Pages
▼
Friday, October 19, 2012
ပစ်မှတ်
“ဒိုင်း”
“ဒိုင်း..ဒိုင်း”
“ဒိုင်း...ဒိုင်း...ဒိုင်း”
ရှေ့၌ရှိသော ပစ်မှတ်အလယ်ဗဟိုတည့်တည့်ကို ချိန်ရွယ်ပြီး တဒိုင်းဒိုင်းနှင့် ပစ်ထည့်လိုက်သည်။ ပစ်မှတ်မှန်သွားသည့်အခါတိုင်း မီးက တဝင်းဝင်းပွင့်သွားသည်။ ထို့နောက် ရှေ့အနည်းငယ် အလှမ်းဝေးနေသေးသည့် ပစ်မှတ်ကိုလည်း အာရုံစိုက်၍ ပစ်ထည့်လိုက်ပြန်သည်။ မီးတဝင်းဝင်းပွင့်သွားသည်ကိုကြည့်ပြီး စိတ်ကတက်ကြွလို့နေသည်။ နောက်ထပ်တစ်ချက်အနေနှင့် အနောက်၌ကျန်ခဲ့သော ပစ်မှတ်များကိုလည်း ခေါင်းလှည်ပြန်၍ ကျားကုတ်ကျားခဲ ပစ်ထည့်လိုက်ပြန်သည်။
ကျွန်မ တဒိုင်းဒိုင်းနှင့် သေနတ်ပစ်နေသည့်နေရာမှာ တိုကျိုဒစ်စနီကွင်း( Tokyo Disneyland)ထဲ၌ရှိသော Woody နဲ့ Buzz ကာတွန်းဇတ်ကောင်များရှိသည့် အခန်းတွင်ဖြစ်သည်။ ကျွန်မနှင့် အန်တီသည် နံနက်အစောကြီးအချိန်မှစ၍ ဒစ်စနီကွင်းထဲသို့ရောက်နေကာ အမယ်စုံလှသည့် ချစ်စဖွယ်ကာတွန်းဇတ်ကောင်များရှိရာ အခန်များထဲသို့ တစ်ခန်းဝင်တစ်ခန်းထွက်၍ တပျော်တပါး လှည်ပတ်နေကြခြင်းဖြစ်သည်။ လှည်ပတ်သူများ များလွန်း၍ တချို့ကစားခန်းထဲသို့ ဝင်ခွင့်ရရန် လူတန်းရှည်ကြီးကို ၁နာရီကျော်ကျော် စောင့်နေရတတ်ပြန်သည်။ သို့သော် စောင့်ရကျိုးနပ်ပေသည်။ ဒစ်စနီကစားကွင်းထဲရှိ အခန်တိုင်းက ဆွဲဆောင်မှုရှိလှသည်။ ခန့်ညားလှသည်။ ကစားနည်းနှင့် အခန်းအပြင်အဆင်များက တစ်ခန်းနှင့်တစ်ခန်း မထပ်။ ကားတွန်းဇတ်ကောင်လေးများကလည်း ချစ်ဖို့အလွန်ကောင်းလှပြန်သည်။ ကိုယ်အသက်အရွယ်ကိုပင် မေ့သွားကာ သူငယ်လေးတစ်ယောက်အလား တဝေးဝေး တဝါးဝါးနှင့် ခုန်ပေါက်နေမိတော့သည်။ Woody နှင့် Buzz ရှိသည့် အခန်းနေရာသို့ရောက်သည့်အချိန်၌ နေပင်ဝင်နေပေပြီ။
Woody နှင့် Buzz တို့ရှိသည့် အခန်းထဲသို့ ဝင်လိုက်သည်နှင့် စက်ရထားပုံစံ နှစ်ယောက်တစ်တွဲထိုင်စီးလို့ရသည့် ထိုင်ခုံတစ်ခုက အပေါက်ဝ၌ ကြိုလို့နေသည်။ ကျွန်မနှင့် အန်တီလည်း ထိုနှစ်ယောက်တစ်တွဲထိုင်ခုံပေါ်သို့ တက်လိုက်ကြသည်။ ထိုစက်ထိုင်ခုံက တဖြေးဖြေးနှင့် အခန်းထဲသို့ဝင်ကာ စတင်ရွေ့လျားသွားပါသည်။ စက်ထိုင်ခုံ၏ ဘေးတဘက်တချက်၌မူ woody နှင့် buzz ကာတွန်းရုပ်များနှင့် အခြားစက်ရုံပုံစံအရုပ်များက နေရာယူထားသည်ကိုတွေ့လိုက်ရသည်။ အခန်းတွင်းကစားနည်းမှာလည်း စက်ထိုင်ခုံပေါ်တက်ထိုင်စီးနေစဉ် ထိုင်ခုံရွေ့လျားရာလမ်းတလျှောက်ရှိ အရုပ်များကို စက်သေနတ်ဖြင့် လိုက်ပစ်ရခြင်းပင်ဖြစ်သည်။
“ဒါ သေနတ်ပစ်ရတဲ့အခန်း”ဆိုပြီး ကျွန်မအဒေါ်က အခန်းပေါက်ရောက်စဉ်က ပြောလိုက်သော်လည်း ထိုင်ခုံစတင်ကာ ရွေ့လျားနေသည်အထိ ဘာကိုပစ်ရမည်ကို သဘောမပေါက်ဖြစ်နေမိသည်။ သို့နှင့် နည်းယူရန် ရှေ့ခပ်လှမ်းလှမ်းမှ စုံတွဲတစ်တွဲ ပစ်နေသည်ကို တစ်ချက်ငေးကြည့်လိုက်ပါသည်။
သြော်...ဒီလိုပစ်ရတာကိုး ...။ နည်းကိုသိသွားသည်နှင့် ကျွန်မလည်း မနားတမ်း ပစ်ပါတော့သည်။ ပစ်မှတ်တစ်ချက်မှန်သွားတိုင်း ထိုင်ခုံလက်ကိုင်တန်းရှိ အမှတ်ပြစက်မှ အမှတ်များက တိုးတိုးသွားသည်။ အမှတ်တိုးသွားလေ ပို၍ပစ်ချင်လေ။ ပို၍ အစွမ်းကုန် ထိထိမိမိပစ်လေ အမှတ်ကတိုးလေဖြစ်နေတော့သည်။
အာရုံစိုက်၍ ပစ်ကောင်းနေ၍ အခန်း၏ ထွက်ပေါက်သို့ရောက်သွားသည့်တိုင် ဆက်၍ ဆော့ချင်နေသေးသည်။ ထိုင်ခုံပေါ်မှ ဆင်းရန် အင်တင်တင် ဖြစ်နေရသည်။
“ဟယ် နင်က အမှတ် (၁၅၀၀၀)ကျော်တောင် ရတယ် ။ ငါ့မှာတော့ အမှတ် (၂၀၀၀)ကျော်ပဲရတယ်။ ငါ့တူမကတော်လိုက်တာ။ နင်ဘာကိုပစ်တာလဲ။ ငါ့မှာတော့ ဘာပစ်ရမှန်းမသိတော့ လျှောက်ပြီးရမ်းပစ်လိုက်တော့တာ။ ဟားဟ ”
ကျွန်မ အဒေါ်က ပြောပြီး ရယ်နေတော့သည်။ ကျွန်မတို့လည်း သေနတ်ခန်းထဲမှ ထွက်လာသည်နှင့် ခုနက သဲကြီးမဲကြီး သေနတ်ပစ်ကြသည့်အဖြစ်ကို ရယ်နေမိကြသည်။
“ ကာတွန်းရုပ်ပေါ်မှာရှိတဲ့ ပစ်မှတ်ကို သေနတ်ကထွက်တဲ့ ရောင်ခြည်နဲ့ ထိအောင်ပစ်လိုက်တော့ အမှတ်တွေတိုးတိုးသွားတာပေါ့”
ကျွန်မက ဒီလို ဝင့်ဝင့်ကြွားကြွားပြောတော့
“ဟင်... ဟုတ်လား... ငါတော့မသိပါဘူး။ ရှိသမျှ ရမ်းတမ်းပစ်ထည့်လိုက်တော့တာ။ ဘာကို ပစ်ရမှန်းလည်း မသိ။ နင်က ဘယ်လိုသိတာလဲ ”
ကစားနည်းသာ ပြီးသွားသည်။ ကျွန်မအန်တီကတော့ ဘာကိုပစ်၍ ပစ်ရမည်ကိုနားမလည်။ ဘာတွေကို ပစ်ခဲ့သည်လည်း သူမသိပေ။ ခက်တော့သည်။
“ သြော်...အခန်းထဲ စဝင်ဝင်ခြင်းတော့ မသိပါဘူး။ ဒါပေမယ့် သူများပစ်တာကို ကြည့်လိုက်တော့ သဘောပေါက်သွားတယ်။ ပစ်မှတ်က အရုပ်တွေရဲ့ အလယ်ဗဟိုမှာ ရှိတာလေ။ အဲတာနဲ့ ရှိသမျှ အရုပ်တွေပေါ်က ပစ်မှတ်တွေကို အမိအရ ပစ်ထည့်လိုက်တာ။ စက်ထိုင်ခုံနဲ့ အလှမ်းနည်းနည်းဝေးနေသေးတဲ့ ပစ်မှတ်တွေကိုလည်း လက်လှမ်းမှီသလောက် ကြိုပြီးပစ်ထားလိုက်တယ်။ ပြီးတော့ အနောက်က ကျန်ခဲ့တဲ့ ပစ်မှတ်တွေကိုလည်း ရလိုရငြား လှည်ပြန်ပြီး ပြန်ပစ်တာပေါ့။ အန်တီထိုင်တဲ့ ဘက်က ပစ်မှတ်တွေကိုလည်း ရအောင် ပစ်တာလေ”
“ ငါ့တူမ တော်တယ်”
အန်တီ့ထံမှ ချီးကျူးစကားလေး ရလိုက်ပါ၏။
အပျော်တမ်း ကစားနည်းဖြစ်၍ အမှတ်တိုးသည် မတိုးသည်က အရေးမကြီးသော်လည်း ဤသေနတ်ပစ်ကစားနည်းလေးက ကျွန်မအား အသိတရားလေး တစ်ခုကို လစ်ဟပြလိုက်ပါသည်။
ပစ်မှတ် အလွန်အရေးကြီးကြောင်း နားလည်လိုက်ရပါ၏။ ပထမဦးစွာ မိမိ၏ ပစ်မှတ်ကို သိဖို့လိုပါသည်။ မည်မျှ အားကြိုးမာန်တက် ပစ်သော်လည်း ပစ်မှတ်မသိပါက ထိဖို့ဝေးစွ၊ အချိန်ကုန် လူပန်းရုံသာ ရှိပါလိမ့်မည်။ ဘဝပန်းတိုင်ဆီသို့ ချီတက်ကြရာဝယ် မိမိ၏ ပစ်မှတ်ကို သိမည်၊ ထိုပစ်မှတ်ကို
ပစ်ရန် နည်းလမ်းများကိုလည်း နည်းယူမည်၊ အချိန်ကိုတန်ဖိုးထား၍ အားကြိုးမာန်တက်နှင့် အာရုံစိုက်ပြီး ပစ်မည်ဆိုပါက ပစ်မှတ်မှန်၍ ရမှတ်တိုးမည်မှာ ဧကန်မုချပါပေ။
No comments:
Post a Comment