Pages

Wednesday, July 18, 2012

အပြုံးစစ်


ဒုက္ခိတသွား ကုန်းလျှောလမ်းလေးပေါ်၌ လက်တွန်းဘီးကုလားထိုင်လေးက တရွေ့ရွေ့နှင့်သွားနေပါသည်။ ကုန်းလျှောလမ်းလေးက အနည်းငယ်မတ်စောက်နေသည့်အတွက် လမ်းတဝက်အရောက် ခနော်ခနဲ့ဖြစ်သွားလိုက်သေးသည်။ အဖေါ်မပါပဲလက်တွန်းဘီးကုလားထိုင်ကိုအားပြုပြီးသွားနေရတဲ့ ဒုက္ခိတဘဝဟာ သာမှန်လူတွေထက် ကျောပေါ်မှာ ချွေးသီးချွေးပေါက်လေးတွေ ပိုပြီးတွဲခိုနေတတ်ပါသည်။  ဘီးနှစ်ဘက်ကို လက်ဖြင့်ဘယ်ညာအားပြုတွန်းရင်း ခဏအကြာ၌ စာကြည့်တိုက်ဝင်ပေါက်သို့  တဖြေးဖြေးနှင့် ကျွန်မရောက်ရှိလို့သွားသည်။ စာကြည့်တိုက်သို့ရောက်သော် ဒုတိယထပ်သို့သွားကာ လစဉ်ထုတ်စာစောင်များဖတ်ရန် ဓတ်လှေကားရှိရာသို့ ဘီးကိုဦးတည်လှည့်လိုက်ပါသည်။


 ဓတ်လှေကားရှေ့ထောင့်နားရှိ ပန်းပင်အိုးကြီးကြောင့်
ဓတ်လှေကားပေါက်ဝရှိ အပေါ်တတ်ရန်ညွှန်ပြသည့်လက်နှိပ်ခလုတ်လေးက လက်တွန်းဘီးကုလားထိုင်နှင့်လာသူ ကျွန်မအတွက် အနည်းငယ်မြင့်သယောင်ဖြစ်နေပါသည်။ ပထမအခေါက် လက်ကိုလှမ်းကြည့်လိုက်သည်။ မမှီပေ။ ဒုတိယအကြိမ်၌ ဖင်လေးကြွကာ လက်ကိုလှမ်းလိုက်စဉ် တံခါးကအလိုလိုပွင့်သွား၍ နောက်သို့တအံ့တသြလှည့်ကြည့်လိုက်စဉ် တစ်စိမ်းလူတစ်ယောက်က ကျွန်မ၏ အခက်အခဲကိုမြင်ကာ ဓတ်လှေကားအခြားတဘက်ရှိ ခလုတ်လေးကို ကူညီနှိပ်ပေးနေသည်ကို မြင်လိုက်ရသည်။


“အို ကျေးဇူးတင်လိုက်တာရှင်”
ကျွန်မ ခေါင်းကိုနောက်သို့လှည့်ကြည့်လိုက်ရင်း ထိုသူ့ကို ပြောလိုက်ပါသည်။ ထိုသူက ကျွန်မကို “ရပါတယ်” ဆိုပြီး ညင်သာစွာ ပြောကာ ခေါင်းငြိမ့်ပြုံးပြလိုက်သည်။ ထိုသူ၏ အပြုံးက တကိုယ်ကောင်းဆန်မှုကင်းကာ တဖက်သားကို ညာတာကူညီမှုပေးတတ်သည့် အပြုံးစစ်တစ်ခုပေ။
လိုအပ်တဲ့အချိန်မှာ ရလိုက်တဲ့ ကူညီမှုတစ်ခုနဲ့ အပြုံးစစ်တစ်ခုဟာ ဒုက္ခိတဖြစ်နေတဲ့ ကျွန်မအတွက် ခွန်အားဖြစ်စေပါတယ်။


ဒုတိယထပ်သို့ရောက်သော် လစဉ်ထုတ်စာအုပ်စင်များကို မြင်ကာကျွန်မပျော်သွားမိသည်။ တဝကြီးဖတ်လိုက်အုံးမည်ဟုစိတ်ထဲက အားခဲကာ လစဉ်ထုတ်မဂ္ဂဇင်းများထားသည့် စာအုပ်စင်သို့သွားလိုက်ပါသည်။ သို့နှင့်  မဂ္ဂဇင်းစာအုပ်၂အုပ်ကိုစိတ်ကြိုက်လှမ်းယူကာ ပေါင်ပေါ်သို့ဦးစွာတင်ထားလိုက်သည်။ ထို့နောက် “နေ့စဉ်သတင်းစာလည်းယူအုံးမှ”  ဟုတွေးကာ နေ့စဉ်သတင်းစာများရှိရာ စာအုပ်စင်သို့သွားကာ စာအုပ်တွဲတစ်တွဲကိုယူလိုက်ပါသည်။
စာအုပ်များ စိတ်ကြိုက်ယူပြီးနောက် စာအုပ်ဖတ်လို့ကောင်းမည့် နေရာလေးတစ်ခုသာ ရွေးရန်ကျန်ပါတော့သည်။ သို့နှင့် လက်တွန်းဘီးကိုစလှိမ့်လိုက်ပါသည်။







စာအုပ်စင်နှစ်ခုကြား၌ လူနှစ်ယောက်စာ စာအုပ်ဖတ်လို့ရသည့် စားပွဲတစ်ခုရှိပါသည်။ “လက်တွန်းကုလားထိုင်နဲ့ အဲဒီစားပွဲပေါ်မှာ ဖတ်ဖို့ အဆင်သိပ်ပြေမှာ မဟုတ်ဘူး” ဟုတွေးမိကာ အခန်းထောင့်ရှိနေရာလေးသို့သာသွားရန် စိတ်ကူးကာအသွား
“အို ပလုတ်တုတ်”
နေ့စဉ်သတင်းစာစောင်များကို တွဲထားသည့် စာစောင်တွဲသံပြားက အနည်းငယ်ရှည်နေ၍ စာဖတ်နေသည့် လူကြီးတစ်ဦး၏ ထိုင်ခုံထောင့်ကို တွန်းမိကာ ထိုင်ခုံပေါ်၌ချိတ်ထားသည့် ထိုသူ၏ ထီးကောက်ရှည်ကြီးလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“တောင်းပန်ပါတယ်ရှင်၊ မတော်လို့ဖြစ်သွားတာပါ”
“ရပါတယ်၊ရပါတယ်။ ကိစ္စမရှိပါဘူးကွဲ့”
လူကြီးက သူ့ထီးကိုကောက်ကာ ကျွန်မကို ပျာပျာသလဲပြောရင်း ပြုံးပြလိုက်ပါသည်။ ဤအပြုံးသည်လည်း တဖက်လူအပေါ် ခွင့်လွတ်တတ်ပြီး အနိုင်မယူလိုသည့် နားလည်မှု အပြုံးစစ်တစ်ခုပေ။




~~~~~




“ဖြောင်းဖြောင်းဖြောင်း၊ မင်မင် သိပ်တော်တာပဲ။ အားလုံးအပြီအပြင်ပဲဟေ့”
လက်ခုပ်သံနှင့်အတူ ချီးမွမ်းသံများလည်း ထွက်ပေါ်လာသည်။
“အေးပါ။ နင်တို့ကိုလည်းကျေးဇူးတင်ပါတယ်”
ပတ်ဝန်းကျင်နှင့် ဗိသုကာ ဒီဇိုင်းဘာသာရပ်အတွက် ကျွန်မတို့သူငယ်ချင်းသုံးယောက်တစ်ဖွဲ့ စာကြည့်တိုက်တစ်ခုသို့သွားကာ  ဒုက္ခိတများ၏ သွားလာလှုပ်ရှားပုံများကို လက်တွေ့သိမြင်ခံစားနိုင်ရန်ု ဒုက္ခိတပုံစံများ သရုပ်ဆောင်လေ့လာမှုပြုကြခြင်းဖြစ်ပါသည်။ ကျွန်မက လက်တွန်းဘီးကုလားထိုင်ဖြင့် သွားလာနေရသူဒုက္ခိတအဖြစ် သရုပ်ဆောင်၍ ကျန်သည့်သူငယ်ချင်းနှစ်ယောက်က ဗိုက်ကြီးသည်တစ်ယောက်နှင့် မျက်မမြင်တစ်ယောက်အဖြစ် သရုပ်ဆောင်ကြခြင်းဖြစ်ပါသည်။

 
ကျွန်မအလှည့်သရုပ်ဆောင်နေစဉ် ကျန်သည့်သူငယ်ချင်းနှစ်ယောက်အနက် တစ်ယောက်က မလှမ်းမကမ်းမှ ဗီဒီမှတ်တမ်းရိုက်ပြီး၊ နောက်တစ်ယောက်က  အဖြစ်အပျက်များကို မှတ်တမ်းရေးမှတ်ပါသည်။ ကိုယ်တိုင်ဝင်၍သရုပ်ဆောင်ကြည့်သည့်အခါမှသာ ဒုက္ခိတသမားများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို လက်တွေ့သိမြင်ခဲ့ရပါသည်။ အားနည်းသူများဖြစ်သည့်အလျောက် အလွယ်တကူအားငယ်တတ်သူများလည်း ဖြစ်နိုင်ပါသည်။ ထို့အတွက် ပတ်ဝန်းကျင်မှလူများက ဖေးမှပေးရန်လိုအပ်လှပေသည်။


အတုအယောင်များ ပေါများလွန်းသော လောကပတ်ဝန်းကျင်ထဲ၌ အပြုံးတုများလည်း ပေါလှပါ၏။ လုပ်ဖော်ဆောင်ဖက် အချင်းချင်းကြားရှိ အပြုံးများ၏နောက်၌ ဝန်တိုမှုများက အရိပ်တစ်ခုဖြစ်နေတတ်သည်။ ကျောင်းသူကျောင်းသားအခန်းဖော်ချင်း၌ရှိသော  အပြုံးများကြား၌လည်း မနာလိုသည့်အရိပ်အငွေ့များ ရောပွန်းနေတတ်ကြသည်။ ဈေးရောင်းသူများ၏ အပြုံးများမှလည်း တကိုယ်ကောင်းဆန်မှုရနံ့များ ရနေတတ်ပြန်သည်။ အပြုံးတုတွေလှိုင်လှိုင်ထနေသည့် ပတ်ဝန်းကျင်ကြီး၌ အသက်ရှုကျပ်နေရသည်မှာ ကြာပေါ့။


ခုတော့ ခေတ္တဒုက္ခိတဘဝရောက်စဉ် လူလူချင်းကြားထဲ၌ရှိသော ဖြူစင်သည့် အပြုံးစစ်များကို ရရှိလိုက်သည့်အတွက် ရင်၌ပီတိဖြစ်ရပါသည်။ တကယ်တော့ အပြုံးစစ်များက လူ့စိတ်အတွင်း၌ အနည်ထိုင်နေကြခြင်းပါ။ ပတ်ဝန်းကျင်ကြောင့် လူ့ဆက်ဆံရေးကြားထဲ၌ သံသယတံတိုင်းများ ခြားနားကာဆီးထားကြသော်လည်း မိမိထက်အားငယ်သူ ဒုက္ခိတများအပေါ်၌ မေတ္တာစစ်များ ပေးလှူနေကြသေးကြောင်းသိလိုက်ရပါ၏။ အပြုံးစစ်များကြောင့် ရင်၌ခွန်အားများဖြစ်ရပါ၏။
ထို့ကြောင့် မိမိအတွင်းစိတ်ထဲ၌ရှိသော အနည်ထိုင်နေသည့် အပြုံးစစ်များကို မိတ်ဆွေရန်သူမခွဲခြားပဲ လူသားအားလုံးအား လှုပ်ခတ်ပေးလိုက်ကြရအောင်လား။




No comments:

Post a Comment