Pages

Tuesday, April 3, 2012

sketch up (or) project 2

Engineerings Graphics ဘာသာရပ်၌ Acto CAD ပုံဆွဲဒီဇိုင်းကို သင်ယူပြီးနောက်၊ ထပ်မံ သင်ကြားရသော software မှာ sketch up ဟုခေါ်သည့် 3D ပုံဆွဲဒီဇိုင်းပင် ဖြစ်ပါသည်။ ဆရာက sketch up တွင်းရှိ drawing menu နှင့် toobars များ၏ အသုံးပြုပုံပြုနည်းများကို အကြမ်းဖျင်းသဘော သင်ကြားပေးပြီးနောက် ယခင်အခါကဲ့သို့ပင် အဖွဲ့ခွဲပြီး project ပြုလုပ်ခိုင်းပါသည်။
ကျွန်မတို့ အဖွဲ့သားများမှာ ယခင် Acto CAD project စဉ်ကတွဲခဲ့သော ရွှင့်တုံးနှင့် ကျွန်မဖြစ်သလို၊ ဆွဲရန်ရွေးချယ်ထားသော အဆောက်အဦးမှာလည်း taiwan university တွင်းရှိ စိတ်ပညာဌာနပင်ဖြစ်ပါသည်။ဤစိတ်ပညာဌာနသည် မြေအောက်တစ်ထပ်နှင့် မြေပေါ်သုံးထပ်ရှိသော အဆောက်အဦးဖြစ်ပါသည်။
ပုံဆွဲရန် အတိုင်းအတာများကိုမူု ပထမ Project လုပ်စဉ်မှ ရယူထားပြီးဖြစ်၍ ထိုအတွက်အချိန်ထပ်ယူစရာမလိုတော့ပေ။



ပထမအဆင့်အနေနှင့် sketch up ပေါ်၌ပုံဆွဲရန် google earth ကို အသုံးပြု၍ စိတ်ပညာဌာနကို ရှာပြီး နေရာယူလိုက်ပါတယ်။
plan view
Google မှာ မြင်နေရတဲ့ ပုံအတိုင်း တူပါတယ်နော်း)
front view ပုံကြမ်းပါ။
front view ပုံချောထွက်လာပါပြီရှင်။



3Dအနေအထားနဲ့ မြင်တွေ့နေရတဲ့ ကျွန်မတို့အဖွဲ့ လက်စွမ်းပြထားတဲ့ ပုံပါ။
ပုံကို မိမိလိုရာ view အတိုင်းမြေလျှိုးမိုးပျံ ရွှေ့လျားလို့ရသည့်အတွက် sketch up နည်းဖြင့် ပုံဆွဲရသည်မှာ ပင်ပန်းသော်လည်း ပျော်စရာကောင်းလှပါသည်။ အုတ်ခဲ၏ အရောင်များကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ အရောင်ရွေးခြယ်လို့လည်းရပါသည်။ ထို့ကြောင့် sketch up နည်းဖြင့် အဆောက်အဦးများ၏ ဒီဇိုင်းပုံများကို ဆွဲရခြင်းက အလွန်အဆင်ပြေလှပေသည်။



sketch up နဲ့ဆွဲထားတဲ့ rear viewပုံပါ။




ဒါကတော့ ActoCad rear view ပုံပါ။
sketch up နှင့် ဆွဲထွက်လာသည့် 3Dပုံကပိုပြီးအသက်ဝင်သကဲ့သို့ Acto CADထက်လည်း အချိန်ပိုပြီးပေးရပါသည်။ ဆွဲခါစမို့ အကြောင်းမသိသေးတာလည်း ဖြစ်နိုင်ပါသည်။ မျဉ်းပြတ်များ တစ်ကြောင်းနှင့်တစ်ကြောင်း ဆက်စပ်နေသည်ကို သတိမထားမိပဲ သေချာမဆက်ထားမိသည့်အချိန်မျိုး၌ အဆောက်အဦး၏ပုံကို လိုရာအနေအထားသို့ ရွှေ့ပြောင်းဆွဲယူသည့်အခါ တစ်ချို့အပိုင်းက ပြတ်ကျန်သွားခြင်းမျိုးလည်း ခဏခဏ ကြုံရတတ်ပါသည်။ ထို့ကြောင့် sketch up ပုံဆွဲဒီဇိုင်းပုံများက ဖျတ်လပ်တက်ကြွပြီး အရောင်အသွေးကြွယ်ဝနေသည့် ဆယ်ကျော်သက်အရွယ်နှင့် တူလှပါသည်။ လန်းဆန်းတက်ကြွနေသည့် အရွယ်ဖြစ်သည့်အတွက်လည်း သူတို့ကိုထိန်းရသည်မှာ အလွန်ခက်သည်မဟုတ်လား။ ဤသဘောအတိုင်းပင် sketch up ဖြင့်ပုံဆွဲစဉ်၌ လက်ငြိမ်ရန် အလွန်အရေးကြီးပါသည်။ တစ်ချက်မှားတာနှင့် ပုံများကို ပြန်ပြီးအချောသပ်ရသည်မှာ လက်ဝင်လွန်းလို့ပါရှင်။ ပုံများကို ရွှေ့လျားသည့်အရာမှာ လွယ်ကူသော်လည်း ထိန်းရသည်မှာ တော်တော်လေး လက်ဝင်လှသည်ကိုတွေ့ရပါသည်။
စိတ်ပညာဌာန အမှတ်အသားပြ သစ်သားဘောင်
ဒီပုံလေးရန် တစ်ရက်နည်းပါး အချိန်များပေးပြီး ဆွဲယူလိုက်ရပါသည်။ ကြည့်လိုက်လျှင် လွယ်ကူမည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့၌ ပုံချောထွက်လာရန် ဆွဲယူရသည်မှာ ရင်မောလွန်းလှပါသည်။ ဆွဲလိုက၊် ဖျက်လိုက်နှင့် လိုရာမရပဲ အလွန်လက်ဝင်လှသည်။ ထို့ကြောင့် ကျွန်မသူငယ်ချင်းတစ်ယောက်၏ အိမ်စာ၌ ယခုလိုရေးထားခြင်းကို ဖတ်လိုက်ရပါသည်။“ sketch up ပုံဆွဲတာ ဘဲရေကူးတာနဲ့ တူတယ်။ အပြင်ပန်းကြည့်လိုက်ရင် ငြိမ်ငြိမ်သက်သက်နဲ့ ရေပြင်ပေါ်စီးမျှောနေတာကိုပဲ မြင်ကြရပေမယ့်၊ တကယ့်ရေအောက်ထဲမှာတော့ ရုန်းကန်ကူးခတ်နေရတဲ့ ဘဝပါ“ တဲ့။
right side view and left side view
ကျွန်မတို့ project အိမ်စာများကို ကျောင်း website ပေါ်ရှိ computer upload စနစ်နှင့်ဆရာကို ပေးပို့ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိမ်စာများကို တစ်တန်းလုံးရှိ ကျောင်းသူကျောင်းသားအားလုံး လေ့လာဝင်ကြည့်လို့ရပါသည်။ ကျွန်မလည်း တစ်ခြားအဖွဲ့များ၏ ဆွဲပုံဆွဲနည်းများကို ဝင်လေ့လာဖြစ်ပါသည်။ ထိုင်ဝမ်ကျောင်းသားများ စာကြိုးစား၍ အိမ်စာများးကို အကောင်းဆုံးလုပ်ဆောင်ကြကြောင်း မြင်တွေ့ရပါသည်။ တစ်ချို့အဖွဲ့များ၏ပုံများ အလွန်လက်ရာမြောက်လှပါသည်။
တစ်ချို့ကျောင်းသားများက အခြေခံပုံဆွဲနည်းကို အထက်တန်းကျောင်းတက်စဉ်ကတည်းက သင်ယူခဲ့ပြီးကြောင်း သိရပါသည်။ ကျွန်မမှာတော့ ယခုအတန်းတက်စဉ်မှသာ sketch up နဲ့ ထိတွေ့ရသည်မို့ ဤအိမ်စာကို လုပ်သည့်အခါ၌ သူငယ်ချင်း ရွှံ့တုံးကို တော်တော်လေး အားကိုးလိုက်ရပါသည်။ ကျွန်မတစ်ယောက်တည်းလုပ်မည်ဆိုရင် တစ်လနေ၍မျှ ဤအိမ်စာကိုလုပ်ပြီးမည် မထင်ပါ။ ထို့ကြောင့်ပင်ဖြစ်မည်ထင်။ ဆရာများက အင်ဂျင်နီယာကျောင်းသားတွေအား အဖွဲ့နှင့်လုပ်ဆောင်တတ်ရန် အထပ်ထပ်နည်းပေးလမ်းပြလေ့ရှိပါသည်။
ယခုအိမ်စာအတွက် ကျွန်မတို့တစ်ခန်းသားလုံး တစ်ပတ်နည်းပါးမျှ အိပ်ရေးပျက်ပင်ပန်းခံပြီး အားထုတ်လိုက်ကြရပါသည်။ ကျွန်မနှင့် ရွှံ့တုံးသည်လည်း သောကြာနေ့နံနက်၉.၀၀နာရီအတန်းအမှီတင်ရမည့် ဤအိမ်စာကို ကြာသပတေးညနေအထိ ဆွဲကြသည်မှာ လက်စမသတ်နိုင်ပဲ ရှိနေပါသည်။ ထို့ကြောင့် ကြာသပတေးညလုံးပေါက် အိပ်ချင်သည့်စိတ်ကိုဘေးချိတ်ကာ၊ နှစ်ယောက်သား msn ကိုယ်စီဖွင့်၍ တစ်ယောက်ဆွဲပြီးသားပုံများကို ပို့လိုက်၊ အချောသပ်စာစီကုံးလိုက်နှင့် ညလုံးပေါက် အချိန်ပေးလိုက်ရပါသည်။
မည်သို့ပင်ဖြစ်စေ ပေးလိုက်ရသည့် ပင်ပန်းမှုများနှင့် ထိုက်တန်အောင် ဆွဲထွက်လာသည့် ပုံများက ကျွန်မတို့နှစ်ယောက်စလုံးကို အမောပြေစေခဲ့ပါသည်။


Friday, March 30, 2012

အမှိုက်ကိုယ်စီမှာလည်း အသိုက်ကိုယ်စီနဲ့ပါ


ထိုင်ဝမ်လူမျိုးတွေရဲ့ လေးစားအတုယူဖို့ကောင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခုကို ပြောပြပါလို့ တစ်စုံတစ်ယောက်က ကျွန်မကိုမေးခဲ့မယ်ဆိုရင၊် “ အမှိုက်တွေကို အမျိုးအစားခွဲပြီးပစ်လေ့ရှိတဲ့ သူတို့ရဲ့ မြို့ကြီးသားပီသတဲ့ စနစ်ကောင်းပါ”လို့ မဆိုင်းမတွ ဖြေလိုက်မှာပါ။
 
လူတွေသက်ရှိသွားလာနေထိုင်ကြတဲ့ ပတ်ဝန်းကျင်လူနေမှုကြားမှာ အမှိုက်တွေဟာ တစ်နည်းနည်းနဲ့ ရှိနေနိုင်ပါတယ်။ ဒါကြောင့် အမှိုက်ပုံးများဟာ လူပတ်ဝန်းကျင်မှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါပေမယ့် လူတွေက အမှိုက်ပုံးဆိုရင် မကိုင်ချင်၊ မထိချင်နဲ့ နေရာမပေးတတ်ကြပါဘူး။ တကယ့်တကယ် အမှိုက်ပစ်ဖို့လိုအပ်လာတဲ့အခါကြမှသာ အမှိုက်ပုံးများကို ကျီးကန်းတောင်းမှောက် ရှာဖွေပြီး ပစ်ကြတာပါ။ အမှိုက်ပစ်ရာမှာလည်း ပြီးစလွယ် ပစ်ကြတာကို စိတ်ပျက်ဖွယ် မြင်တွေ့ရတတ်ပါတယ်။
 
ထိုင်ဝမ်နိုင်ငံမှာတော့ အမှိုက်တွေကို စနစ်တကျ ပစ်လေ့ရှိကြပါတယ်။ သာမှန်မီးရှို့လို့ရတဲ့ အမှိုက်များနှင့် recycle အမှိုက်များဆိုပြီး ခွဲခြား၍ပစ်ကြခြင်းပါ။ recycle အမှိုက်ထဲမှာလည်းထပ်၍ ပလတ်စတစ်အမျိုအစားက တစ်မျိုး၊ ဖန်အမျိုးအစားများက တစ်နည်း၊ စက္ကူအမျိုးအစားက တစ်ဖွယ်၊ လျှပ်စစ်အမျိုးအစားများက တစ်သွယ်၊ သံအမျိုးအစားများက တစ်နွယ် စသည်ဖြင့် အမျိုးအစားများခွဲခြား၍ စွန့်ပစ်လေ့ရှိပါတယ်။ ဒီအလေ့အထကောင်းလေးကို ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း စနစ်ကောင်း တစ်ခုအဖြစ် ပြုပြင်လုပ်ဆောင်လာနိုင်ဖို့ မျော်လင့်မိတာ အမှန်ပါ။
 
ဒါကြောင့်ဒီအကြောင်းအရာလေးကို တစေ့တစောင်းလေ့လာပြီး စာစီကုန်းထားချင်မိနေတဲ့ဆန္ဒက ရင်ထဲမှာ သန္ဓေတည်နေတာ အချိန်တော်တော်လေးကို ကြာနေပါပြီ။ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေတဲ့ လက်ရှိအခြေအနေမှာ တစ်ခြားအကြောင်းအရာတွေကို မှတ်တမ်းတင်ရေးဖို့အတွက် ဘယ်လိုမှ အချိန်မပေးနိုင်သေးတာမို့ ကျွန်မရဲ့ဆန္ဒတွေက အပင်ပေါက်ဘဝရောက်ဖို့ အစေ့မကွဲနိုင်သေးတာကြာပေါ့။
 
ဒါပေမယ့် တလောကတုန်းက ဒီဇိုင်းဘာသာရပ်အတွက် အခန်းတွင်းကျောင်းသားများရဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူငယ်ချင်းတစ်ယောက်က ဒီအကြောင်းအရာလေးကို မှတ်တမ်းလုပ်ထားဖူးတယ်ဆိုတာကို ကြားလိုက်ရတဲ့ သတင်းက ကျွန်မအဖို့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ ဒီလိုနဲ့ အဲဒီသူငယ်ချင်းဆီက ရေးထားတဲ့ အကြာင်းအရာလေးကို လေ့လာလို့ရအောင် တောင်းယူထားလိုက်ပါတယ်။ ”နင်လုပ်ထားတဲ့ မှတ်တမ်းစာထဲက ဓတ်ပုံတွေကို လိုအပ်ရင်လည်း သုံးမယ်နော်။ ရရဲ့လား။” " အိုကေ၊ သုံးလို့ရပါတယ်"တဲ့။ ကျွန်မ လိုတရပြီပေါ့။
 
 


 
ထိုင်ဝမ်တက္ကသိုလ်မှာ မြင်တွေ့ရတဲ့ အမျိုးအစားခွဲခြားပြီးပစ်ရတဲ့ အမှိုက်ပုံးပုံများပါ။
recycle အမှိုက်ပုံးပေါ်မှ ပုံစံပြပုံတွေက အမှိုက်ပစ်မယ့် သူတွေအတွက် အလွယ်တကူ အမျိုးအစားခွဲခြားနိုင်စေရန် အသုံးဝင်လှပါတယ်။ ထိုင်ဝမ်ရောက်စ တရုတ်စာမတတ်တခေါက်ကာလမှာ ဒီလိုပုံပြဒီဇိုင်းပုံတွေက ကျွန်မအတွက် အဆင်ပြေလှပါတယ်။
တစ်ချို့အမှိုက်ပုံးပေါ်၌လည်း ပစ်ရမယ့် အမှိုက်အမျိုးအစားကို ယခုလို ပုံပြချိတ်ဆွဲထားတာလည်း ရှိပါတယ်။

 
ကျောင်းတွင်းမုန့်ဆိုင်ရှေ့၌ တွေ့ရသည့်အမှိုက်ပုံးပါ။






 




ကျောင်းတွင်းစားသောက်ဆိုင်များ၌လည်း အမှိုက်များများကို စနစ်တကျခွဲခြားပစ်နိုင်ရန် စီမံထားပေးပါတယ်။ ခွက်ယောက်ပန်းကန်များကိုလည်း အသုံးပြုပြီးလျှင် စနစ်တကျ ပြန်လည်ထားပေးကြရပါတယ်။ ကျောင်းသူကျောင်းသားများ ယခုလို သေသပ်စွာ စွန့်ပစ်ပေးထားခြင်းက ဆိုင်ရှိဝန်ထမ်းများ ပြန်လည်သိမ်းဆည်းသည့် အခါတွင်လည်း လက်မဝင်တော့ပေ။
 




    


ကျောင်းစာသင်ခန်းရှေ့မှာ တွေ့ရတဲ့ အမှိုက်ပုံးများဟာလည်း သေသပ်လှပါတယ်။






 

ပုံမှာမြင်တွေ့တဲ့အတိုင်း ကျောင်းသန့်ရှင်းရေးသမားများကလည်း အမှိုက်ပုံးများကို အလျင်မှီလာရောက် သိမ်းဆည်း ရှင်းလင်းပေးပါတယ်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နည်းလမ်းပေါင်းများစွာနှင့် အားကြိုးမာန်တက် လုပ်ဆောင်နေတဲ့ ယနေ့ခေတ်ကာလမှာ ယခုလို အမှိုက်ကို စနစ်တကျ စွန့်ပစ်ခြင်းဟာလည်း အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်နိုင်ပါတယ်။ အကျင့်ကောင်းတစ်ခုကို အလေ့အထအဖြစ် လုပ်ယူရာအစကနဦးအချိန်ကာလမှာတော့အခက်အခဲများ ရှိနိုင်မှာ မြေကြီးလက်ခတ်မလွဲပါ။ သို့သော်လည်း နိုင်ငံသားတိုင်း တစ်ဦးခြင်းမှစ၍ မိသားစု၊ ထိုမှတစ်ဆင့် တစ်နိုငံလုံးလုပ်ဆောင်သွားနိုင်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အကျင့်ကောင်းတစ်ခုကို လက်တွေ့ပြုပြင် အကောင်အထည်ဖော်လာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
 

“ငါတို့ မူလတန်းလောက်ကမှ ဒီစနစ်ရှိလာတာ။ အစကတော့ အကျင့်မရှိဘူးပေါ့။ အလုပ်ရှုပ်တယ်လို့ပဲ ထင်ခဲ့တာလေ။ ကျောင်းတွေကနေ အကျင့်ရှိလာအောင် စနစ်တကျ ပျိုးထောင်ပေးလိုက်တော့ ခုအချိန်မှာ အလေ့အထကောင်းတစ်ခုက ပုံမှန်လုပ်ဆောင်မှုလိုဖြစ်လာရတာပေါ့”ဟု ထိုင်ဝမ်တက္ကသိုလ်ကျောင်းသူ ယွိဝေ ကကျွန်မကို ပြောပြခဲ့ပါတယ်။ ဒီစနစ်ကောင်းကို ထိုင်ဝမ်လက်ရှိသမ္မတ မာရင်းကျုံ က မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်အခါမှာ အင်တိုက်အားတိုက် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 
“အမေရိကားနိုင်ငံမှာတောင် ဒီစနစ်မရှိသေးဘူး”ဆိုပြီး ထိုင်ဝမ်လူမျိုးတွေ အားကျတဲ့ အမေရိကားနိုင်ငံမှာ မလုပ်ဆောင်နိုင်သေးတဲ့ စနစ်ကောင်းတစ်ခုကို ထိုင်ဝမ်နိုင်ငံသားတွေ ကျင့်သုံးလုပ်ဆောင်နိုင်တယ်ဆိုပြီး ထိုင်ဝမ်တက္ကသိုလ်ဆရာတစ်ဦး ဂုဏ်ယူစွာနဲ့ ပြောပြခဲ့တာကိုလည်း ကျွန်မကြားခဲ့ရပါတယ်။ ဆရာပြောကြားနေစဉ်မှာ ကျွန်မရဲ့အတွေးအာရုံထဲမှာတော့ ယခုလို စနစ်တကျ အမှိုက်ပစ်နိုင်မည့် နည်းလမ်းကောင်းများကိုကျင့်သုံးနေတဲ့ ကျွန်မတို့နိုင်ငံသားများရဲ့ ပုံရိပ်ပန်းချီကားချပ်ကြီးကိုသာ ရေးဆွဲနေပါတော့တယ်။


 

Wednesday, March 21, 2012

မီးပုံးပျံ သွားလွတ်မယ် လိုက်ကြအုံးမလားကွယ်

“ မင်မင်၊ ငါတို့ဒီတပတ်အားရက် ဖင်ရှီး(ထိုင်ဝမ်ဖင်ရှီးဒေသ)သွားပြီး မီးပုံးပျံ သွားလွတ်မယ်၊ နင်လိုက်မလား။ ခုမီးပုံးပျံလွတ်ပွဲ ရောက်ပြီလေ။ လူအရမ်းစည်တယ်တဲ့။ သွားရအောင်လေ ”

သူငယ်ချင်း စီးလန်က လည်စရာ၊ ပတ်စရာ၊ စားစရာတွေရှိတိုင်း ကျွန်မကို သတိတရခေါ်တတ်သူပါ။ ခုလည်း မီးပုံးပျံလွှတ်ပွဲရောက်လာပြီဆိုပြီး သတိပေးကာ အဖော်ညှိလာ ပြန်တော့၊ သူနှစ်ခါပြောစရာတောင် မလိုလိုက်ပါ။ အဖော်ညှိလာသူထက် စိတ်အားပိုထက်နေသူက ကျွန်မဖြစ်လို့နေပါသည်။

မီးပုံးပျံလွတ်မည့် ဖင်ရှီးဒေသ သံလမ်းရိုးတလျှောက်ကို ရောက်တော့ သံလမ်းရိုးတလျှောက် အိမ်အောက်ထပ်တိုင်းရှိ ဆိုင်များ၌ မီးပုံးပျံများအပြိုင်အဆိုင်ရောင်းနေကြသည်ကို တွေ့လိုက်ရပါသည်။ မီးပုံးပျံအပြင် ချစ်စရာ မီးပုံးပျံ စားပွဲတင်အရုပ်များနှင့် နံရံချိတ်အလှရုပ်များ၊ သော့တွဲများကလည်း လက်ရာမြောက်ပြီး လှတပတ ရှိလှပါသည်။ ထို့ကြောင့် ဆိုင်တိုင်းနီးပါး ဝယ်သူများနှင့် ကြိတ်ကြိတ်တိုး စည်ကားနေကြပါသည်။ ရောင်းသူဝယ်သူများနှင့် တရုံးရုံး၊ တအုံးအုံး ဖြစ်နေသည့် လူကြားထဲမှ အပျော်များလည်း ကျွန်မတို့ဆီသို့ ကူးစက်လာပါတော့သည်။ ကျွန်မတို့ သူငယ်ချင်းလေးယောက်မှာမူ မည်သည့်ဆိုင်မှ ဝယ်ရနိုးနိုး လျှောက်ကြည့်ရင်း တချို့လူများလွတ်လိုက်သည့် မီးပုံးပျံများကို ခေါင်းမော့ပြီး ငေးကြည့်နေမိကြသည်။
တချို့ချစ်သူစုံတွဲများက ကိုယ့်ချစ်သူကို မည်မျှချစ်ကြောင်း အချစ်ခံစားချက်စာလုံးလေးများကို မီးပုံးပျံပေါ်၌ရေးကာ အတွဲကိုယ်စီနှင့် လွတ်ကြသကဲ့သို့၊ တချို့ကြတော့လည်း အဖွဲ့လိုက်လွတ်ကြပါသည်။ကျွန်မတို့အဖွဲ့ကတော့ ချွေတာရေးအနေနှင့် မီးပုံးပျံတစ်ခုသာဝယ်ပြီး အတူပေါင်းလွတ်ခဲ့ကြသည်။

 

မီးပုံးပျံအပေါ်၌ မိမိ၏ ဆန္ဒများကို ရေးခြစ်ပြီး လွတ်တင်ကြခြင်းပါ။ ဤသို့ မီးပုံပျံလွတ်ပွဲသည် ထိုင်ဝမ်လူမျိုးများ၏ ပျော်စရာကောင်းသည့် ယုံကြည်ရာ ဓလေ့တစ်ခုလည်းဖြစ်ပါသည်။ အထက်သို့ လွှတ်တင်လိုက်သော မီးပံုးပျံနှင့်အတူ မိမိရေးလိုက်သည့် ဆန္ဒများ ပြည့်ဝလာလိမ့်မည်ဆိုသည့် အယူနှင့် ယခုလို လွတ်တင်ြကခြင်းပါ။ ကျွန်မအနေနှင့်မူ ထိုသို့အယုံအကြည်မရှိသော်လည်း ပျော်စရာ ဓလေ့လေးတစ်ခုကို သူငယ်ချင်းများနှင့် အပန်းပြေ ပါဝင်ဆင်နွဲခြင်းတစ်ခုသာပါ။ ကျွန်မသူငယ်ချင်းစီးလန်ကမူ သူဋ္ဌေးမ အမြန်ဖြစ်ရပါစေလိုဟုလည်း ရေးလိုက်ပါရဲ့။ :)
 
ဘော်ပူး ဆိုသည့် အသံနှင့် ရထားကြီးလာတော့ သံလမ်းပေါ်မှလူများက ရှဲကနဲနှင့် ဘေးဘက်ဆီသို့ ဖယ်ကာ ရထားကြီးကို ဝိုင်းကြည့်နေကြပြန်သည်။ ရထားပေါ်မှ လူများကလည်း လက်များဝှေ့ရမ်းကာ အပြုံးများဖလှယ်ပေးကြပြန်ပါသည်။ အမှန်တကယ် ကြည်နူးစရာကောင်းလှပါသည်။သို့သော်လည်း ဤသို့သံလမ်းပေါ်၌ မီးပုံပျံ လွတ်ခြင်းကတော့ အန္တရယ်များလွန်းလှပါသည်။
လွတ်တဲ့သူများလွန်း၍ မီးပုံးပျံပေါ်၌ စာသားများရေးပြီးသော်လည်း နေရာရရန် တန်းစီစောင့်ရပါသေးသည်။ ကိုယ်အလှည့်ရောက်ပြီဆိုသည်နှင့် သံလမ်းပေါ်နေရာလွတ်ဆီသွားပြီး ယခုကဲ့သို့နေရာအကျအနယူလိုက်ကြပါသည်။
မီးပုံးပျံကို မီးညှိပြီးနောက်မှာတော့
Postထုတ်ပြီး ဓတ်ပုံကလည်း အမိအရရိုက်လိုက်ပါသေးသည်။
ဝါး ...အပေါ်ကို တက်သွားပြီ။ ပျော်လိုက်တာ...ပျော်လိုက်တာ။
တချို့လူများ၏ မီးပုံပျံများက လေအဝှေ့၌ အောက်သို့ပြန်ကျတာမျိုးလည်းရှိ၍ မီးပုံးပျံလွတ်စဉ် စိတ်လှုပ်ရှားရပြန်သေးသည်။
 
ကျွန်မတို့ လွတ်တင်လိုက်သည့် မီးပုံးပျံလေးသည် လေးပြေနှင့် အတူ အထက်သို့ တစစ လွှင့်သွားပေပြီ။ ထိုမီးပုံးပျံလေးနှင့်အတူ ကျွန်မ၏ စိတ်လည်း လွှင့်မျောသွားသည်နှင့်တူပါသည်။ အပျော်ဓတ်များနှင့်လူကပေါ့ပါးလန်းဆန်းသွားသည်က အမှန်ပင်။

မီးပုံးပျံလွတ်ခြင်းက ထိုင်ဝမ်နိုင်ငံသားများ စုပေါင်းဆင်နွှဲကြသည့် ပျော်ရွှင်ဖွယ် ဓလေ့တစ်ခု ဖြစ်ပါသည်။ ထိုင်ဝမ်လူမျိုးများ နှစ်သက်သည့် ပွဲတော်တစ်ခုလည်း ဖြစ်ပေ၏။ အစိုးရများကိုယ်တိုင် ဦးဆောင်ပြီး ဒေသတိုင်း၌ မီးပုံးပျံ လွတ်ပွဲများ ပြုလုပ်ပေးလေ့ ရှိပါသည်။ နှစ်သစ်ကြိုဆိုရာ ပွဲတစ်ခုအဖြစ်လည်း တစ်နှစ်ထက်တစ်နှစ် စည်ကားလှပါသည်။ ဤသို့ ဖင်ရှီးဒေသ၏ မီးပုံးပျံလွတ်ပွဲဓလေ့ ဖြစ်ပေါ်လာပုံမှာ.......

ဖင်ရှီးဒေသသည် ထိုင်ပေချိုင့်ဝှမ်းအပြင်ဘက်ပတ်လည်ရှိ တောင်ပေါ်ဒေသပိုင်း၌ တည်ရြှိခင်းဖြစ်ပါသည်။ ဟိုးယခင်အချိန် ထိုဒေသမှလူများက တောင်ပေါ်သို့သွားပြီး နယ်မြေသစ်မြေယိုင်းများကို
ရှာဖွေတူးဖော်လုပ်ကိုင်ကြရပါသည်။ ဆက်သွယ်ရေးခက်ခဲသည့် ကာလဖြစ်သည့်အတွက် ရွာသားများသည် ဆောင်းကာလကုန်စ၊ လယ်မြေလုပ်ငန်းများ ရိတ်သိမ်းပြီးအချိန်ရောက်မှသာ အန္တရယ်များမှလွတ်မြောက်ပြီး ငြိမ်းချမ်းရာကာလသို့ ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားသတင်းပေးသည့် အနေနှင့် မီးပုံပျံများလွှတ်ပြီး သတင်းပေးခဲ့ကြရာမှ ဤဓလေ့လေးပေါ်ပေါက်လာကြောင်း ဖတ်မှတ်ဖူးပါသည်။ နောက်ပိုင်း ယခုခေတ်ကာလများ၌ မီးပုံးပျံ လွှတ်ခြင်းကို ပျော်ရွှင်ဖွယ် ပွဲတော်အဖြစ်ကျင်းပလျက် ဤကဲ့သို့သော ချစ်စရာ အလေ့အထလေးကို အမြတ်တနိုးနှင့် ထိန်းသိမ်းထားကြခြင်းဖြစ်ပါသည်။

အထက်က ပုံနှစ်ပုံကgoogle ထဲကပုံပါ။ လှလွန်းသည့် ကောင်းကင်ကြီးကို ငေးမောကြည့်နေမိလိုက်တာ ကိုယ်တိုင်မှတ်တမ်းဓတ်ပုံရိုက်ဖို့တောင် သတိမရဖြစ်ခဲ့ရပါသည်။

ညနေ နေဝင်ချိန်နောက်ပိုင်း အနီးစပ်ရှိ နေရာတစ်ချို့သို့လည်း ရထားစီးပြီး သွားလည်ဖြစ်ကြပါသေးသည်။ ညမှောင်ရီအချိန်၌ လူများပို၍စည်နေကြောင်း တွေ့ရပါသည်။ မီးပုံးပျံလေးများ ဟိုသည်လွှင့်မျောနေလိုက်ကြသည်မှာ ကောင်းကင်ယံတွင် လပေါင်းအထောင်အသောင်း ထွက်ပေါ်နေသည့်အလားပင်။ ဤသို့ညအချိန် ကောင်းကင်ယံတွင် မီးပုံးပျံများဖြင့် ဆေးခြယ်ထားသည့် သက်ဝင် ပန်းချီကားလေးကို ခေါင်းမော့ငေးမောကြည့်နေရတာ အလွန်ပဲ ကြည်နူးဖို့ ကောင်းလှပါသည်။ ထို့ကြောင့် ဤသို့ပျော်စရာကောင်းလှသည့် နေ့လေးတစ်နေ့၏  အိမ်ပြန်လက်ဆောင်အဖြစ် သယ်ပိုးလာခဲ့သည်ကတော့ ပျော်ရွှင်ကြည်နူးမှုများဖြင့် ထွန်းညှိထားသည့် မီးပုံးပျံပုံရိပ်များပင် ဖြစ်ချေတော့သည်။


Tuesday, March 20, 2012

ကြက်ဥပြုတ်နှင့် ကျွန်မ



“အဖေ၊ ကြက်ဥပြုတ်ကျက်ပြီနော်”

အဖေပြုတ်ခိုင်းတဲ့ ကြက်ဥပြုတ်ရလို့ တော်တော်လေးကြာမှ အဖေကို ကျွန်မပြောလိုက်ပါတယ်။

“ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လည်းသမီးရဲ့”
“ဟိုလေ...ကြက်ဥပြုတ်ရေက ခုထိမအေးသေးဘူး။ အရင်အဖေပြုတ်တုန်းကလိုလည်းမဟုတ်ဘူး”
“ကဲကဲ ယူခဲ့ အဖေဆီကို”

အဖေဆီကို ကြက်ဥပြုတ်လှမ်းပေးလိုက်စဉ်..အဖေက

“ကြက်ဥပြုတ်ခွက်ထဲကရေပူက ဘယ်ကရေပြန်ထည့်ထားတာလဲ”
“ရှင်”
“ဟိုလေ ရေနွေးဓတ်ဗူးထဲက လောင်းထည့်ထားတာပါ”
“ဟိုက်၊ ဘာလို့လဲ သမီးရဲ့”
“ဟိုလေ၊ အဖေအရင်က ပြုတ်လာတဲ့ ကြက်ဥပြုတ်ထဲက ရေကလည်းနွေးနေတာမဟုတ်လား။ အဖေ ရေနွေးပူ ပြန်ထည့်ထားတာထင်လို့”
“အို ငါ့သမီးရယ် ဖြစ်ရလေ။ ကြက်ဥပြုတ်တောင် မပြုတ်တတ်သေးပါလား။ ဒါကြောင့် အဖေပြောတာပေါ့ မသိရင် မေးပါ။ သူများဘယ်လိုလုပ်သလဲ လေ့လာပါဆိုတာ”

ကျွန်မကို ပထမဦးဆုံးအကြိမ် ကြက်ဥပြုတ်ခိုင်းတာနဲ့ လွဲတော့တာပါပဲ။ ကြက်ဥပြုတ်မှအပူများ အေးသွားစေရန် ခွက်ထဲသို့ ရေအေးထပ်ထည့်ခြင်းဖြင့် အပူစီးသွားစေခြင်းကိုပင်၊ ရေနွေးပူထပ်ထည့်ပေးခြင်းဖြစ်မည်ဟု အူခဲ့ဘူးပါသည်။ ငယ်စဉ်က အဖေနှင့်အမေ အဆင်သင့် ပြုလုပ်ပေးစဉ်ကတော့ စားပွဲပေါ် ရောက်လာတာ စားဖို့တစ်လမ်းသာသိသည်။ စားပွဲပေါ် ဘယ်လိုပြင်ဆင်ရောက်လာသလဲ ဘာမျှ ရှည်ရှည်ဝေးဝေး မစဉ်စား မတွေးတောဖူးပေ။ ကိုယ်ကိုတိုင် ထလုပ်စဉ်မှသာ “ကြက်ဥပြုတ်မှာလည်း သူ့နည်းလမ်းနဲ့ပါလား”ဟု ဆင်ခြင်မိတော့သည်။ ငယ်ဘဝ အဖြစ်အပျက်များ ယခုအချိန်ပြန်တွေးလျှင်
ပြုံးစိစိဖြစ်နေရတတ်သည်။

“ကဲသိပြီလား သမီး၊ ဘာမဆို ကိုယ်ကိုတိုင်လုပ်ကြည့်မှ သိလာတယ်။ တတ်လာတယ်။ ဒါကြောင့် သူများလုပ်တဲ့အခါ ဘယ်လိုလုပ်ဆောင်ရသလဲ လေ့လာထားရမယ်။ လူတတ်ကြီးလို ဘာသိဘာသာမနေရဘူး။ ကြားရဲ့လား”
“ဟုတ်”

ဘယ်နေရာ ဘယ်အရပ်တွင် ရောက်နေပါစေ ပညာများ ကိုယ့်ထံရောက်လာရန် အခြေခံနည်းကောင်းအဖြစ် ဆယ်ကျော်သက်အရွယ်၌ ကျွန်မတို့ အိမ်လေး၌ ကြက်ဥပြုတ်ရင်း အဖေထံမှ နည်းကောင်းလေးကို လက်တွေ့ရထားလိုက်ပါသည်။
လက်တွေ့နည်းဖြင့် တသက်တာသိမှတ်သွားနိုင်ရန် ပညာပေးတတ်သော အဖေကို ကျေးဇူးတင်မိပါသည်။

Saturday, February 11, 2012

သခင်ယေရှု မင်းကိုချစ်တယ်

 
"0"
"Zero"
1st year physic classရဲ့ chapter end test အဖြေလွှာကို အခန်းရှေ့ထွက်ယူပြီး ပြန်အလှဲ့မှာတော့ ကျွန်မရဲ့မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုတွေနဲ့ နီမြန်းသွားပါတယ်။ အမှတ်နည်းမယ်ဆိုတာ ကြိုတွက်ဆထားပေမယ့် အခုလိုမျိုး သုညရလိမ့်မယ်လို့ ထင်မထားမိပါ။ ရှက်လိုက်တာ၊ ရှက်လိုက်တာ လို့ စိတ်ထဲမှာ အထပ်ထပ် အော်နေမိတော့ ဆရာပြောနေတာလည်း ဘာဆိုဘာမှ မကြားတော့။ ဒီနေ့မနက်ရဲ့ အတန်းချိန်က ဘယ်လိုနဲ့ပြီးသွားမှန်းလည်း အသိတော့ပါ။



နေ့လည် ထမင်းစားချိန်ရောက်တော့လည်း ထမင်းကဘယ်လိုမှစားမဝင်။ "ငါဒီလောက်တောင်များ ညံ့နေပြီလား" "ရှေ့လျှောက်ဘယ်လိုစခန်းသွားရပါ့" ဆိုပြီး အတွေးပေါင်းများစွာနဲ့ စိတ်ရှုပ်နေရတော့တယ်။တက္ကသိုလ်ပညာရေးဖြစ်တဲ့အတွက် အတန်းထဲမှာ ဆရာကလည်း အသေးစိတ်သင်ကြားခြင်းမဟုတ်ပဲ မိတ်ဆက်ခြင်းလောက်သာ သင်ကြားပေးတယ်။ ပြီးတော့ chapter end test ဖြေမယ်ဆိုတော့ မေးခွန်းတွေက ဘယ်ကဘယ်လိုတွေ ထွက်လာမှန်းမသိ။ လေ့ကျက်ထားတာလည်း တစ်ခုမှမပါ။တိုင်းတပါးနိုင်ငံမှ ပညာလာသင်နေရသူကျွန်မအတွက် ကျောင်းစတက်လျှင်တက်ခြင်း စိတ်ဓတ်ကျခြင်းများကတစ်ခုပြီးတစ်ခု။



ထမင်းစားချိန်ပြီး၍ chemistry အတန်းချိန်ရောက်လာပြန်တော့လည်း စိတ်တွေက စာထဲမရောက် ၊ ဝမ်းနည်းအားငယ်ခြင်းတွေနဲ့ တဝဲလည်လည် ဖြစ်နေတော့တယ်။ chemistry ဆရာရဲ့ သီအိုရီကြားထဲမှာ အိမ်မှာရှိတဲ့ အဖေကိုပဲ မြင်ရောင်သတိရနေပြန်တယ်။ ကျွန်မအဖေက မြန်မာနိုင်ငံမှာ chemistryသင်တဲ့ ဆရာပါ။ ကျွန်မကိုယ်တိုင်က အဖေရဲ့ တပည့်ဖြစ်ခဲ့ဖူးတော့ chemistry သီအိုရီတွေမြင်နေရတော့ အိမ်ကိုလွမ်းစိတ်ကလည်း လှိုင်းထန်နေပါတော့တယ်။




ဒီလိုနဲ့ အိမ်ပြန်ချိန်ရောက်တော့ ဘတ်စ်ကားပေါ်မှာ ဝမ်းနည်းခြင်း၊ အားငယ်ခြင်းတွေကို တနင့်တပိုး ထမ်းလာမိတော့တယ်။ ဘတ်စ်ကားပေါ်ကဆင်းတော့လည်း ခြေလှမ်းတွေက ခနော်ခနဲ့ဖြစ်နေတဲ့အပြင်၊ ခံစားချက်တွေကို တစ်စုံတစ်ယောက်အား ရင်ဖွင့်ခြင်မိတဲ့စိတ်တွေ အလွန်ကိုတောင့်တနေပါတော့တယ်။ အားငယ်နေချိန်ဖြစ်တဲ့အတွက် တစ်ယောက်ထဲဆိုတဲ့ အသိတွေက လေနုနုလေးဖြတ်တိုက်သွားတာကိုပဲ အကြောအခြင်တစ်ခုလုံးကို ယိုင်နဲ့နဲ့ ဖြစ်သွားစေပါတယ်။ တကယ်ပဲ ဝမ်းနည်းနေမိတယ်။ ဒီလိုနဲ့ လူကူး မြင်းကြားရောက်တော့ မီးနီတဲ့အတွက် ခြေလှမ်းတွေ တုန့်ဆိုင်းသွားတဲ့ခဏ ဘေးနားကနေ" သခင်ယေရှု မင်းကိုချစ်တယ်" ဆိုပြီး မိန်းကလေးနှစ်ယောက်က ဝေစာလေးတစ်ခုကို လှမ်းပေးရင်း ကျွန်မကို ပြောလိုက်ပါတယ်။ အဲဒီအသံက ကျွန်မတစ်ကိုယ်လုံးကို ဓတ်လိုက်သလိုလို ၊ ပြောမပြတတ်အောင်ပဲ ရင်ကိုလာထိစေပါတော့တယ်။ သခင်ရဲ့ထွေးပွေ့မှုကို ခံစားလိုက်ရသလိုပါပဲ။

ကျွန်မကိုစကားလာပြောတဲ့ မိန်းကလေးနှစ်ယောက်က ဒီလမ်းတလျှောက်နားမှာ ဧဝံဂေလိပြောကြားနေသူတွေဖြစ်ကြောင်း ကျွန်မကို မိတ်ဆက်ပါတယ်။ ဒါနဲ့ ကျွန်မလည်း ယုံကြည်သူတစ်ယောက်ဖြစ်ကြောင်းပြန်ပြောလိုက်တော့ အချိန်ခဏလောက်ပေးနိုင်မလားလို့ မေးပါတယ်။ ဒါနဲ့ကျွန်မတို့ သုံးယောက် အနီးနားမှာရှိတဲ့ အုတ်ခုံလေးတစ်ခုမှာသွားထိုင်ပြီး စကားတွေပြောဖြစ်ကြပါတယ်။ မုန်တိုင်းကြားထဲက လှေပေါ်မှာရှိနေကြတဲ့ သခင်ယေရှုနဲ့ တပည့်တော်အကြောင်းကို ကျွန်မကိုခွန်အားပေးပါတယ်။ တစ်လှေတည်းအတူသွားနေကြပေမယ့် သခင်ကတော့ မုန်တိုင်းကြားထဲမှာငြိမ်းချမ်းစွာ ဆက်တော်ခေါ်နေပါတယ်။မုန်တိုင်းဒဏ်ကိုကြောက်ရွှံ့နေကြတဲ့ တပည့်တော်တွေက သခင်ရဲ့အေးဆေးတည်ငြိမ်မှုအပေါ် အားမလိုအားမရဖြစ်နေကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကြောက်မက်ဖွယ်ကောင်းတဲ့မုန်တိုင်းကြီးဟာ သခင်ရဲ့ရပ်တန့်စေဆိုတဲ့ အမိန့်တော်အောက်၊ တခဏအတွင်းမှာ ငြိမ်သက်သွားရတဲ့အကြောင်း ကျွန်မကို ခွန်အားပေးပါတယ်။ နားထောင်နေရင်းနဲ့ ကျွန်မမျက်ဝန်းထဲမှာ မျက်ရေတွေရစ်ဝဲလာပါတော့တယ်။ ထို့နောက်မှာမျက်ရေများက ပိုးပိုးပေါက်ပေါက်နဲ့ ပါးပြင်ပေါ်ကို လိမ့်ဆင်းလာပါတယ်။ ကျွန်မဘဝမုန်တိုင်းထဲမှာ သခင်အတူရှိနေပါလားဆိုပြီး ခွန်အားတွေပြန်ရလာတယ်။ ကျွန်မလိုအပ်နေစဉ်အချိန်မှာပဲ ရင်ဖွင့်လို့ရတဲ့လူကို ချက်ခြင်း ပို့ဆောင်ပေးခဲ့တာပါ။ ကျွန်မအတွက် သူတို့တွေဆုတောင်းပေးကြပါတယ်။ ယခုလိုအားပေးဖို့လိုအပ်နေစဉ်မှာ ထိုမိန်းကလေးနှစ်ယောက်ကို စေလွှတ်ပေးခဲ့တဲ့ သခင်ရဲ့ နာမကိုမချီးမွမ်းပဲ မနေနိုင်တော့ပါ။





"သခင်ယေရှု မင်းကိုချစ်တယ်"ဆိုတဲ့စကားကို ကျွန်မကိုယ်တိုင် သူတပါးကို အကြိမ်ကြိမ်ခွန်အားပေးခဲ့ဖူးပေမယ့်၊ ဒီရိုးရှင်းတဲ့စကားလေးဟာ လိုအပ်သူအပေါ် ဒီလောက်ထိ ရင်ကိုထိသွားစေမယ့် စကားလေးဖြစ်တယ်ဆိုတာ ကိုယ်ကိုတိုင် ခံစားလိုက်ရစဉ်ချိန်မှာ ကျွန်မရင်တစ်ခုလုံးကို ဝမ်းမြောက်သွားစေပါတယ်။ အားငယ်နေစဉ် ၊ တစ်ယောက်တည်းဖြစ်နေချိန်မှာ သခင်မေတ္တာတော်ဟာ ကျွန်မတို့နဲ့ အစဉ်အမြဲရှိနေကြောင်းကျွန်မသိလိုက်ရပါပြီ။ ထိုအသိကြောင့် အဆောင်ကိုပြန်တဲ့ ခြေလှမ်းများက ယခင်နဲ့မတူ ခွန်အားတွေပြည့်နက်နေပါတော့တယ်။






Wednesday, February 8, 2012

စတော်ဘယ်ရီခြံသို့ အလည်တစ်ခေါက်

"ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေးတားမရဘူး"
ရင်ထဲကို အခါခါရောက်လာတတ်တဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းစာသားလေးပါ။
တကယ်ပဲ ရထားစီးဖို့အခွင့်ရောက်လာတော့ အိမ်ြပန်ချင်စိတ်က ပိုကဲလာပါတော့တယ်။ ဒါပေမယ့်
ဒီခရီးလေးက အိမ်ကိုပြန်တဲ့ ခရီးစဉ်လေးတော့မဟုတ်ပါဘူး။ သူငယ်ချင်းတွေအုပ်စုလိုက် အချိန်ညှိပြီး အားလပ်ရက်တစ်ရက်မှာ (苗栗大湖) ထိုင်ဝမ်နိုင်ငံမြောင်လိမြို့နယ်ရှိ သာ့ဟူရွာလေးဆီကို စတော်ဘယ်ရီအသီးတွေ ခူးဖို့ သွားခြင်းပါ။


ထိုင်ဝမ်နိုင်ငံရောက်စဉ် ပထမဦးဆုံးအကြိမ် ရထားစီးဖြစ်ခြင်းဖြစ်သလို၊ ထိုင်ခုံမရပြန်တော့ မတ်တပ်ရပ်ပြီး ရထားစီးသွားရပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ တရုန်းရုန်းဆိုတော့ တပျော်တပါးကြီးပါပဲ။







မြောင်လိဘူတာရုံရှေ့မှာ သူငယ်ချင်းများနဲ့ အမှတ်တရ












လူတရပ်နီးပါးရှိတဲ့ စတော်ဘယ်ရီရုပ် မှတ်တိုင်ရှေ့မှာ



သာ့ဟူရောက်တော့ စတော်ဘယ်ရီခြံက ဦးလေးကြီးက ကြိုတင်ညှိထားတဲ့အတိုင်း ကားနဲ့လာကြိုပါတယ်။ ဒီအရပ်လေးမှာတော့ စတော်ဘယ်ရြီခံတွေက အပြိုင်အဆိုင်နဲ့ ခြံကိုလာလည်သူတွေကို ဝန်ဆောင်မှုတွေအပြည့်ပေးတတ်ကြောင်းလည်း သိထားပါတယ်။ ကျွန်မတို့သွားမယ့်ခြံမရောက်ခင် လမ်းတလျှောက်မှာလည်း စတော်ဘယ်ရီခြံတွေကို တဖွေးဖွေးနဲ့ တွေ့နေရပါတယ်။ ကျွန်မတို့ အုပ်စုလည်း မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ဝေးရာ တစ်ရက်သာမှာ ရေထဲကိုပြန်ရောက်သွားတဲ့ ရေပျော်ငါးလို တပျော်တပါး ဖြစ်သွားကြပါတော့တယ်။



















တောင်ကုန်းလေးတစ်ခုပေါ်မှာရှိတဲ့ စတော်ဘယ်ရီခြံလေးကို ရောက်တော့ ခုလိုစနစ်တကျနဲ့ စိုက်ပျိုးထားတာကို မြင်တွေ့ရပါတယ်။ အသီးတွေကို မြေကြီးနဲ့ မထိအောင် ပလတ်စတစ်နဲ့ ကျကျနန ဖုန်းအုပ်ထားပြီး စိုက်ပျိုးထားခြင်းပါ။ စတော်ဘယ်ရီသီးတွေကိုလည်း လာလည်သူတွေစိတ်ကြိုက် ကိုယ်တိုင်ခူးယူခွင့်ပေးထားပါတယ်။ ဒါပေမယ့် စိတ်အလိုကျ မခူးဖို့လည်း ကျွန်မတို့သူငယ်ချင်းတွေကြား တယောက်နဲ့ တယောက် လက်တို့ပြီးတော့ ကြိုပြောထားကြပါတယ်။ ဘာလို့လည်းဆိုတော့ ခူးပြီးရင် ကိုယ်ခူးသလောက် အချိန်နဲ့ပြန်ဝယ်ရမှာလေ။








အသီးတွေကလည်း အားရဖို့ကောင်းပါတယ်။ နီနီရဲရဲ၊ ဖွံ့ဖွံ့ထွားထွား ကြီးတွေပါ။









တခါတလေ ခြံပိုင်ရှင် ဦးလေးကြီးလစ်ရင်တော့ တဖက်ကခူးရင်း တဖက်က အသီးကို ခူးစားလိုက်ရတာလည်း အပျော်တမျိုးပါ။ ဟိဟိ။ ရေဆေးဖို့လည်း သတိမရပါဘူး။









ဒီလိုနဲ့ သာ့ဟူမှာရှိတဲ့ စတော်ဘယ်ရီခြံလေးထဲမှာ ကျွန်မတို့ အုပ်စု တပျော်တပါးနဲ့ အသီးတွေခူးလိုက်၊ ဓတ်ပုံတွေရိုက်လိုက်နဲ့ အရမ်းကိုပျော်ခဲ့ရပါတယ်။ ပျော်စရာ နေ့လေးတစ်နေ့အဖြစ် ခုချိန်ထိသတိရနေဆဲပါ။