါတယ်။ထိုင်ပေမြို့ မြေအောက်ရထားစနစ်တစ်ခုလုံးရဲ့ထိန်းချုပ်တဲ့ ဌာနကို လေ့လာရေးအနေနဲ့  ကျွန်မ သွားရောက်ဖူးပါတယ်။ ဆရာများရဲ့ ဦးဆောင်မှုကြောင့် အခွင့်ထူးအနေနဲ့ အတန်းသားများအားလုံး သွားခွင့်ရခြင်းဖြစ်ပါတယ်။ အဲဒီဌာနဟာ ထိုင်ပေမြို့ရဲ့ မြေအောက်ရထားအလယ်ဗလိုဂိတ်တွင်းမှာ တည်ရှိပါတယ်။ ဌာနရဲ့အခန်းကို ရောက်ရောက်ခြင်း ထိုင်ဝမ်နိုင်ငံရဲ့မြေအောက်ရထားစနစ်ပေါ်ပေါက်လာပုံတွေကို မှတ်တမ်းထားရှိတဲ့ ပြခန်းလေးက ကြိုဆိုနေပါတယ်။ အဲဒီကနေမှ အထဲကို ဆက်ဝင်သွားတဲ့အခါမှ မြေအောက်ရထားထိန်းချုပ်သူတွေရဲ့ အလုပ်ခွင်ကို အပေါ်စီးကနေ လေ့လာကြည့်ရှုလို့ရပါတယ်။ ဝင်ခွင့်တော့မရပါဘူး။ သူတို့ရဲ့လုပ်ငန်းလုပ်ဆောင်ပုံတွေကို စိတ်ဝင်တစားမြင်တွေ့ခွင့် ရလိုက်ပါတယ်။ မြေအောက်ရထားဂိတ်တိုင်းရဲ့စင်္ကြလမ်းပေါ်မှာရှိတဲ့ လုပ်ရှားမှုမှတ်တမ်းတင်စက်တွေကို ထိန်းချုပ်ထားတဲ့ တီဗီမှန်သားတွေကို အဲဒီမှာ တွေ့လိုက်ရပါတယ်။ ရထားစဉ်အားလုံးကို ထိန်းချုပ်ညွန်ကြားမှုလုပ်နေတဲ့ သူတို့တွေရဲ့အလုပ်လုပ်ပုံတွေကို အပေါ်ထပ်ကနေ ကြည့်ရှုအပြီးမှာတော့ ဟောခန်းထဲသွားရောက်ကာ တာဝန်ရှိသူများရဲ့ လုပ်ငန်းလုပ်ဆောင်ချက် ဟောပြောမိတ်ဆက်ပေးမှုများကို နားထောင်ခဲ့ရပါသေးတယ်။ သူတို့တွေရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေဟာ စနစ်ကျပြီး အားကျစရာလည်းကောင်းပါတယ်။ )



  • ရထားဂိတ်များကို စဦးအစီစဉ်ဆွဲခြင်း
                       (ရထားဂိတ်နေရာများကိုလည်း စနစ်တကျနေရာချဖို့ လိုအပ်ပါတယ်။ ကျွန်မအနေနဲ့မြင်တာကတော့ ရထားဂိတ်နဲ့ ပတ်ဝန်းကျင်နေရာစည်ကားမှုဟာ “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” သဘောပါပဲ။ ပတ်ဝန်းကျင်နေရာစည်ကားမှုနေရာကိုတွက်ချက်ပြီး ရထားဂိတ်နေရာချဖို့ ဖော်ဆောင်ရသလို၊ ရထားဂိတ်တည်ရှိမှုကြောင့် ပတ်ဝန်းကျင်နေရာဟာလည်း ပိုပြီးစည်ကားလာရတာပါ။ ဆင်ဖြူတော်မှီပြီး ကြံစုတ်ခွင့်ရသလိုပေါ့။ “ငါ့တို့အိမ်အနားမှာ ရထားဂိတ်အသစ်ပေါ်လာပြီ” ဆိုပြီး သူငယ်ချင်းတစ်ယောက်က
ဝမ်းသာအားရ ပြောပြဖူးပါတယ်။ ရထားဂိတ်ကြောင့် အနီးအနားက အိမ်မြေတွေလည်း တန်ဖိုးပိုရှိလာမှာ မလွဲပေါ့။)
                
  •  ဆောက်လုပ်ရေးကုန်ကျစရိတ်များကို ကြိုတင်တွက်ဆချက်များ
                           ( ဆောက်လုပ်ရေးလုပ်ဆောင်ဖို့ကြံစည်ဆောင်ရွက်တိုင်း ကုန်ကျမှုငွေပမာဏများကို ကြိုတင်တွက်ဆထားဖို့ အလွန်အရေးကြီးပါတယ်။ ကြိုတင်တွက်ဆထားမှသာ မိမိဆောက်လုပ်မယ့်အဆောက်အဦးများအတွက် လိုအပ်တဲ့ငွေပမာဏများကို ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ မျော်မှန်းထားတဲ့အချိန်မှာ မျော်မှန်းထားတဲ့ လှပမှုဒီဇိုင်းများအတိုင်း အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်။)

  •  ပတ်ဝန်းကျင် အကျိုးတက်ရောက်မှု အခြေအနေများ     
                           ( မြေအောက်ရထားစနစ်ကြောင့် ရထားဂိတ်ပတ်ဝန်းကျင် နေရာများဟာ ပိုပြီးစည်ကားလာနိုင်ပါတယ်။ မြို့ရဲ့ လူနေမှုအဆင့်အတန်းကိုလည်း တိုးတက်စေပါတယ်။ ထို့ပြင် မြို့ရဲ့စည်ကားရာနယ်မြေအကျယ်အဝန်းကိုလည်း တိုးချဲ့ရာရောက်ပါတယ်။)

  •  မြေအောက်ရထားဖော်ဆောင်ရာ၌ သင့်တော်သည့် မြေအနေအထားနှင့် လိုအပ်ချက်များ
                          ( မြေအောက်ရထားစနစ်အတွက် သင့်တော်တဲ့ မြေအနေအထားများရှိဖို့လည်းလိုအပ်ပါတယ်။ ဆရာရဲ့ သင်ခန်းစာထဲမှ ဖော်ပြချက်အရ သိရတာကတော့ မြေအောက်ရထားဂိတ်အနီးတဝိုက်ရဲ့ မြေကိုတိုးချဲ့ဖို့လိုအပ်သလို အောက်ခြေမြေဟာလည်း ကျယ်ဝန်းရပါမယ်။)

  • တည်နေရာဒေသ၏ လူမျိုးဓလေ့များနှင့် သမိုင်းနောက်ကြောင်းများ လေ့လာခြင်း
                          (မြေအောက်ရထားစနစ်ဖော်ဆောင်ဖို့ စဉ်းစားရမယ့် အထဲမှာ မြေအောက်ရထားနဲ့ လူမျိုးဓလေ့၊ သမိုင်းနောက်ကြောင်းများကြား ဆက်စပ်ပုံတွေက်ု လက်ရှိ ကျွန်မ သိပ်ပြီး သဘောမပေါက်သေးပါဘူး။ ကျွန်မအထင်တော့ မြေအောက်ရထားဂိတ်ရဲ့ဒီဇိုင်းအသွင်ကို နယ်မြေဒေသအပေါ်လိုက်ပြီး လူမျိုးဓလေ့ပုံဆောက်ချက်များနဲ့ ကိုက်ညီအောင်ဖော်ဆောင်ခြင်းကို ဖော်ညွန်းခြင်း ဖြစ်ပါလိမ့်မယ်။ )



မြေအောက်ရထားစနစ်အကြောင်းကို တွေးလေ၊ နှစ်သက်လေ ဖြစ်နေမိပါတယ်။ မြို့နေပြည်သူလူထုတွေဟာ မြေအောက်ရထားစနစ်အသုံးပြုခွင့်ရလာမယ်ဆိုရင် မြို့တွင်းကားများခြင်းကြောင့် ဖြစ်ပေါ်လာမယ့် လေထုညစ်ညမ်းမှုဘေးကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ မြေအောက်ရထားစနစ်ဟာ မတော်တဆလမ်းအန္တဖြစ်မှုများထဲမှာ ဖြစ်နိုင်ခြေအနည်းဆုံးလည်းဖြစ်ပါတယ်။ မြို့နေပြည်သူတွေရဲ့ကားကြပ်တဲ့ဘေးကနေလည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်
မြန်ကောင်းသက်သာခြင်းကို အလေးထားတဲ့ ဒီလိုခေတ်ကြီးမှာ မြန်မာနိုင်ငံတွင်းလည်း တစ်နေ့တစ်ချိန်တော့ မြေအောက်ရထားစနစ်ပေါ်ပေါက်လာဖို့ ဆုတောင်းမိပါတော့တယ်။
 

Monday, January 14, 2013

ပညာရှိနှင့် ပညာတတ်


ကျွန်တော်တို့တွေ ပညာရှိအကြောင်းကို ပြောဆိုဆွေးနွေးကြတဲ့အခါမှာ လူတော်တော်များများမေးတတ်ကြတာက “ပညာရှိဆိုတာ ပညာတတ်နဲ့အတူတူပဲမဟုတ်ဘူးလား”။ “ပညာရှိလူကောင်းတစ်ယောက်နဲ့ ပညာတတ်လူကောင်းတစ်ယောက်တူတယ် မဟုတ်လား”။ တကယ်လို့နက်နဲတဲ့ပုံသေနည်းတွေနဲ့ကြည့်ရင် ကျွန်တော့်အမြင်ကတော့ ပညာရှိနဲ့ပညာတတ်ဆိုတာ နှစ်ကိုယ့်တစ်စိတ်ပါပဲ။ နှစ်ခုပေါင်းတစ်ခုပေါ့။ အဲဒီနှစ်ခုကို သတ်သတ်စီခွဲခြားလိုက်ဖို့ မလိုသလို၊ ခွဲခြားလို့လဲမရပါဘူး။ ပညာရှိပြီး ပညာတတ်တဲ့ နောက်မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ဖို့ ကျွန်တော်တို့တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ အသီးအနှံစားဖို့လိုသလို ထမင်းစားဖို့လည်း လိုသလိုမျိုးပေါ့ဗျာ။


ဒါပေမယ့် ကျွန်တော့်ကို ပညာတတ်ဆိုပြီး ပထမဦးစွာအနေနဲ့ ဖော်ထုတ်စေမယ့်အရာက ဘွဲ့လက်မှတ်တစ်စောင်မဟုတ်သလို ရွှေချထားတဲ့ပါရဂူဘွဲ့လည်းမဟုတ်ပါဘူး။ ဘွဲ့ဒီဂရီဆိုတာ လူတစ်ယောက်ဟာ ပညာတတ်တစ်ယောက်အဖြစ် ပညာသင်ဖို့ အခွင့်ကောင်းတွေရခဲ့ပြီး ပညာသင်ယူမူအဆင့်ပြီးမြောက်ကြောင်းဖော်ပြတဲ့ မှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်။ ဘွဲ့ရတဲ့လူအများစုဟာ
 ပညာတတ်ဖြစ်တယ်ဆိုပေမယ့် တစ်ချို့တွေဟာ ဘွဲ့လက်မှတ်သာရတာ ပညာတတ်လူကောင်းတော့မဟုတ်ကြဘူး။ အရေးကြီးတာကတော့ တက္ကသိုလ်ကိုတောင်မရောက်ဘူးတဲ့ လူအများစုတွေကလည်း ဘွဲ့သာမရတာ ပညာတတ်တွေဖြစ်နေကြပြန်တယ်။ အင်္ဂလိပ်လိုပြောရရင်တော့် educated person ပေါ့။ သူရယူခဲ့တဲ့ပညာတွေဟာ ကျောင်းကဖြစ်နိုင်သလို လူမူပတ်ဝန်းကျင်၊ မိသားစုနဲ့ မိမိကိုယ်တိုင်လေ့လာသင်ယူမှုတွေကလည်း ဖြစ်နိုင်ပါတယ်။


နောက်ထပ် ကျွန်တော့်ကို ပညာရှိဆိုပြီး ဖော်ထုတ်စေမယ့်အရာဟာ ကောင်းမွန်တဲ့မိသားစုအသိုင်းအဝိုင်းတစ်ခုလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်လိုပြောရရင်တော့ ပညာရှိဆိုတာ good upbringing ကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ များသောအားဖြင့် good upbringing ဆိုတာဟာ ချမ်းသာကြွယ်ဝတဲ့ လူကုံထံအသိုင်းအဝိုင်းထဲမှာ ပေါက်ဖွားကြီးပြင်းလာတာကို ဖော်ညွန်းလေ့ရှိပါတယ်။ ကောင်းမွန်တဲ့မိသားစုအသိုင်းအဝိုင်းတစ်ခုဟာ လူတစ်ယောက်ကို ပညာရှိဖြစ်လာစေဖို့ အများကြီးပံ့ပိုးပေးနိုင်ပါတယ်။ ပညာရှိတဲ့လူအများစုဟာ အသိုင်းအဝိုင်းကောင်းကြားမှာ မွေးလာခဲ့တဲ့သူတွေပါပဲ။ ဒါပေမယ့် ဒီလိုလူတွေထက် ဆင်းရဲခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ထဲမှာ မွေးဖွားကြီးပြင်းလာတဲ့လူအများစုကြပြန်တော့ ကိုယ့်အားကိုယ်ကိုးပြီး ပညာရှိလူကောင်းတွေဖြစ်လာကြပြန်တယ်။


 “ ဒီလောက်ထိရှည်ရှည်ဝေးဝေးပြောနေပြီး ခုထိကျွန်တော်တို့ကို ပညာရှိဆိုတာဘာကိုပြောတာလဲ၊ ပညာတတ်ဆိုတာရော ဘာကိုပြောတာလဲဆိုပြီး ပြောမပြနိုင်သေးဘူး။ ပညာရှိနဲ့ ပညာတတ် ဘာတွေများမတူညီတာတွေ ရှိနေလို့လဲ” လို့ စာဖတ်သူတွေက ကျွန်တော့်ကိုပြောကြတော့မှာပဲ။ ကျွန်တော် ပြောပါရစေဗျာ။ ဒီလို ပညာတတ်လေပြေနဲ့ ပညာရှိလေညင်းလေးတွေ တိုက်ခတ်လာတဲ့အခါမှာ သူတို့တွေဘယ်လိုခြေရာလေးတွေများ ချန်ခဲ့မလဲပေါ့။ ပညာရှိနဲ့ပညာတတ်နှစ်ခုကို နက်နက်နဲနဲပိုင်းခြားဖို့၊ သူတို့နှစ်ခုကြားက မတူညီတဲ့ခြေရာလေးတွေကို ဖော်ထုတ်ဖို့ ကျွန်တော်သေသေချာချာလေး စဉ်းစားပါရစေအုံးဗျာ။


ပညာရှိတစ်ယောက်ဟာ ရိုးသားတဲ့သူတစ်ယောက်ပါ။ သူဟာ ကိုယ်ကျိုးအတွက် သူတစ်ပါးကို
အရှက်ခွဲလိမ်ညာမှုမျိုး မလုပ်တတ်ပါဘူး။ သူဟာ ကိုယ့်အမှားကိုလည်း လိမ်ညာဖုံးကွယ်မထားတတ်ပါဘူး။
ပညာတတ်တစ်ယောက်ဟာ အမှန်တရားကို ကိုးကွယ်သူပေါ့။ သူရဲ့ပညာအရည်အချင်းနဲ့အတွေ့အကြုံတွေဟာ သူ့ကို အမှန်တရားကိုဖက်တွယ်ထားဖို့၊ အမှန်တရားကို ထိန်းသိမ်းကာကွယ်ထားဖို့၊ အမှန်တရားဟာ အရှက်တကွဲအကျိုးနဲမှုတွေ မဖြစ်စေဘူးဆိုတာတွေကို ပြောပြတတ်ပါတယ်။


ပညာရှိတစ်ယောက်ဟာ စာနာထောက်ထားတတ်သူတစ်ယောက်ပါ။ သူဟာ မိမိအဆင်ပြေဖို့အတွက် သူတစ်ပါးရဲ့ကိုယ်ကျိုးကို ထိခိုက်စေမှာမဟုတ်ပါဘူး။
ပညာတတ်တစ်ယောက်ဟာ ဥပဒေကို လိုက်နာသူတစ်ယောက်ပါ။ ဥပဒေဆိုတာ လူသားအားလုံး အတူတကွနေထိုင်အသက်ရှင်တဲ့အခါ လိုက်နာရမယ့်စည်ကမ်းဖြစ်ကြောင်း၊ လူတိုင်း ဒီစည်းကမ်းတွေကိုလိုက်နာပြီး အတူတကွနေထိုင်အသက်ရှင်သွားကြရမယ် ဆိုတဲ့အကြောင်း
သူနားလည်ထားတယ်။


 ပညာရှိတစ်ယောက်ဟာ နှိမ့်ချတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကောင်းကင်အလွန်မြင့်မားပြီး မြေကြီးအလွန်နက်နဲကြောင်း သူသိတယ်။
ပညာတတ်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူဖြစ်တယ်။ ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်နက်တဲ့အကြောင်း သူသိတယ်။


 ပညာရှိတစ်ယောက်ဟာ ပီယဓတ်ရှိသူတစ်ယောက်ဖြစ်တယ်။ သူဟာ ဝေဖန်ဆန့်ကျင်မှုတွေနဲ့ ထိုးနက်မှုအပေါင်းကို စိတ်လွတ်လပ်ပေါ့ပါးအောင်ထားပြီး ရင်ဆိုင်နိုင်ပါတယ်။
ပညာတတ်တစ်ယောက်ဟာ တရားမျှတမှုကို အလေးအနက်ထားသူတစ်ယောက်ဖြစ်တယ်။ သူဟာ အကြောင်းတရားတွေကို ရင်ဝယ်ပိုက်ပြီး ဝေဖန်ဆန့်ကျင်မှုတွေနဲ့ ထိုးနက်မှုအပေါင်းကို ဖြေရှင်းနိုင်ပါတယ်။


ပညာရှိတစ်ယောက်ဟာ ဘယ်လိုပြောရမယ်ဆိုတာ နားလည်ပါတယ်။
ပညာတတ်တစ်ယောက်ဟာ ဘာပြောနေသလဲဆိုတာကို နားလည်ပါတယ်။


ပညာရှိတစ်ယောက်ဟာ သူ့ရဲ့ထင်မြင်ချက်တွေကို နူးညံ့ပျော့ပျောင်းစွာ ပြောဆိုတတ်ပါတယ်။
ပညာတတ်တစ်ယောက်ဟာ သူ့ရဲ့အကြံဥာဏ်နဲ့အနေအထားတွေကို ရိုးရိုးရှင်းရှင်းသတ္တိရှိရှိ ပြောလေ့ရှိပါတယ်။


ပညာရှိတစ်ယောက်ဟာ ဂရုတစိုက်ရှိတတ်ပါတယ်။ စိတ်ရှည်စွာနဲ့ သူတစ်ပါးပြောစကားကို နားထောင်ပေးတတ်ပါတယ်။
ပညာတတ်တစ်ယောက်ဟာ သူတစ်ပါးပြောတဲ့ စကားရဲ့အနှစ်သာရကို နားလည်သဘောပေါက်နိုင်စွမ်းပါတယ်။


ပညာရှိတစ်ယောက်ဟာ သူတစ်ပါးပြောတဲ့ ဟာသစကားအပေါ် ပျော်ရွှင်ရည်မောတတ်သူဖြစ်တယ်။
ပညာတတ်တစ်ယောက်ဟာ ရည်ရွှင်ဖွယ်စကားတွေကို ပြောဆိုတတ်သူဖြစ်တယ်။


ပညာရှိတစ်ယောက်ဟာ သူ့ဘေးပတ်ဝန်းကျင်နဲ့ ဘယ်လိုသဟဇာတဖြစ်အောင်နေရမလဲဆိုတာ သိသူဖြစ်တယ်။ အဝတ်အစားကအစ ပြောပုံဆိုပုံအဆုံး ဘယ်လိုပြောဆိုနေထိုင်ခြင်းဖြင့် မိမိကိုယ်ကို ဖော်ထုတ်နိုင်မလဲဆိုတာ နားလည်သူဖြစ်တယ်။
ပညာတတ်တစ်ယောက်ဟာ သူ့ဘေးပတ်ဝန်းကျင်ကို နားလည်သူဖြစ်ပါတယ်။ သူ့ပတ်ဝန်းကျင်ကို ပိုပြီးတိုးတက်အောင် ပြုပြင်တတ်ပါတယ်။


ပညာရှိတစ်ယောက်ဟာ အပြုံးနဲ့အောင်မြင်မှုကို ကြိုဆိုတတ်ပြီး ၊ရှုံးနိမ့်မှုကို တိတ်ဆိတ်စွာနဲ့  ရင်ဆိုင်တတ်တယ်။
ပညာတတ်တစ်ယောက်ဟာ ကြိုးစားမှုတွေကို အောင်မြင်မှုအဖြစ် ပြောင်းလဲရယူတတ်ပြီး၊ ဆုံးရှုံးမှုနေရာမှာ  ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ ပြန်လည်အစားထိုး ရပ်တည်နိုင်ပါတယ်။


ပညာရှိတစ်ယောက်ဟာ သူတစ်ပါးရဲ့ အောင်မြင်မှုအပေါ်မှာ ဝမ်းမြောက်တတ်သူဖြစ်ပါတယ်။
ပညာတတ်တစ်ယောက်ဟာ သူတစ်ပါးရဲ့ အောင်မြင်မှုတွေကို မိမိလျှောက်လှမ်းရမယ့်ပန်းတိုင်နဲ့ စံနမူနာယူစရာအဖြစ် ပြောင်းလဲနိုင်သူဖြစ်ပါတယ်။


ပညာရှိတစ်ယောက်ဟာ သူတစ်ပါးရဲ့ဆုံးရှုံးမှုအပေါ် နားလည်ကိုယ်ချင်းစာတတ်သူပါ။
ပညာတတ်တစ်ယောက်ဟာ သူတစ်ပါးရဲ့ဆုံးရှုံးမှုကို နမူနာယူစရာအဖြစ် မြင်တတ်သူဖြစ်ပါတယ်။


ပညာရှိဆိုတဲ့အရာဟာ တဖြေးဖြေးနဲ့ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်လာရတာပါ။ ပညာတတ်ရဲ့မူလအစကတော့ ကြိုးစားမှုတွေပဲဖြစ်ပါတယ်။ “ပညာရှိဆိုတာ ကြိုတင်တွေးစတတ်သူဖြစ်တယ်”ဆိုပြီး ပညာရှိတစ်ယောက်က ပြောတတ်ပါတယ်။ ပညာတတ်တစ်ယောက်ပြောတာကတော့ “ ငါက ဥာဏ်ပညာရှိသူရဲ့ ပုခုံးပေါ်မှာရပ်နေသူမို့ ပိုပြီးမြင်တွေ့နိုင်သူဖြစ်တယ်”။


ပညာရှိတစ်ယောက်နဲ့ ပြောဆိုဆွေးနွေးရတာဟာ ကဗျာလေးတစ်ပုဒ်ကို ရွတ်ဖတ်လိုက်ရသလိုပါပဲ။ ပညာတတ်တစ်ယောက်နဲ့ ပြောဆိုဆွေးနွေးရတာကတော့ ခရီးသွားမှတ်တမ်းတစ်ပုဒ်ကို ဖတ်ရသလိုပါပဲ။


ယဉ်ကျေးမှုတွေပြည့်နက်နေတဲ့ လူမူပတ်ဝန်းကျင်တစ်ခုဟာ ပညာရှိများစွာပေါင်းစပ်ဖွဲ့စည်းမှုကြောင့် ဖြစ်လာရခြင်းဖြစ်တယ်။ တိုးတက်နေတဲ့ လူမူပတ်ဝန်းကျင်တစ်ခုဟာ ပညာတတ်များစွာပေါင်းစပ်ဖွဲ့စည်းမှုကြောင့် ဖြစ်လာရခြင်းဖြစ်တယ်။ ကျွန်တော်တို့အားလုံး အတူအကွကြိုးစားဖန်တီးရမယ့်အရာကတော့ တိုးတက်ပြီးယဉ်ကျေးမှုတွေပြည့်နက်နေတဲ့ လူမူပတ်ဝန်းကျင်တစ်ခုပဲဖြစ်ပါတယ်။



မှတ်ချက်။ ။ တရုတ်စာရေးဆရာ 劉同郎 ရဲ့教養和教育 ဆောင်းပါးကို ကောက်နှုတ်ဘာသာပြန်ခြင်းဖြစ်ပါတယ်။

Wednesday, December 26, 2012

(၁၀၁)နဲ့အတူ နှစ်သစ်ကူးခဲ့တဲ့ ရသ

 
နှစ်သစ်ကူးအကြိုညမှာ ထိုင်ပေမြို့နေလူတွေရဲ့ စုရပ်လို့ပြောလို့ရတဲ့နေရာကတော့ (၁၀၁)အဆောက်အဦးအနီးတဝိုက်ပဲဖြစ်ပါတယ်။ အထပ်ပေါင်း(၁၀၁)ထပ်ရှိပြီး အမြင့်ပေ(၅၀၉.၂)မီတာရှိတဲ့ဒီအဆောက်အဦးဟာ ထိုင်ဝမ်နိုင်ငံမှာ အမြင့်ဆုံးအဆောက်ဦးပါ။ သူရှိရာကို သွားရတဲ့အကြောင်းကဒီလိုလေ...
 
 
 
(၁၀၁)အဆောက်ဦးကနေ မီးရှူးမီးပန်းတွေလွတ်ပြီး နှစ်သစ်ကို တခမ်းတနားကြိုဆိုတာမို့ ကျွန်မနဲ့သူငယ်ချင်းတသိုက်လည်း အဲဒီကိုခြေဆန့်ခဲ့ကြတယ်။ လွန်ခဲ့တဲ့သုံးနှစ်ကျော်တုန်းကပေါ့။ (၂၀၁၀)နှစ်အစကိုကြိုဖို့ ကျွန်မတို့သူငယ်ချင်းတွေ (၁၀၁)ဆီသို့ ချီတက်ခဲ့ကြတယ်။ လမ်းမှာတော့ လူအုပ်ကြီးနဲ့ စည်စည်ကားကားကြီးပေါ့။ ချမ်းအေးတဲ့ရာသီဒဏ်ကို အန်တုပြီး (၁၀၁)ဆီသို့သွားနေကြတဲ့လူတွေက ကြိတ်ကြိတ်တိုးပါပဲ။ လူတိုးရတာလည်း တမျိုးပျော်ရတယ်။ လမ်းမှာမြင်ရသမျှ လူတွေရဲ့မျက်နှာမှာ ပြုံးရောင်များထင်ဟပ်နေပါတယ်။ ခဏနေလွတ်တော့မယ့် မီးပန်းကိုကြည့်ချင်တဲ့ မျော်လင့်ချက်ပေါ်မှာ နှစ်သစ်ရောက်တော့မယ်ဟေ့ဆိုတဲ့ ပီတိက ထပ်ဆင့်နေတော့ အားလုံးပျော်နေကြတာ မဆန်းပါဘူး။ 
 
 
 
 နှစ်သစ်ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ကျွန်မလည်း ချမ်းတာကိုမေ့ပြီး ရင်တွေတလပ်လပ်ခုန်နေပါတော့တယ်။ အရင်နှစ်တွေတုန်းက အဆောင်ရဲ့လေသာဆောင်ပေါ်ကနေပဲ (၁၀၁)အဆောက်အဦးရဲ့ နှစ်သစ်ကြိုမီးပန်းကြီးတွေကို ငေးမောကြည့်ခဲ့ရတာပါ။ အခွင့်သာတဲ့တစ်နေ့တော့ အဲဒီနေရာနားထိကို သွားပြီး ကြည့်လိုက်ချင်စမ်းပါဘိလို့ စိတ်ကူးထားတဲ့ဆန္ဒလေးလည်း ပြည့်သွားခဲ့ရတယ်။ မီးရှူးမီးပန်းကြီးတွေ တဖွားဖွားပွင့်ထွက်သွားတာကိုကြည့်ပြီး နှစ်သစ်ကိုရင်ဆိုင်ဖို့ အားတွေလည်း ရလိုက်သလိုပါပဲ။ နှစ်သစ်မှာ အသက်ရှင်ခွင့်ရလို့ ဘုရားသခင်ကို ရင်ထဲကနေ ကျေးဇူးစကားတွေ အထပ်ထပ်ဆိုမိပြန်ပါတယ်။ အဝေးတနေရာက မိသားစုများအတွက်လည်း သတိရဆုတောင်းပေးမိပါတယ်။ မီးရှုးမီးပန်းများကြောင့် လွမ်းစိတ်က သက်သာသွားသလိုပါပဲ။
 
 
 
ဝါစိမ်းနီပြာ ရောင်စုံမီးပန်းတွေကို ကြည့်ပြီး ဟက်ပီးနယူးယားလို့ အသံကုန်အော်လိုက်ရတာလည်း ရင်ထဲက အမောတွေ လွင့်သွားရပြန်တယ်။ သူငယ်ချင်းတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး “ရှင်းညန်ခွိုက်လော့၊ ရှင်းညန်ခွိုက်လော့”(တရုတ်လို  ဟက်ပီးနယူးယား အဓိပ္ပာယ်)
ဆိုပြီး မီးပန်းတွေနဲ့အပြိုင် ခုန်ပေါက်အော်ဟစ်နှုတ်ဆက်ကြရတာလည်း မမောနိုင်ခဲ့ဘူး။ ပြီးတော့ 
သူငယ်ချင်းတစ်စု အလုအယက်နဲ့ ဓတ်ပုံတွေဝိုင်းရိုက်ရတာလည်း ပျော်စရာအတိပါပဲ။
 
 
 
မီးဆိုင်းမီးပန်းကြီးတွေရဲ့ ဒီဇိုင်းတွေကို တစ်နှစ်ထက်တစ်နှစ် ပိုပိုလှပအောင် စီစဉ်ထားတဲ့အကြောင်း တီဗီသတင်းတွေက အားရပါးရကြေငြာထားတော့ ပြည်သူလူထုအားလုံးကလည်း နှစ်သစ်အကြိုညမှာ ရင်ခုန်မှုအပြည့်နဲ့ (၁၀၁)ရဲ့ပုံရိပ်တွေကို နှစ်စဉ်စောင့်မျော်နေကြပါတယ်။ ဒီနှစ်(၂၀၁၃)ကိုလည်း ရင်ခုန်စွာနဲ့လက်ကမ်းကြိုဆိုဖို့ စိတ်တွေပြင်ဆင်နေတဲ့ကာလမှာ ဟိုးအရင်က သွားလည်ခဲ့ဘူးတဲ့နေရာလေးတစ်ခုအကြောင်းကို ကျွန်မရဲ့စာပေမိတ်ဆွေမျာအားပြောပြရင်း  နှစ်သစ်မှာ ဘုရားသခင်ဆီကလာတဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းတွေ ခညောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။