Pages

Wednesday, July 18, 2012

တစ်လှမ်းချင်းတစ်လှမ်း



ထိုင်ပေ main station မြေအောက်ရထား ဂိတ်ဟာ ထိုင်ပေမြို့မြေအောက်ရထားလမ်းကြောင်းများရဲ့ အဓိကအလယ်ဗဟိုဂိတ် ဖြစ်တာနဲ့အလျောက် လမ်းကြောင်းများကလည်း ရှုပ်ထွေးများပြားလှပါတယ်။  လူတွေကလည်း ဟိုကဒီ၊ ဒီကဟို သွားလာလှုပ်ရှားနေကြတာ သံပတ်ပေးထားတဲ့ စက်ရုပ်များအလား။ ရုံးတက်ရုံးဆင်းချိန်များတွင် ပိုပြီးဆိုးပါတယ်။ အရှေ့ကိုကြည့်လိုက်လည်း လူ၊ ဘေးဘက်ကြည့်လိုက်လည်းလူ၊ နောက်ပြန်ကြည့်လိုက်ရင်လည်းလူ။ ခြေလှမ်းတစ်ချက်မှားသွားပြီး လှဲကျသွားလို့ကတော့ လှဲကျသွားသူအပေါ် တက်နင်းသွားကြမယ့်အလား။



အနံ့ပေါင်းစုံနဲ့ ရှုပ်ထွေးနေတဲ့ လူတွေကိုကြည့်ပြီး လူကပျို့ချင်လာသလိုလို။ ခေါင်းက မူးချင်လာသလိုလို။ ဘယ်အချိန်မှ ကိုယ်ရောက်ချင်တဲ့နေရာ ရောက်ပါတော့မလဲဆိုပြီး အားမလိုအားမရနဲ့ စိတ်ကရှုပ်ထွေးစပြုလာပါတယ်။ ဒီအချိန်မှာ
“ဒေါက်၊ဒေါက်၊ဒေါက်၊ဒေါက်”
“ဒေါက်၊ဒေါက်၊ဒေါက်၊ဒေါက်”
 စည်းချက်ညီစွာထွက်ပေါ်နေတဲ့ ဖိနပ်သံစဉ်များက သောတအာရုံကို လာပြီးစွဲဆောင်စပြုလာပါတယ်။
များပြားလှတဲ့ ခြေထောက်တွေကြားက ပေါ်ထွက်လာတဲ့ ဖိနပ်သံစဉ်များကို နားထောင်ရင်း ကျွန်မဟာ မိမိရဲ့ ခြေလှမ်းတစ်လှမ်းချင်းဆီပေါ်သို့သာ  အာရုံကရောက်သွားပါတော့တယ်။ တစ်လှမ်းချင်းတစ်လှမ်း။ တစ်လှမ်းချင်းတစ်လှမ်း လှမ်းသွားလိုက်တာ ဒီလိုနဲ့ ခဏအကြာမှာတော့ ကျွန်မသွားရောက်မယ့်နေရာသို့ ရောက်ရှိသွားပါတော့တယ်။



လူတိုင်းမိမိတို့လိုရာ ဘဝခရီးပန်းတိုင်ကို လျှောက်လှမ်းနေကြတဲ့အခါမှာ တခါတရံရှေ့ကလူတွေကြောင့် စိုးရိမ်ကြောင့်ကြမိသလို၊ ဘေးဘက်ကလူတွေကြောင့်လဲ မောပန်းကြရပါတယ်။ ခြေလှမ်းပေါင်းမြောက်များစွာကြားထဲမှာ ဘယ်ဆီမှ မိမိရဲ့ပန်းတိုင်သို့ ရောက်ပါတော့မလဲဆိုပြီး အားမလိုအားမရဖြစ်နေတတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် မြေအောက်ရထားဂိတ်လမ်းကြောင်းပေါ်မှ ခြေလှမ်းများက ကျွန်မကို အားပေးခဲ့ကြပါတယ်။ ကိုယ်သွားမယ့်ပန်းတိုင်ကို စိတ်ကနေမျှော်မှန်းထားပြီး မိမိရဲ့ခြေလှမ်းတစ်လှမ်းချင်းကိုသာ စိတ်ဝင်စားကာ မှန်မှန်လှမ်းသွားဖို့သာလိုပါတယ်။ ဘေးနားက ခြေလှမ်းပေါင်းမြောက်များစွာကြောင့် စိုးရိမ်စရာမရှိပါဘူး။ ကြောက်လန့်သွားစရာလဲမလိုပါဘူး။ တစ်လှမ်းချင်းတစ်လှမ်းပေါ့။ တစ်နေ့ပန်းတိုင်သို့ ရောက်ရမှာပါ။




No comments:

Post a Comment