Pages

Sunday, February 5, 2012

မျက်နှာ၌ အပြုံးရောင် ခြယ်သထားသူ




ကျွန်မနေတဲ့ ကျောင်းအဆောင်မှာ မနက်တစ်ခါ ညနေတစ်ခါ သူမကို တွေ့ရလေ့ ရှိတယ်။ သူမဆိုတာကတော့ ကျွန်မတို့အဆောင်မှာ သန့်ရှင်းရေးလာလုပ်တဲ့ အသက်(၆၀)နီးပါးအရွယ်ရှိတဲ့အမျိုးသမီးပါ။ မျက်နှာခပ်ပြည့်ပြည့်နဲ့ ခင်မင်စရာကောင်းတာမို့ ကျွန်မကစပြီး မိတ်ဆက်ခင်မင်မှု ယူခဲ့တာပါ။

အဲဒီအဒေါ်ကြီးကအဆောင်မှာ မနက်တစ်ခါ ညနေတစ်ခါ သန့်ရှင်းရေးလာလုပ်လေ့ရှိတယ်။ အဆောင်ရဲ့ သန့်ရှင်းရေးအလုပ်ဆိုတော့ အမိုက်လှဲ၊ သွန်သာမက အိမ်သာသန့်ရှင်းရေးပါလုပ်ရသေးတယ်။ ကိုယ့်အမေအရွယ်အမျိုးသမီးကြီးက ဒီလိုအိမ်သာထဲက အမိုက်တွေသွန်၊ ဆေးကြောသန့်ရှင်းလုပ်တာမြင်ရတော့ ရင်ထဲ မချိလှဖြစ်ရတယ်။

ဒါပေမယ့် အဒေါ်ကြီးကိုကြည့်လိုက်ရင် အမြဲပျော်ရွှင်စွာနဲ့ သေသေသပ်သပ် လုပ်နေတာကိုပဲ မြင်ရတာပါ။ ကျွန်မကလည်း အဆောင်မှာသူ့ကို မြင်ရင် နှုတ်ဆက်သလို၊ သူကလည်းကျွန်မကိုမြင်တိုင်းခေါ်တတ်ပါတယ်။ တခါတလေ သူ့မှာရှိတဲ့ မုန့်တွေကိုလည်းပေးတတ်ပါတယ်။ တခါတလေဆို ကျွန်မရဲ့အခန်းကို တကူးတက လာခေါက်ပြီး သူချက်ထားတဲ့ဟင်းကိုတောင် ပေးတတ်ပါသေးတယ်။ အိမ်နဲ့ဝေးရာမှာနေရတဲ့ကျွန်မအဖို့တော့ မိခင်မေတ္တာခံစားရသလိုပါပဲ။ ဒီအဒေါ်ကြီးကိုမြင်ရတိုင်း ကျွန်မရဲ့ ဆုံးသွားပြီဖြစ်တဲ့ အဖွားကိုလည်း သတိရနေမိပြန်တယ်။ ကျွန်မရဲ့မျက်လုံးထဲမှာတော့ အဒေါ်ကြီးက ကျွန်မအဖွားရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင်ြဖစ်နေသလိုပါပဲ။

မူလတန်းပညာရေးအထိသာ သင်ယူခဲ့ဘူးသူမို့ ဒီလိုအောက်ခြေအလုပ်ကို လုပ်နေရတာပါလို့ ပြောပြဘူးပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နေရတဲ့ အလုပ်ကိုတန်ဖိုးထားပြီးလုပ်သူတစ်ယောက်ဆိုတာကို သူ့လုပ်ပုံကိုင်ပုံကိုကြည့်တာနဲ့သိနိုင်ပါတယ်။အဒေါ်ကြီးဟာ နေ့လည်မှာလည်း ကျောင်းရဲ့ထမင်းဆိုင်မှာအလုပ်လုပ်ပါသေးတယ်။ ညထမင်းဆိုင်အလုပ်သိမ်းပြီးတော့ အဆောင်မှာတစ်ခေါက်ပြန်ပြီး သန့်ရှင်းရေးပြန်လာလုပ်ပါတယ်။ ဒီလို အလုပ်တွေပင်ပင်ပန်းပန်းလုပ်နေရတဲ့ အဒေါ်ကြီးကိုကြည့်ပြီး ကျွန်မကသနားမိတော့ ဘာကူညီရမလဲမေးတိုင်း " ကျင့်သားရနေပါပြီ၊ ကျေးဇူးတင်ပါတယ်။" ဆိုတာနဲ့ ကျွန်မတစ်ခါမှ ကူညီပေးခွင့် မကြုံပါဘူး။ ဒီအဒေါ်ကြီးဟာ ကိုယ့်အလုပ်ကို ကိုယ်ကိုတိုင်တာဝန်ကျေစွာလုပ်တတ်တဲ့သူမှန်း သိနိုင်ပါတယ်။




~~~~~




တနင်္ဂနွေ တစ်နေ့မှာတော့ အဆောင်မှာ ဦးလေးကြီးတစ်ယောက် ကြမ်းတိုက်နေတာကို တွေ့လိုက်ရတော့ ကျွန်မအံ့သြသွားမိတယ်။ မိန်းကလေးအဆောင်ဖြစ်နေတာကတစ်ကြောင်း၊ ပြီးတော့ခါတိုင်း တမြက်စည်းလှဲတာဟာ ဟိုအဒေါ်ကြီးလုပ်နေကြဖြစ်နေတာကတစ်ကြောင်းမလို့ပါ။ နောက်ခဏကြာတော့ အဲဒီအဒေါ်ကြီးကို ပြန်တွေ့ရပြန်တော့ ကျွန်မပိုပြီး နားမလည်ဖြစ်သွားမိတယ်။ နောက်တစ်ပတ်တနင်္ဂနွေနေ့မှာလည်း ဦးလေးကြီးကို ပြန်မြင်တွေ့ရတာမို့ ကျွန်မက အဒေါ်ကြီးကို တိုးတိုးလေးသွားမေးမိတော့တယ်။

"သူက အဒေါ်ရဲ့ အမျိုးသားပါ။ ကားရေဆေးဆီထိုးတဲ့ နေရာမှာ အလုပ်လုပ်တယ်လေ။ တခါတလေ တနင်္ဂနွေနေ့ သူအလုပ်နားတဲ့နေ့ကြုံရင် အဒေါ့်ကိုဒီလိုပဲလာကူလုပ်ပေးတာပါ။"

ဦးလေးကြီးဟာ မိန်းကလေးအခန်းဆောင်ရှေ့ ၀ရံတာကြမ်းပြင်တွေနဲ့ ဧည့်ခန်းကြမ်းပြင်တွေကို မေတ္တာအပြည့်နဲ့ တိုက်ပေးနေတာကို မြင်တွေ့ရပါတယ်။

" ဦးလေးက အဒေါ်ကို အရမ်းချစ်တာပဲနော်။" ကျွန်မက ဒီလိုပြောတော့ အဒေါ်ကြီးရဲ့မျက်နှာမှာ အပြုံးကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ သိပ်ကိုလှတဲ့ အပြုံးပါ။ အရာရာကိုကျေနပ် ပီတိဖြစ်နေတဲ့ ၊ ပြီးပြည့်စုံနေတဲ့ အပြုံးပါ။

အဲဒီအပြုံးကနေ မေတ္တာလှိုင်းတစ်ခုက ကျွန်မထံသို့ စီးဆင်းလာသလိုခံစားလိုက်ရတယ်။ အဒေါ်ကြီးဟာ ငွေကြေးပြည့်စုံတဲ့သူ မဟုတ်ပါဘူး။ ပညာပြည့်စုံတဲ့သူလည်း မဟုတ်ပါဘူး။ ဘဝကိုလည်း ပင်ပင်ပန်းပန်းနဲ့ ရှာဖွေလုပ်ကိုင်စားနေရသူပါ။ ဒါနဲ့များ သူ့ဘဝကြီးဟာ ဘာကြောင့်ပြုံးပျော်မှုတွေနဲ့ ပြည့်စုံနေတာလဲဆိုတဲ့ အဖြေကို ကျွန်မသိလိုက်ပါပြီ။

အဒေါ်ကြီးဟာ မေတ္တာတွေပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်နေတာကိုး။ မရှိခြင်းတွေကို အတူတူရင်ဆိုင် မျှဝေခံစားပေးမယ့် ချစ်တဲ့သူကို ပိုင်ဆိုင်ထားရတဲ့သူအတွက် ခက်ခဲပင်ပန်းမှုတွေကြားထဲမှာ ရှင်သန်နေရပေမယ့်လည်း ၊ ညအခါမှာသာတဲ့လလို မျက်နှာမှာ အပြုံးတွေဆင်မြန်းထားနိုင်သူအဖြစ် မေတ္တာရဲ့ခွန်အားပေးနိုင်မှုအစွမ်းကို ကျွန်မသိမြင်လိုက်ရပါတယ်။





Sunday, January 29, 2012

လူငယ်လေးတစ်ယောက်

စကားချီး။ ။ ကျွန်မ အဖေနှင့် အမေ က ကျောင်းဆရာ၊ ကျောင်းဆရာမ များဖြစ်ကြပါတယ်။ စာဖတ်လည်း ဝါဒနာပါသူများလည်းဖြစ်တဲ့အတွက် ကျွန်မငယ်စဉ်ကစပြီး အဖေနှင့် အမေပြောပြခဲ့ တဲ့ ပုံပြင်တွေ၊ သီဆိုပြခဲ့တဲ့ တေးသွားတွေ၊ ရွတ်ဖတ်ြပခဲ့တဲ့ စာပေတွေနဲ့ရင်းနှီးခဲ့ရပါတယ်။ ဒါတွေဟာ ခုချိန်ခါထိ ရင်ထဲမှာ အနည်ထိုင်နေဆဲပါ။ ငယ်စဉ်တောင်ကျေးဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ တစ်ချို့အကြောင်းအရာတွေဟာလည်း အကြောင်းတိုက်ဆိုင်တိုင်း ရင်၌်ပီတိများစွံ့ပျံ့ဆဲပါ။ ဒါတွေအတွက် မိနှင့်ဘကို ဂုဏ်ပြုရင်း ဒီလို အမှတ်တရ စာစုလေး ရေးဖြစ်သွားရခြင်းပါ။







အဖေက တခါတရံ သူဆုံးမလိုတဲ့ အကြောင်းအရာတွေကို သူဖတ်မှတ်ခဲ့ဖူးတဲ့ ဆောင်းပါးတွေထဲက အဖြစ်အပျက်တွေနဲ့ ပြောဆိုဆုံးမလေ့ရှိတယ်။

တစ်နေ့မှာ အဖေက ကျွန်မကို သူဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း ကျွန်မကို ပြောပြခဲ့ပါတယ်။

ဂျပန်ပြည်မှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခု ဆိုပဲ။

တစ်ခါက ဂျပန်ပြည်မှာ...

ဆင်းရဲလို့ အလုပ်လုပ်ရင်းကျောင်းတက်ရရှာတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ဖူးတယ်တဲ့။ သူအားလပ်တဲ့ အချိန်တွေမှာ ဝမ်းစာအတွက် သူရုန်းနေရတဲ့ အလုပ်ကတော့ ၊ ဘယ်သူမှ မလုပ်ချင်တဲ့ အိမ်သာဆေးရတဲ့ အလုပ်ပါ။ မတတ်သာပဲလုပ်ရတဲ့ အလုပ်ဆိုတော့ လူလစ်ရင်လစ်သလို အချောင်ခိုမိတဲ့ အချိန်တွေလည်းရှိမှာပါ။

သူ့ရဲ့လုပ်ငန်းမှာ၊ သူ့လိုပဲ အိမ်သာဆေးတဲ့ အလုပ်ကိုလုပ်တဲ့ အဖိုးကြီးတစ်ယောက်လည်းရှိတယ်တဲ့။ တစ်နေ့ အဲဒီ အဖိုးကြီး အိမ်သာဆေးပြီးလို့ အိမ်သာထဲမှာရှိတဲ့ ရေကိုပြန်ကော်ယူပြီးသောက်လိုက်တာကို လူငယ်လေးမြင်တွေ့လိုက်ရတယ်။ ဒါကြောင့် အကြောင်းရင်းကို သိချင်လွန်းအားကြီးလို့ တအံ့တသြနဲ့ အဖိုးအိုကို မေးခဲ့တယ်။"အဖိုးဘာလို့ ဒီလိုအိမ်သာထဲက ညစ်ပတ်တဲ့ရေကို ပြန်သောက်ရတာလဲ"လို့ မေးလိုက်တော့  အဖိုးအိုက " အဖိုးရဲ့အလုပ်က အိမ်သာကို သန့်ရှင်းပြောင်လက်အောင်လုပ်ဖို့လေ။ အဖိုးက ကိုယ်လုပ်တဲ့ အလုပ်ကို အမြဲပဲ အကောင်းဆုံးနဲ့ တာဝန်ယူရဲတဲ့အထိလုပ်တယ်။ ဒါကြောင့် ဒီအိမ်သာထဲကရေကိုသောက်ပြနိုင်တာဟာ ဒီအိမ်သာကို အဖိုးဘယ်လောက်အထိအကောင်းဆုံးသန့်ရှင်းခဲ့တယ်ဆို ကိုယ့်ကိုယ်ကို အာမခံပြလိုက်တာပါပဲ " လို့ ဖြေလိုက်တယ်တဲ့။ အဲဒီအခါမှ ကျောင်းသားလူငယ်လေးဟာ အဖိုးအိုရဲ့ အလုပ်ပေါ် ထားတဲ့စိတ်ထားလေးကို လက်တွေ့သိမြင်လိုက်ရတယ်တဲ့။




 
အဲဒီနေ့ကစလို့ လူငယ်လေးဟာလည်း အဖိုးအိုလိုပဲ ကိုယ်လုပ်တဲ့အလုပ်တိုင်းကို အကောင်းဆုံးတာဝန်ယူရဲတဲ့အထိ ကြိုးကြိုးစားစားလုပ်လာလိုက်တာ တစ်နေ့မှာ (company)တစ်ခုရဲ့ အမြင့်ဆုံးဒါရိုက်တာဖြစ်သွားတယ်တဲ့။

ကျွန်မအဖေက ဒီအဖြစ်အပျက်လေးနဲ့ အခုလို ဆုံးမခဲ့ပါတယ်။ " သမီးဟာလည်း နောင်အလုပ်တွေအများကြီး လုပ်ရအုံးမယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်တဲ့အခါ လူတွေရှိသည်ဖြစ်ပါစေ၊ မရှိသည် ဖြစ်ပါစေ၊ အလုပ်ကို အချောင်မခိုရဘူး "ဟု ရိုးရိုးရှင်းရှင်းလေးဆုံးမခဲ့ပါသည်။

ဒါလေးက အထက်တန်းကျောင်းသူ ဘဝလောက်က အဖေဆုံးမခဲ့တဲ့အကြောင်းလေးပါ။ အခုလို အရွယ်ရောက်လို့ အိမ်နဲ့ဝေးရာမှာ အလုပ်တွေတစ်ခုပြီး တစ်ခုလုပ်နေရတဲ့ အခါမှာ အဖေပြောပြတဲ့ ဒီအကြောင်းအရာလေးက ရင်ထဲမှာပေါ်ပေါ်လာပြီး ကြိုးစားမှုတွေ ခေါင်းပေါ်ရွက်ထားနိုင်အောင် ခွန်အားတွေပေးလို့နေပါတော့တယ်။

Friday, January 27, 2012

ဝင်္ကပါလမ်းဆုံး

 
 




ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်နေသည်။ ထို့နောက်တွင် လျှပ်ပန်းလျှပ်နွယ်များ ဖြာယှက်ကာ မိုးကိုနိဒါန်းပျိုးလိုက်သည်။ ဖြတ်ကနဲ၊ဖြတ်ကနဲ ဖြာလင်းသွားသည့် လျှပ်စီးများနှင့် တဂျုံးဂျုံး၊တဂျိန်းဂျိန်း မြည်ဟီးလာသည့် မိုးချုန်းသံများကို ကြောက်လန့်နေမိသည့် ကောင်မလေး တစ်ယောက်ရှိခဲ့ဘူးပါသည်။ ထိုကဲ့သို့သောညများတွင် တစ်ယောက်တည်းမအိပ်ရဲတော့၍ မိခင်၏ရင်ခွင်ကို ဖက်တွယ်ပြီး မျက်စိစုန်မှိတ်၊ နှုတ်ဆက်နေတတ်သည်။ စိတ်ထဲ၌တော့ ဘုရားအား မေးခွန်းလေးများ မေးနေခဲ့ပါသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ကြောက်မက်ဖွယ်ကောင်းသည့်၊မိုးချုန်းသည့် ညများကို အဘယ်သူအတွက် ဖန်ဆင်းခဲ့ရသနည်း။ အဘယ်အတွက် ကောင်းကျိုးဖြစ်စေသနည်း။ အမှန်တကယ် နားမလည် ဖြစ်ရပါသည်။


ထိုနေ့ကို မှတ်မိနေဆဲပါ။ ဘုရားကျောင်း၌ လူငယ်များ၏ စွမ်းရည်ပြပွဲ သွားကြည့်ခဲ့သည့်ည။လူ ငယ်များ၏ စွမ်းရည်ပြပွဲက အတိုင်းထက်အလွန်ကောင်း၍ မိုးချူပ်မှန်းမသိ၊ ပြီးသည့်တိုင် အားပေးခဲ့သည်။ သို့နှင့် ပြန်ကြမည်လုပ်စဉ် ကျွန်မအလွန်ကြောက်သည့် လျှပ်စီး၏အလင်းရောင်များက ကြိုဆိုနေတော့သည်။ အိမ်ပြန်ရန်လမ်းကို တွေးကြောက်လာမိသည်။ အိမ်ပြန်ရာလမ်း၌ လမ်းမီးမရှိသကဲ့သို့ ဓတ်မီးလည်းယူမသွားခဲ့ပါ။ ကျွန်မ၏မေမေကတော့ မကြောက်ရန် အားပေးပါသည်။ "မေမေတို့အနားမှာ ဘုရားသခင်ရှိတယ်။ မကြောက်နဲ့သမီး..."


ပထမ ခြေလှမ်းတစ်လှမ်း။ ဒုတိယ တစ်လှမ်း။ တတိယ တစ်လှမ်း။ ခြေလမ်းများကတစ်လှမ်းထက်တစ်လှမ်း ပို၍ခိုင်မြဲလာသည်။ မည်းမှောင်တိတ်ဆိတ်နေသည့် ညလယ်၌ ကြောက်ရွှံ့နေသည့် ခြေလှမ်းများအတွက် ဖြတ်ကနဲ လက်သွားသည့် လျှပ်စီးများက ဓတ်မီးအလင်းရောင်ထက် ပို၍ပင်အလင်းများပေးနိုင်ခဲ့သည်။ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းကို လက်သွားသည့် လျှပ်စီးများက အဖော်ပြုပေးခဲ့ကြသည်။ ဘာမျှအသုံးမဝင်ဟု ထင်မှတ်ထားသည့် အရာကပင် ခြေတစ်လှမ်းချင်းအတွက် ရင်ဆိုင်နေရသည့် ချိုင့်ခွက်၊ ရွှံှ့ဗွက်များကို ကျော်လွှားသွားနိုင်အောင် ကူညီခဲ့ကြသည်။ ဤသို့နှင့် အိမ်သို့ကောင်းမွန်စွာ ပြန်ရောက်ခဲ့ရသည်။ ဘုရားသခင်ဖန်ဆင်းထားသည့် အရာက ကျွန်မကို ခွန်အားဖြစ်စေခဲ့ပါသည်။ အမှန်တကယ် ဝမ်းမြောက်ခြင်းခံစားခဲ့ရသည်။


ဘုရားသခင်ဖန်ဆင်းခဲ့သမျှအရာအားလုံးအတွက် ကျေးဇူုးတော်ချီးမွမ်းမိပါသည်။ ဘုရားသခင်ကိုယ်တော်တိုင် ကောင်းကြီးပေးခဲ့ပြီး အလွန်ကောင်းသည်ဟု သိမှတ်ခဲ့သည် မဟုတ်ပါလား။ ဖန်ဆင်းထားသည့် အရာများသည် ဘုရားသခင်ရှိကြောင်း သက်သေပြနေခြင်းဖြစ်ကြောင်း ထိုမိုးည အဖြစ်အပျက်အားဖြင့် သိမြင်နားလည်ခဲ့ရသည်။

 
ဘဝ ဝင်္ကပါခရီးလျှေက်လမ်းရာလမ်းတလျှေက်၌ တခါတရံ စိတ်ညစ်စရာများနှင့် ကြုံတွေ့နိုင်သည်။ တခါတရံ ကြေကွဲစရာများနှင့် ဆုံတွေ့ နိုင်သည်။ တခါတရံ အနာရောဂါများနှင့် မိတ်ဆက်ရတတ်သည်။ သို့သော် အသက်ရှင်သော ဘုရားသခင်ကို သိကျွမ်းသူများအတွက် မတော်တဆကြုံတွေ့ဖြစ်ပျက်ရသည့်အရာ တစ်စုံတစ်ရာမျှမရှိပေ။ အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်လက်တော်အောက်၌သာရှိကြောင်း ဝန်ခံလျှင်၊ တစ်ချိန်ကျလျှင် ဝမ်းမြောက်ခြင်းများအဖြစ်သို့ ရောက်ရှိမည်မှာ ဧကန်အမှန်ပင်။


သွားပါ။ ဆက်၍လျှေက်သွားပါ။ အားယူ၍၊ ရဲရင့်ခြင်းရှိ၍ ၊ မျော်လင့်ခြင်းရှိ၍ မိမိ၏ ဝင်္ကပါလမ်းကို လျှေက်ပါ။ ဝင်္ကပါ ဆိုသည့်အတိုင်း စ၍လျှေက်လမ်းစဉ်၌ လမ်းကြောင်းများရှုပ်ထွေးနေသည်ဟု ထင်စရာရှိသော်လည်း ၊ ထိုလမ်းအတိုင်း ဆက်၍ ဆက်၍ သွားလိုက်သည့်အခါ အဆုံး၌ ထွက်ပေါက်လမ်းရှိနေပါသည်။ ထို့ကြောင့် မကြောင့်ပါနှင့်။ ဆက်၍သွားပါ။ ဘုရားသခင် သင်နှင့်အတူရှိနေပါသည်။





 

Wednesday, December 14, 2011

စက်ဘီးစင်

ကျွန်မတို့ နေ့စဉ်ဒူဝ သွားလာနေတဲ့အခါ အခြေခံအကျဆုံး သယ်ယူပို့ဆောင်ရေး ယာဉ်ငယ်ကို ပြပါဆိုလျှင် စက်ဘီးဟုသာ ပြောရပေမည်။ ငွေကြေးစရိက္ခကုန်ကြမှု သက်သာသကဲ့သို့၊ စက်ဘီးစီးခြင်းဖြင့် တဖက်လှည့်အနေနှင့် အပန်းလည်းပြေ ကျန်းမာရေးအနေနှင့်လည်း အကျိုးပြုနိုင်သေးသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် စက်ဘီးစီးသူ ဦးရေများလျော့ကြမသွားနိုင်ဟု ကျွန်မထင်မြင်မိပါသည်။


ကျွန်မပညာတက်ရောက်သင်ယူနေသည့် ထိုင်ဝမ်တက္ကသိုလ်တွင်လည်း စက်ဘီးစီးသူဦးရေ များမများ စက်ဘီးစင်များတွင် စက်ဘီးများရပ်နားရန်နေရာ မလောက်သည့် ပြဿနာများကိုကြည့်ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့်လည်း ကျောင်းအုပ်ချုပ်ရေး လူကြီးများက စက်ဘီးရပ်နားရန်စင်များကို ပုံစံမျိုးစုံဖြင့် ကျောင်းနေရာအနှံ့ တပ်ဆင်မွမ်းမံပေးထားသည်ကို မြင်တွေ့နေရသည်။ထိုအရာများကို မြင်ရလျှင် ကျွန်မတို့မြန်မာနိုင်ငံရှိ စက်ဘီးရပ်နားရန် စင်များပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ဖြည့်စွက်အကျိုးပြုနိုင်ရန် အမြင်ရ၍ ဤစာတန်းတိုလေးတစ်ခုကို ရေးရန်အကြောင်းဖြစ်လာပါသည်။
  • taiwan University တွင်တွေရသော စက်ဘီးစင်ပုံစံဆန်းများ





(ဒါကတော့ စက်ဘီးတစ်စီးစီအတွက် မဟုတ်ပဲ အကန့်လိုက်လုပ်ပေးထားတဲ့ စက်ဘီးဆယ်စီးနီးပါးရပ်နားနိုင်တဲ့ စက်ဘီးစင်ပါ)











(ပုံထဲမှာ မြင်နေရတဲ့ ဘောင်နှစ်ခုကြားမှာ ရှေ့ဘီးကို ညှပ်ထားလိုက်ခြင်းဖြစ် စက်ဘီးရပ်ထားခြင်းကို ပိုပြီးခိုင်မြဲစေပါတယ်)
















(ထိုင်ဝမ်တက္ကသိုလ်ရှေ့မှာရှိတဲ့ ခေတ်မီဆန်းသစ်တဲ့ နှစ်ထပ် စက်ဘီးစင်ပါ။ မြေအောက်ဘူတာလည်းအနီးမှာရှိတော့ ရပ်နားထားတဲ့ စက်ဘီးတွေက အလွန်များလှပါတယ်။ စက်ဘီးဒုတိယထပ်မှာ စက်ဘီးထားခြင်းကတော့ ပုံမှာမြင်ရတဲ့အတိုင်း စင်ဘောင်ကို အောက်သို့အရင် ဆွဲယူရပ်နားပြီး ပြန်တင်ရတဲ့ နည်းပါ။)
  • ထိုင်ဝမ်နိုင်ငံရှိ သာအန်းစိမ်းလင် ပန်းခြံရှေမှ စက်ဘီးစင်ပုံစံ
  • ဂျပန်နိုင်ငံရှိ ဘူတာရုံရှေက စက်ဘီးစင်ပုံစံ






(ဂျန်ပန်နိုင်ငံသို့ သွားလည်စဉ် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီစက်ဘီးစင်ကတော့ x ပုံစံ ဒီဇိုင်းဖြစ်တဲ့အတွက် နေရာလည်းမယူ စက်ဘီးတော်တော်များများရပ်နားနိုင်ပါတယ်။ )
  • google နှင်youtube မှ ရှာတွေသော အခြားစက်ဘီးစင်ဒီဇိုင်းဆန်းများ









(တစ်ချက်ခုတ် နှစ်ချက်ပြတ် နှစ်ဘက်လှ ဒီဇိုင်းပါ။ ဒီလို ရိုးရှင်းပြီး နှစ်ဆအသုံးဝင်တဲ့ ideaကို ကျွန်မသဘောကြတယ်။)





ိ(နေရာလည်းမယူတဲ့ စက်ဘီးစင် ဒီဇိုင်းပါ။ ပိုက်ဆံဒင်္ဂါးစေ့ထည့်ရတဲ့ စနစ်ပါ။ မြန်မာနိုင်ငံမှာ အသုံးပြုဖို့ဆိုရင် ပိုက်ဆံဒင်္ဂါးပြားအစား ကော်ပြားစေ့ကို ဖန်တီးကာ တန်ဖိုးသတ်မှတ်ပြီး ပိုက်ဆံနဲ့ လဲယူအသုံးပြုနိုင်မယ့် စနစ်နဲ့ လုပ်ဆောင်လို့ ရမယ်ထင်ပါတယ်။
(သစ်ပင်စတိုင် စက်ဘီးစင်ပါ။ စက်ရှေ့မှာ လက်ဗွေလေးကို ပြပြီး စက်နဲ့သူ့အလိုအလျောက်အပေါ်ကို တင်ပေးတဲ့ စနစ်ပါ။ လျှပ်စစ်မီးမရနိုင်တဲ့ နေရာ အတွက်တော့ အဆင်အပြေလှပါဘူး။)



(ဒါကတော့ ကဒ်ကို အသုံးပြုရတဲ့ စက်ဘီးစင်ပါ။ ဒီဇိုင်းလှသလို အသုံးဝင်မှုလည်း များကြောင်းတွေ့နိုင်ပါတယ်။ ကျွန်မသူငယ်ချင်း ချွမ်ရန်ကတော့ ဒီိဒီဇိုင်းလေးကို အရမ်းကြိုက်ဆိုပဲ။ နေရာလည်းမယူဘူး၊ လေမိုးဒဏ်တွေလည်း ကာကွယ်ထားပေးတော့ သံချေးလည်း မတက်တော့ဘူး၊ ပြီးတော့ လန်းလဲလန်းလို့လေ ဆိုပြီး ပြောပြပါတယ်။ )






ကျွန်မတို့ နိုင်ငံမှာရှိတဲ့ စက်ဘီးစင်တွေကိုလည်း သားသားနားနားနဲ့ သန့်ရှင်းလှပပြီး အဆင့်မြင့်တဲ့ဒီဇိုင်းဆန်းလေးတွေနဲ့ ပြောင်းလဲဖန်တီးချင်နေမိပါတော့တယ်။

Saturday, November 12, 2011

သူငယ်ချင်းရေ

သူငယ်ချင်းရေ
့ဟဲလို သူငယ်ချင်း၊ ဟိုင်း သူငယ်ချင်း ဆိုတဲ့
မြို့ ပြသူငယ်ချင်းတွေကြားထဲမှာ ငါ နားခိုနေရပေမယ့်
ငါ့စိတ်ဝိဥာည်တွေက မင်းရှိရာ နေရပ်ဆီကိုသာ
အခါခါ ပျံသန်းသွားတာပါကွာ။









မေတ္တာနိယာမ

တစ်ခုပေး တစ်ခုယူကြတဲ့ လောကနိယာမကြားမှာ
ရယူဖို့  မစဉ်းစားပဲ
ချစ်သူလိုရာ ထပ်ဆင့်ထပ်ဆင့် ပေးဆပ်နေချင်မိတာ
အဲတာ
မေတ္တာနိယာမပါ။

Wednesday, November 9, 2011

အိပ်မက်သစ်ပင်

အိပ်မက်မျိုးစေ့လေး စတင်မြေချလိုက်စဉ်ကစ
မျိုးစေ့လေးအလိုကျ
မြေ၊လေ၊ ရေ သြဇာပေါင်းများစွာ ...
နေ့မနား ညမအား
ကိုယ်ပြင်ဆင်ရပါတော့တယ်။


နောင်တစ်ချိန် ငှက်တစ်သောင်း နားနိုင်ပါစေကြောင်း
ပင်ပန်းခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ယုံကြည်မျော်လင့်ခြင်းဆိုတဲ့
သစ်ဝါရွက်ခြောက်တွေကိုလည်း
လိုလားစွာ
ကိုယ်ဆုသိမ်းထားမိပြန်တယ်။


ဒီလိုမြေခသွားတဲ့ သစ်ခြောက်မြေဇာလေးတွေကို
ရောသမမွှေရင်းနှင့်
အိပ်မက်သစ်ပင်လေးကို
ရင်ခုန်စွာ
ကိုယ်စိုက်ပျိုးနေလျက်ပါ။