Pages

Showing posts with label ကြီးတော်နွား. Show all posts
Showing posts with label ကြီးတော်နွား. Show all posts

Monday, November 26, 2012

ကောင်းတဲ့ဒီဇိုင်းနဲ့ မကောင်းတဲ့ဒီဇိုင်း ဘာတွေကွာခြားလဲ


ည(၉)နာရီနောက်ပိုင်းမှ အဆောင်ပြန်လာမိတဲ့နေ့တွေဆို ကျွန်မရဲ့စိတ်တွေ နဲနဲတော့ ကသိကအောင့် ဖြစ်မိတာ အမှန်ပါပဲ။  အဓိကအကြောင်းရင်းကတော့ အဆောင်ရဲ့ ဝင်းတံခါးမကြီးကြောင့်ပေါ့။ အဆောင်မှာက ည(၉)နာရီတိတိမှာ တံခါးပိတ်ပါတယ်။



(ဓတ်ပုံများကိုတော့ တံခါးစောင့်ကို အကူအညီတောင်းပြီး
သရုပ်ဖော်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
 ည(၉)နာရီမှဆိုရင် မှုံမှုံဝါးဝါးဖြစ်နေမှာဆိုးလို့
မြင်သာထင်သာရှိတုန်း ရိုက်ထားခြင်းပါ။
အမှန်ကတော့ ည(၉)နာရီမှ အဆောင်တံခါးပိတ်တာပါ။)



 (တယောက်ယောက်က တံခါးကို ကိုင်ထားပေးမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ ဒါပေမယ့်လည်း တံခါးအောက်ကဘောင်ကြောင့် စက်ဘီးကိုတော့ မှပြီးသွင်းယူရပါတယ်။)

 
စက်ဘီးကို အဆောင်အပြင်မှာပဲ ရပ်ထားမယ်ဆိုရင် ပြဿနာတော့ မရှုပ်ဘူးပေါ့။ ဒါပေမယ့် စက်ဘီးပျောက်မှာစိုးတဲ့အတွက် ပြန်လာတိုင်း စက်ဘီးကိုပါ တပါတည်း အဆောင်ထဲသွင်းယူလာခဲ့တယ်။ ဒီတော့ အလုပ်နဲနဲရှုပ်ရပြီ။ အဲလိုနေ့တွေဆို အဆောင်ပြန်လာတိုင်း ဒီတံခါးမကြီးကို မေတ္တာပို့နေမိတော့တယ်။ တံခါးမကြီးကိုဖွင့်ဖို့ အဆောင်ကျောင်းသားကဒ်နဲ့ တံခါးပေါက်နားမှာရှိတဲ့စက်မှာ အရင်ပြရပါသေးတယ်။ ဒါပေမယ့်စက်ရှေ့မှာ ကျောင်းသားကဒ်ပြပြီး တံခါးဖွင်လို့ရတာနဲ့ (၁)မိနစ်ကျော်သွားတဲ့အထိ တံခါးကိုဆက်ဖွင့်ထားအုံးမယ်ဆိုရင် စက်က တီးတီးတီးနဲ့ အော်လို့မဆုံးတော့ပါဘူး။ တံခါးကလည်း ဖွင့်ပြီး သူ့ဟာသူပွင့်နေတာမျိုးလည်း မဟုတ်ပြန်ဘူး။ တံခါးပြန်မပိတ်သွားအောင် လက်တဖက်နဲ့ တွန်းထားရသေးတယ်။ နောက်လက်တစ်ဖက်နဲ့က စက်ဘီးကို ပြန်ပြီးမသွင်းရသေးတယ်ဆိုတော့ အချိန်ကကြာပါတယ်။ တဖက်ကလည်း တတီးတီးနဲ့အော်နေပြန်တော့ စိတ်ကတော်တော်လေး ရှုပ်ရပါတယ်။ အဖော်မပါပဲ တယောက်တည်းဆိုရင် ဒီတံခါးကြီးကြောင့် တကယ်စိတ်ညစ်ဖို့ကောင်းတာပါပဲ။


အဆောင်အပြင်ကို ထွက်မယ်ဆိုရင်လည်း ပုံပါအတိုင်း အလှုပ်ရှုပ်ပါသေးတယ်။ ည(၉)နာရီမထိုးခင်အထိဆိုရင်တော့ ကိစ္စမရှိဘူးပေါ့လေ။ ည(၉)နာရီနောက်ပိုင်း ထွက်လို့ကတော့...






 
 
                                   
ဒါကြောင့် ကျောင်းဝင်းထဲက တခြားအဆောင်တွေရောက်တိုင်း  ဝင်းတံခါးမကြီးတွေကို ပိုပြီးအာရုံစိုက်လာမိတယ်။ ဝင်းတံခါးဆိုတာက ခြံဝင်းကိုလုံခြုံမှုပေးနိုင်သလို ဒီတံခါးမကြီးကနေ ဝင်ထွက်သွားလာသူတွေကို နှုတ်ဆက်စကားပြောနိုင်တဲ့သူဆိုရင်လည်း မမှားပါဘူး။ မောမောပန်းပန်းနဲ့ ပြန်လာတဲ့သူတွေကို ဒီတံခါးမကြီးကပဲ အရင်ကြိုဆိုတာပဲမဟုတ်ဘူးလား။ ဒီလိုတာဝန်ယူထားတဲ့တံခါးမကြီးက ဝင်လာတဲ့သူကို စိတ်ရှုပ်မှုပေးတော့ ပိုပြီးမောရတာပေါ့။ ဒါကြောင့် ကျွန်မနေတဲ့ အဆောင်နံပတ်(၈)ရဲ့ ဝင်းတံခါးရဲ့ အားနည်းချက်ကိုမြင်ပြီး တခြားအဆောင်ရဲ့ ဝင်းတံခါးမကြီးတွေကို အားကျနေမိတော့တယ်။





(အဆောင်နံပတ်(၁) ဝင်းတံခါးပါ။)










(အဆောင်နံပတ်(၅) ဝင်းတံခါးပါ။)









ည(၉)နာရီမထိုးခင်အထိတော့ မိန်းကလေးအဆောင်တိုင်းမှာ ဝင်းတံခါးမကြီးကို ဖွင့်ထားတတ်ပါတယ်။ ည(၉)နာရီနောက်ပိုင်း အဆောင်ဝင်းတံခါးပိတ်ရင်တော့ ဘေးနားက တံခါးပေါက်အသေးကို ကဒ်နဲ့ဖွင့်ပြီးဝင်ရပါတယ်။ ဒီအဆောင်(၁)နဲ့(၅)တို့ရဲ့ ဝင်းတံခါးပေါက်အသေးရဲ့ ကောင်းချက်ကတော့ တံခါးအောက်ဘောင်မရှိတာပါပဲ။ ဒါကြောင့် စက်ဘီးတွန်းပြီးဝင်မယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ အဆောင်နံပတ်(၁)ရဲ့ တံခါးပေါက်အသေးဆိုရင် စက်မှာကဒ်ပြလိုက်တာနဲ့ တံခါးကသူ့အလိုလိုပွင့်သွားတဲ့ဟာမျိုးပါ။ လက်နဲ့တွန်းထားစရာလည်းမလိုတော့ သူများဖွင့်တာနဲ့ကြုံလို့ရှိရင် ကိုယ်ပါတခါတည်း စက်ဘီးစီးပြီး ဝင်သွားလို့ရပါတယ်။ အဆောင်နံပတ်(၁)နဲ့ (၅)တို့ရဲ့ ဝင်းတံခါးကြီးဟာ သွားလာသူတွေအတွက် တကယ်ပဲ အဆင်ပြေလှပါတယ်။

 
လိုအပ်ချက်တွေကြောင့် တီထွင်မှုတွေရှိလာကြရတယ်ဆိုတာ ကျွန်မတို့အားလုံး သိထားကြပါတယ်။ ဒါပေမယ့် တီထွင်မှုဆိုတဲ့နေရာမှာ အသုံးတဲ့ရုံ၊ ပုံစံပေါ်ရုံလောက်နဲ့တော့  ဖြစ်ကတတ်ဆန်း မဖြစ်ချေဘူး။ ကျွန်မတို့အတန်းထဲမှာ ဆရာတွေ ခဏခဏပြောနေကျစကားကတော့ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဒီဇိုင်းတီထွင်တဲ့နေရာမှာ အဓိက ခေါင်းထဲထည့်ထားရမှာကတော့
(၁) လုံခြုံမှု safety of products
(၂) ငွေကြေးအကုန်အကျသက်သာမှု economy of products
(၃) ဒီဇိုင်းလှပမှု beauty of products
စသဖြင့်ပေါ့လေ။ ဒါ့အပြင် ကောင်းတဲ့ဒီဇိုင်းနဲ့ မကောင်းတဲ့ဒီဇိုင်းကြားမှာ ဘာတွေကွာခြားမှုရှိလဲဆိုတဲ့အဖြေကို နောက်ယောင်ခံကြည့်မယ်ဆိုရင် ဒီဇိုင်းထုတ်ကုန်ပစ္စည်းတစ်ခုဟာ အသုံးပြုသူအတွက် သက်တောင့်သက်တာရှိမှု၊ အဆင်ပြေမှုတွေရှိနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် တီထွင်သူနဲ့ အသုံးပြုသူကြားထဲက ဟာကွက်ကို ကျွန်မတို့ရဲ့ အဆောင်နံပါတ်(၈)ဝင်းတံခါးမကြီးက ဖော်ပြနေပါပြီ။


မကြာပါဘူး။ အဆောင်သူအားလုံးရဲ့ ရင်တွင်းစကားကို ကျောင်းအုပ်ချုပ်သူများ သိသွားတယ်နဲ့တူပါတယ်။ ကျွန်မတို့အဆောင်ရဲ့ ဝင်းတံခါးမကြီးကို အသစ်ပြန်ပြီး ပြုပြင်မယ်ဆိုတဲ့ စကားနဲ့အတူ နွေရာသီကျောင်းပိတ်၇က်အတွင်းမှာ အကောင်အထည်ဖော်လိုက်ကြပါတယ်။ အခုဆိုရင် အဆောင်နံပတ်(၈)ဟာ ဒီဇိုင်းအသစ်နဲ့ ပြန်လည်ဆောက်လှုပ်ထားတဲ့ ဝင်းတံခါးကြီးနဲ့အတူ ပိုပြီးလှပနေပါတော့တယ်။














Friday, March 30, 2012

အမှိုက်ကိုယ်စီမှာလည်း အသိုက်ကိုယ်စီနဲ့ပါ


ထိုင်ဝမ်လူမျိုးတွေရဲ့ လေးစားအတုယူဖို့ကောင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခုကို ပြောပြပါလို့ တစ်စုံတစ်ယောက်က ကျွန်မကိုမေးခဲ့မယ်ဆိုရင၊် “ အမှိုက်တွေကို အမျိုးအစားခွဲပြီးပစ်လေ့ရှိတဲ့ သူတို့ရဲ့ မြို့ကြီးသားပီသတဲ့ စနစ်ကောင်းပါ”လို့ မဆိုင်းမတွ ဖြေလိုက်မှာပါ။
 
လူတွေသက်ရှိသွားလာနေထိုင်ကြတဲ့ ပတ်ဝန်းကျင်လူနေမှုကြားမှာ အမှိုက်တွေဟာ တစ်နည်းနည်းနဲ့ ရှိနေနိုင်ပါတယ်။ ဒါကြောင့် အမှိုက်ပုံးများဟာ လူပတ်ဝန်းကျင်မှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါပေမယ့် လူတွေက အမှိုက်ပုံးဆိုရင် မကိုင်ချင်၊ မထိချင်နဲ့ နေရာမပေးတတ်ကြပါဘူး။ တကယ့်တကယ် အမှိုက်ပစ်ဖို့လိုအပ်လာတဲ့အခါကြမှသာ အမှိုက်ပုံးများကို ကျီးကန်းတောင်းမှောက် ရှာဖွေပြီး ပစ်ကြတာပါ။ အမှိုက်ပစ်ရာမှာလည်း ပြီးစလွယ် ပစ်ကြတာကို စိတ်ပျက်ဖွယ် မြင်တွေ့ရတတ်ပါတယ်။
 
ထိုင်ဝမ်နိုင်ငံမှာတော့ အမှိုက်တွေကို စနစ်တကျ ပစ်လေ့ရှိကြပါတယ်။ သာမှန်မီးရှို့လို့ရတဲ့ အမှိုက်များနှင့် recycle အမှိုက်များဆိုပြီး ခွဲခြား၍ပစ်ကြခြင်းပါ။ recycle အမှိုက်ထဲမှာလည်းထပ်၍ ပလတ်စတစ်အမျိုအစားက တစ်မျိုး၊ ဖန်အမျိုးအစားများက တစ်နည်း၊ စက္ကူအမျိုးအစားက တစ်ဖွယ်၊ လျှပ်စစ်အမျိုးအစားများက တစ်သွယ်၊ သံအမျိုးအစားများက တစ်နွယ် စသည်ဖြင့် အမျိုးအစားများခွဲခြား၍ စွန့်ပစ်လေ့ရှိပါတယ်။ ဒီအလေ့အထကောင်းလေးကို ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း စနစ်ကောင်း တစ်ခုအဖြစ် ပြုပြင်လုပ်ဆောင်လာနိုင်ဖို့ မျော်လင့်မိတာ အမှန်ပါ။
 
ဒါကြောင့်ဒီအကြောင်းအရာလေးကို တစေ့တစောင်းလေ့လာပြီး စာစီကုန်းထားချင်မိနေတဲ့ဆန္ဒက ရင်ထဲမှာ သန္ဓေတည်နေတာ အချိန်တော်တော်လေးကို ကြာနေပါပြီ။ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေတဲ့ လက်ရှိအခြေအနေမှာ တစ်ခြားအကြောင်းအရာတွေကို မှတ်တမ်းတင်ရေးဖို့အတွက် ဘယ်လိုမှ အချိန်မပေးနိုင်သေးတာမို့ ကျွန်မရဲ့ဆန္ဒတွေက အပင်ပေါက်ဘဝရောက်ဖို့ အစေ့မကွဲနိုင်သေးတာကြာပေါ့။
 
ဒါပေမယ့် တလောကတုန်းက ဒီဇိုင်းဘာသာရပ်အတွက် အခန်းတွင်းကျောင်းသားများရဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူငယ်ချင်းတစ်ယောက်က ဒီအကြောင်းအရာလေးကို မှတ်တမ်းလုပ်ထားဖူးတယ်ဆိုတာကို ကြားလိုက်ရတဲ့ သတင်းက ကျွန်မအဖို့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ ဒီလိုနဲ့ အဲဒီသူငယ်ချင်းဆီက ရေးထားတဲ့ အကြာင်းအရာလေးကို လေ့လာလို့ရအောင် တောင်းယူထားလိုက်ပါတယ်။ ”နင်လုပ်ထားတဲ့ မှတ်တမ်းစာထဲက ဓတ်ပုံတွေကို လိုအပ်ရင်လည်း သုံးမယ်နော်။ ရရဲ့လား။” " အိုကေ၊ သုံးလို့ရပါတယ်"တဲ့။ ကျွန်မ လိုတရပြီပေါ့။
 
 


 
ထိုင်ဝမ်တက္ကသိုလ်မှာ မြင်တွေ့ရတဲ့ အမျိုးအစားခွဲခြားပြီးပစ်ရတဲ့ အမှိုက်ပုံးပုံများပါ။
recycle အမှိုက်ပုံးပေါ်မှ ပုံစံပြပုံတွေက အမှိုက်ပစ်မယ့် သူတွေအတွက် အလွယ်တကူ အမျိုးအစားခွဲခြားနိုင်စေရန် အသုံးဝင်လှပါတယ်။ ထိုင်ဝမ်ရောက်စ တရုတ်စာမတတ်တခေါက်ကာလမှာ ဒီလိုပုံပြဒီဇိုင်းပုံတွေက ကျွန်မအတွက် အဆင်ပြေလှပါတယ်။
တစ်ချို့အမှိုက်ပုံးပေါ်၌လည်း ပစ်ရမယ့် အမှိုက်အမျိုးအစားကို ယခုလို ပုံပြချိတ်ဆွဲထားတာလည်း ရှိပါတယ်။

 
ကျောင်းတွင်းမုန့်ဆိုင်ရှေ့၌ တွေ့ရသည့်အမှိုက်ပုံးပါ။






 




ကျောင်းတွင်းစားသောက်ဆိုင်များ၌လည်း အမှိုက်များများကို စနစ်တကျခွဲခြားပစ်နိုင်ရန် စီမံထားပေးပါတယ်။ ခွက်ယောက်ပန်းကန်များကိုလည်း အသုံးပြုပြီးလျှင် စနစ်တကျ ပြန်လည်ထားပေးကြရပါတယ်။ ကျောင်းသူကျောင်းသားများ ယခုလို သေသပ်စွာ စွန့်ပစ်ပေးထားခြင်းက ဆိုင်ရှိဝန်ထမ်းများ ပြန်လည်သိမ်းဆည်းသည့် အခါတွင်လည်း လက်မဝင်တော့ပေ။
 




    


ကျောင်းစာသင်ခန်းရှေ့မှာ တွေ့ရတဲ့ အမှိုက်ပုံးများဟာလည်း သေသပ်လှပါတယ်။






 

ပုံမှာမြင်တွေ့တဲ့အတိုင်း ကျောင်းသန့်ရှင်းရေးသမားများကလည်း အမှိုက်ပုံးများကို အလျင်မှီလာရောက် သိမ်းဆည်း ရှင်းလင်းပေးပါတယ်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နည်းလမ်းပေါင်းများစွာနှင့် အားကြိုးမာန်တက် လုပ်ဆောင်နေတဲ့ ယနေ့ခေတ်ကာလမှာ ယခုလို အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်းဟာလည်း အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်နိုင်ပါတယ်။ အကျင့်ကောင်းတစ်ခုကို အလေ့အထအဖြစ် လုပ်ယူရာအစကနဦးအချိန်ကာလမှာတော့အခက်အခဲများ ရှိနိုင်မှာ မြေကြီးလက်ခတ်မလွဲပါ။ သို့သော်လည်း နိုင်ငံသားတိုင်း တစ်ဦးခြင်းမှစ၍ မိသားစု၊ ထိုမှတစ်ဆင့် တစ်နိုငံလုံးလုပ်ဆောင်သွားနိုင်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အကျင့်ကောင်းတစ်ခုကို လက်တွေ့ပြုပြင် အကောင်အထည်ဖော်လာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
 

“ငါတို့ မူလတန်းလောက်ကမှ ဒီစနစ်ရှိလာတာ။ အစကတော့ အကျင့်မရှိဘူးပေါ့။ အလုပ်ရှုပ်တယ်လို့ပဲ ထင်ခဲ့တာလေ။ ကျောင်းတွေကနေ အကျင့်ရှိလာအောင် စနစ်တကျ ပျိုးထောင်ပေးလိုက်တော့ ခုအချိန်မှာ အလေ့အထကောင်းတစ်ခုက ပုံမှန်လုပ်ဆောင်မှုလိုဖြစ်လာရတာပေါ့”ဟု ထိုင်ဝမ်တက္ကသိုလ်ကျောင်းသူ ယွိဝေ ကကျွန်မကို ပြောပြခဲ့ပါတယ်။ ဒီစနစ်ကောင်းကို ထိုင်ဝမ်လက်ရှိသမ္မတ မာရင်းကျုံ က မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်အခါမှာ အင်တိုက်အားတိုက် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 
“အမေရိကားနိုင်ငံမှာတောင် ဒီစနစ်မရှိသေးဘူး”ဆိုပြီး ထိုင်ဝမ်လူမျိုးတွေ အားကျတဲ့ အမေရိကားနိုင်ငံမှာ မလုပ်ဆောင်နိုင်သေးတဲ့ စနစ်ကောင်းတစ်ခုကို ထိုင်ဝမ်နိုင်ငံသားတွေ ကျင့်သုံးလုပ်ဆောင်နိုင်တယ်ဆိုပြီး ထိုင်ဝမ်တက္ကသိုလ်ဆရာတစ်ဦး ဂုဏ်ယူစွာနဲ့ ပြောပြခဲ့တာကိုလည်း ကျွန်မကြားခဲ့ရပါတယ်။ ဆရာပြောကြားနေစဉ်မှာ ကျွန်မရဲ့အတွေးအာရုံထဲမှာတော့ ယခုလို စနစ်တကျ အမှိုက်ပစ်နိုင်မည့် နည်းလမ်းကောင်းများကိုကျင့်သုံးနေတဲ့ ကျွန်မတို့နိုင်ငံသားများရဲ့ ပုံရိပ်ပန်းချီကားချပ်ကြီးကိုသာ ရေးဆွဲနေပါတော့တယ်။


 

Wednesday, December 14, 2011

စက်ဘီးစင်

ကျွန်မတို့ နေ့စဉ်ဒူဝ သွားလာနေတဲ့အခါ အခြေခံအကျဆုံး သယ်ယူပို့ဆောင်ရေး ယာဉ်ငယ်ကို ပြပါဆိုလျှင် စက်ဘီးဟုသာ ပြောရပေမည်။ ငွေကြေးစရိက္ခကုန်ကြမှု သက်သာသကဲ့သို့၊ စက်ဘီးစီးခြင်းဖြင့် တဖက်လှည့်အနေနှင့် အပန်းလည်းပြေ ကျန်းမာရေးအနေနှင့်လည်း အကျိုးပြုနိုင်သေးသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် စက်ဘီးစီးသူ ဦးရေများလျော့ကြမသွားနိုင်ဟု ကျွန်မထင်မြင်မိပါသည်။


ကျွန်မပညာတက်ရောက်သင်ယူနေသည့် ထိုင်ဝမ်တက္ကသိုလ်တွင်လည်း စက်ဘီးစီးသူဦးရေ များမများ စက်ဘီးစင်များတွင် စက်ဘီးများရပ်နားရန်နေရာ မလောက်သည့် ပြဿနာများကိုကြည့်ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့်လည်း ကျောင်းအုပ်ချုပ်ရေး လူကြီးများက စက်ဘီးရပ်နားရန်စင်များကို ပုံစံမျိုးစုံဖြင့် ကျောင်းနေရာအနှံ့ တပ်ဆင်မွမ်းမံပေးထားသည်ကို မြင်တွေ့နေရသည်။ထိုအရာများကို မြင်ရလျှင် ကျွန်မတို့မြန်မာနိုင်ငံရှိ စက်ဘီးရပ်နားရန် စင်များပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ဖြည့်စွက်အကျိုးပြုနိုင်ရန် အမြင်ရ၍ ဤစာတန်းတိုလေးတစ်ခုကို ရေးရန်အကြောင်းဖြစ်လာပါသည်။
  • taiwan University တွင်တွေ့ရသော စက်ဘီးစင်ပုံစံဆန်းများ





(ဒါကတော့ စက်ဘီးတစ်စီးစီအတွက် မဟုတ်ပဲ အကန့်လိုက်လုပ်ပေးထားတဲ့ စက်ဘီးဆယ်စီးနီးပါးရပ်နားနိုင်တဲ့ စက်ဘီးစင်ပါ)











(ပုံထဲမှာ မြင်နေရတဲ့ ဘောင်နှစ်ခုကြားမှာ ရှေ့ဘီးကို ညှပ်ထားလိုက်ခြင်းဖြစ် စက်ဘီးရပ်ထားခြင်းကို ပိုပြီးခိုင်မြဲစေပါတယ်)
















(ထိုင်ဝမ်တက္ကသိုလ်ရှေ့မှာရှိတဲ့ ခေတ်မီဆန်းသစ်တဲ့ နှစ်ထပ် စက်ဘီးစင်ပါ။ မြေအောက်ဘူတာလည်းအနီးမှာရှိတော့ ရပ်နားထားတဲ့ စက်ဘီးတွေက အလွန်များလှပါတယ်။ စက်ဘီးဒုတိယထပ်မှာ စက်ဘီးထားခြင်းကတော့ ပုံမှာမြင်ရတဲ့အတိုင်း စင်ဘောင်ကို အောက်သို့အရင် ဆွဲယူရပ်နားပြီး ပြန်တင်ရတဲ့ နည်းပါ။)
  • ထိုင်ဝမ်နိုင်ငံရှိ သာ့အန်းစိမ်းလင် ပန်းခြံရှေ့မှ စက်ဘီးစင်ပုံစံ
  • ဂျပန်နိုင်ငံရှိ ဘူတာရုံရှေ့က စက်ဘီးစင်ပုံစံ






(ဂျန်ပန်နိုင်ငံသို့ သွားလည်စဉ် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီစက်ဘီးစင်ကတော့ x ပုံစံ ဒီဇိုင်းဖြစ်တဲ့အတွက် နေရာလည်းမယူ စက်ဘီးတော်တော်များများရပ်နားနိုင်ပါတယ်။ )
  • google နှင့် youtube မှ ရှာတွေ့သော အခြားစက်ဘီးစင်ဒီဇိုင်းဆန်းများ









(တစ်ချက်ခုတ် နှစ်ချက်ပြတ် နှစ်ဘက်လှ ဒီဇိုင်းပါ။ ဒီလို ရိုးရှင်းပြီး နှစ်ဆအသုံးဝင်တဲ့ ideaကို ကျွန်မသဘောကြတယ်။)





ိ(နေရာလည်းမယူတဲ့ စက်ဘီးစင် ဒီဇိုင်းပါ။ ပိုက်ဆံဒင်္ဂါးစေ့ထည့်ရတဲ့ စနစ်ပါ။ မြန်မာနိုင်ငံမှာ အသုံးပြုဖို့ဆိုရင် ပိုက်ဆံဒင်္ဂါးပြားအစား ကော်ပြားစေ့ကို ဖန်တီးကာ တန်ဖိုးသတ်မှတ်ပြီး ပိုက်ဆံနဲ့ လဲယူအသုံးပြုနိုင်မယ့် စနစ်နဲ့ လုပ်ဆောင်လို့ ရမယ်ထင်ပါတယ်။
(သစ်ပင်စတိုင် စက်ဘီးစင်ပါ။ စက်ရှေ့မှာ လက်ဗွေလေးကို ပြပြီး စက်နဲ့သူ့အလိုအလျောက်အပေါ်ကို တင်ပေးတဲ့ စနစ်ပါ။ လျှပ်စစ်မီးမရနိုင်တဲ့ နေရာ အတွက်တော့ အဆင်အပြေလှပါဘူး။)



(ဒါကတော့ ကဒ်ကို အသုံးပြုရတဲ့ စက်ဘီးစင်ပါ။ ဒီဇိုင်းလှသလို အသုံးဝင်မှုလည်း များကြောင်းတွေ့နိုင်ပါတယ်။ ကျွန်မသူငယ်ချင်း ချွမ်ရန်ကတော့ ဒီိဒီဇိုင်းလေးကို အရမ်းကြိုက်ဆိုပဲ။ နေရာလည်းမယူဘူး၊ လေမိုးဒဏ်တွေလည်း ကာကွယ်ထားပေးတော့ သံချေးလည်း မတက်တော့ဘူး၊ ပြီးတော့ လန်းလဲလန်းလို့လေ ဆိုပြီး ပြောပြပါတယ်။ )






ကျွန်မတို့ နိုင်ငံမှာရှိတဲ့ စက်ဘီးစင်တွေကိုလည်း သားသားနားနားနဲ့ သန့်ရှင်းလှပပြီး အဆင့်မြင့်တဲ့ဒီဇိုင်းဆန်းလေးတွေနဲ့ ပြောင်းလဲဖန်တီးချင်နေမိပါတော့တယ်။