Pages
▼
Sunday, May 19, 2013
အသံတွေ နဲနဲလျှော့ လျှော့
“ကိုကြီးကျော်ဟေ့၊ တို့ကိုကြီးကျော်”
“ကိုကြီးကျော်ဟေ့၊ တို့ကိုကြီးကျော်”
ကိုကြီးကျော်နတ်ဝင်နေတဲ့သူက ဆိုင်းသံ၊ ဗုံသံရဲ့ အားဖြည့်မှုနဲ့အတူ အရက်ပုလင်း တကိုင်ကိုင်နဲ့ မမောနိုင်မပန်းနိုင် ကကွက်ကိုချိုးနေရှာပါတယ်။ ဘေးက အားပေးနေတဲ့ ရွှေပွဲလာပရိသတ်တို့ရဲ့ လက်ခုပ်လက်ဝါးသံကြားထဲမှာ သူ့ခမျာ ခေါင်းတညိမ့်ညိမ့်နဲ့ ပွဲကလို့ကောင်းနေပေမယ့် အိမ်ရှေ့မျက်နှာချင်းဆိုင်အိမ်မှာနေတဲ့ ကျွန်မတို့ရဲ့ နားသောတအာရုံကို အနှောင့်အယှက်ပေးတယ်ဆိုတာ သူတို့တွေ မသိကြလေရော့လား။
ကျွန်မတို့အိမ်ရှေ့အိမ်က နတ်ကတော်အဖွားကြီးရဲ့ နတ်ပွဲတွေစတိုင်း ကျွန်မတို့အနီးအနားပတ်ဝန်းကျင်နေအိမ်တွေအတွက်တော့ မုန်တိုင်းဝင်တာပါပဲ။ အသံတွေကို အသံချဲ့စက်နဲ့အားယူပြီး လွင့်ထုတ်နေလေတော့ ရပ်ကွက်နေလူထုတွေကို ဒုက္ခပေးလွန်းလှတယ်။ ဒီဆူညံသံတွေကြောင့် ကျွန်မတို့လို ကျောင်းသူကျောင်းသားတွေအတွက် စာကျက်ရတာ တော်တော်လေး ကသိကအောက်ဖြစ်ရတယ်လေ။ ရပ်ကွက်နေလူထုတွေ ညနေညခင်း အမောဖြေချိန်လောက်က စပြီးနွှဲလိုက်ကြတာ ညအိပ်ချိန်လောက်မှသာ အသံတိတ်ပါတော့တယ်။ ဒီလိုမျိုး ဆိုချင်၊ ကချင်တယ်ဆိုရင်လည်း လူနေအိမ်တွေနဲ့ဝေးရာမှာ နေရာလေးတစ်ခုသတ်မှတ်ပြီး လုပ်ဖို့ကောင်းလှတယ်။
အဲဒီ မျက်နှာချင်းဆိုင်အိမ်က နတ်ကတော်အဖွားကြီးဆုံးသွားပြီးနောက်ပိုင်းတော့ ကျွန်မတို့အနီးအနားအိမ်ကလူတွေဟာ ဆူညံသံလှိုင်းရဲ့ ဒုက္ခစက်ဝိုင်းမှ လွတ်မြောက်သွားရပါတော့တယ်။ ခုလိုပြောင်းလဲလာတဲ့ခေတ်မှာရော အဲဒီလိုကပွဲတွေ ဘယ်လိုစခန်းသွားနေကြပါလိမ့်။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတယ်ဆိုပေမယ့် ပတ်ဝန်းကျင်လူတွေအတွက် တချက်လောက် ပြန်စဉ်းစားပေးသင့်တယ် မဟုတ်လား။
“ဒုန်း”
ကျွန်မငယ်ဘဝပုံရိပ်တွေထဲက ဆူညံသံအကြောင်းကို တခမ်းတနား စဉ်းစားနေပါတယ်ဆိုမှ ဒီဒုန်းဆိုတဲ့အသံက စလာပြန်ပြီ။ လက်ရှိ ကျွန်မနေတဲ့တိုက်ခန်းရဲ့ဘေးအခန်းဖော်က မမချောရဲ့ တံခါးဆောင့်ပိတ်သံက ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းရယ်။
“အစ်မရဲ့ တံခါးပိတ်သံ နည်းနည်းတိုးလို့ရမလား” ဒါမှမဟုတ် “ အစ်မတံခါးက ပျက်နေလို့ တံခါးပိတ်သံက ကျယ်နေတာလား” ဆိုပြီး ထေ့ကာငေါ့ကာ အသိပေးလိုက်ရမလား ဆိုပြီး ကျွန်မစိတ်ထဲမယ် ဘဝင်မကျဖြစ်လွန်းလှတယ်။ ကိုယ့်ထက်အသက်ကြီးသူဖြစ်တဲ့အတွက် တားမြစ်တဲ့လေသံနဲ့လည်း မပြောချင်ပြန်ဘူး။ ဒီလို အထပ်ထပ်စဉ်းစားရင်း နှုတ်ကဆွံ့အသွားလိုက်တာ ခုဆို ဒီဒဏ်ကို ခံနေရတာ (၁)နှစ်ကျော်လာပါပြီ။ “သမီးရယ် သူငယ်ချင်းတွေနဲ့နေတာ ဘယ်လိုပဲဖြစ်ဖြစ် သည်းခံပါနော်” ဆိုတဲ့ ဖုန်းထဲကနေ အမြဲဆုံးမနေတဲ့ အဖေ့ရဲ့ ဆုံးမသံတွေက ကျွန်မနှုတ်ကို ဆွဲပိတ်လိုက်စေတယ်။ ကျွန်မ ထိုင်ဝမ်ရောက်စအချိန် နေထိုင်ဖို့ကူညီပေးခဲ့တဲ့ ကျေးဇူးရှိသူမို့လည်း ထပ်ပြီး သည်းခံနေရတာပေါ့ရှင်။
ဒါပေမယ့် အဲဒီအစ်မရဲ့ တံခါးဆောင့်ပိတ်သံက ကျွန်မခေါင်းကို တူနဲ့ လာလာထုနေသလိုပါပဲ။ စာတွေနဲ့ လုံးချာလိုက်ရတဲ့အထဲ ဒီတဒုန်းဒုန်းအသံတွေက လူကို စိတ်အနှောင့်အယှက်တော်တော်ပေးလှတယ်။ ကျွန်မလည်း အဲဒီအစ်မ မရှိတဲ့အချိန် သူ့လိုအသံအကျယ်ကြီးထွက်အောင် တံခါးပိတ်ကြည့်ပါတယ်။ အားနဲ့ဆောင့်ပိတ်မှ အသံကျယ်ကျယ်ထွက်တာပါလေ။ သူ့တံခါးပိတ်သံ ဒီလောက်ကြမ်းတာ သူနဲ့တခန်းတည်းအတူနေတဲ့ သူ့ယောကျာ်းရော နားကန်းနေလေသလား။ သူ့အတွက်တော့ ချိုမြိန်တဲ့ သံစဉ်တေးသွားတွေ လှုပ်ခတ်ခြင်း ဖြစ်ချင်ဖြစ်နေမှာပေါ့လေ။
အဲဒီ အစ်မလင်မယားရယ်၊ နောက်ထပ်သူငယ်ချင်းတစ်ယောက်ရယ်၊ ကျွန်မရယ်ပေါင်းပြီး အခန်းသုံးခန်းပါ တိုက်ခန်းကို ငှားနေကြတာပါ။ ကျွန်မနဲ့ နောက်အခြားသူငယ်ချင်းရဲ့ တံခါးပိတ်သံက သာမှန်ပါပဲ။ ကျွန်မမိဘနဲ့နေစဉ်ကဆို “သမီးမိန်းကလေးမလို့ အနေအထိုင်အပြောအဆို ဆင်ခြင်ရမယ်” ဆိုပြီး အမေက တတွတ်တွတ်ဆိုဆုံးမလေ့ရှိတယ်။ ပြည်သူ့နီတိနဲ့ဆိုင်ရာတွေကိုလည်း ပြောမဆုံးပေါင်။ မိန်းကလေးဆိုတာ အော်ကြီးဟစ်ကျယ်မရယ်ရဘူး ဆိုတာကအစ လမ်းလျှောက်ရင် ဖိနပ်လျှပ်တိုက်သံမထွက်စေနဲ့ကအဆုံး။ အမေနဲ့ဝေးရာအရပ်ရောက်မှ အမေ့ဆုံးမသံတွေကို အထပ်ထပ်ပြန်ကြားရောင်မိပြန်တယ်။
“ဒုန်း”
ဟော...ကြားနေရပြန်ပါပြီ။ လောကကြီးရယ်... တဆိတ်လောက် ညင်ညင်သာသာလေး လှုပ်ရှားသွားလာကြပါတော့လားကွယ်။ ဒီတဒုန်းဒုန်းအသံတွေနဲ့ ဝေးရာအရပ်ဆီ ပြောင်းရွှေ့နေနိုင်ရာ တစ်နေ့ဆီသို့ ကျွန်မမျော်မှန်းဆုတောင်းလျက်သာ။
No comments:
Post a Comment