Pages

Tuesday, April 3, 2012

sketch up (or) project 2

Engineerings Graphics ဘာသာရပ်၌ Acto CAD ပုံဆွဲဒီဇိုင်းကို သင်ယူပြီးနောက်၊ ထပ်မံ သင်ကြားရသော software မှာ sketch up ဟုခေါ်သည့် 3D ပုံဆွဲဒီဇိုင်းပင် ဖြစ်ပါသည်။ ဆရာက sketch up တွင်းရှိ drawing menu နှင့် toobars များ၏ အသုံးပြုပုံပြုနည်းများကို အကြမ်းဖျင်းသဘော သင်ကြားပေးပြီးနောက် ယခင်အခါကဲ့သို့ပင် အဖွဲ့ခွဲပြီး project ပြုလုပ်ခိုင်းပါသည်။
ကျွန်မတို့ အဖွဲ့သားများမှာ ယခင် Acto CAD project စဉ်ကတွဲခဲ့သော ရွှင့်တုံးနှင့် ကျွန်မဖြစ်သလို၊ ဆွဲရန်ရွေးချယ်ထားသော အဆောက်အဦးမှာလည်း taiwan university တွင်းရှိ စိတ်ပညာဌာနပင်ဖြစ်ပါသည်။ဤစိတ်ပညာဌာနသည် မြေအောက်တစ်ထပ်နှင့် မြေပေါ်သုံးထပ်ရှိသော အဆောက်အဦးဖြစ်ပါသည်။
ပုံဆွဲရန် အတိုင်းအတာများကိုမူု ပထမ Project လုပ်စဉ်မှ ရယူထားပြီးဖြစ်၍ ထိုအတွက်အချိန်ထပ်ယူစရာမလိုတော့ပေ။



ပထမအဆင့်အနေနှင့် sketch up ပေါ်၌ပုံဆွဲရန် google earth ကို အသုံးပြု၍ စိတ်ပညာဌာနကို ရှာပြီး နေရာယူလိုက်ပါတယ်။
plan view
Google မှာ မြင်နေရတဲ့ ပုံအတိုင်း တူပါတယ်နော်း)
front view ပုံကြမ်းပါ။
front view ပုံချောထွက်လာပါပြီရှင်။



3Dအနေအထားနဲ့ မြင်တွေ့နေရတဲ့ ကျွန်မတို့အဖွဲ့ လက်စွမ်းပြထားတဲ့ ပုံပါ။
ပုံကို မိမိလိုရာ view အတိုင်းမြေလျှိုးမိုးပျံ ရွှေ့လျားလို့ရသည့်အတွက် sketch up နည်းဖြင့် ပုံဆွဲရသည်မှာ ပင်ပန်းသော်လည်း ပျော်စရာကောင်းလှပါသည်။ အုတ်ခဲ၏ အရောင်များကိုလည်း ကိုယ်ကြိုက်နှစ်သက်ရာ အရောင်ရွေးခြယ်လို့လည်းရပါသည်။ ထို့ကြောင့် sketch up နည်းဖြင့် အဆောက်အဦးများ၏ ဒီဇိုင်းပုံများကို ဆွဲရခြင်းက အလွန်အဆင်ပြေလှပေသည်။



sketch up နဲ့ဆွဲထားတဲ့ rear viewပုံပါ။




ဒါကတော့ ActoCad rear view ပုံပါ။
sketch up နှင့် ဆွဲထွက်လာသည့် 3Dပုံကပိုပြီးအသက်ဝင်သကဲ့သို့ Acto CADထက်လည်း အချိန်ပိုပြီးပေးရပါသည်။ ဆွဲခါစမို့ အကြောင်းမသိသေးတာလည်း ဖြစ်နိုင်ပါသည်။ မျဉ်းပြတ်များ တစ်ကြောင်းနှင့်တစ်ကြောင်း ဆက်စပ်နေသည်ကို သတိမထားမိပဲ သေချာမဆက်ထားမိသည့်အချိန်မျိုး၌ အဆောက်အဦး၏ပုံကို လိုရာအနေအထားသို့ ရွှေ့ပြောင်းဆွဲယူသည့်အခါ တစ်ချို့အပိုင်းက ပြတ်ကျန်သွားခြင်းမျိုးလည်း ခဏခဏ ကြုံရတတ်ပါသည်။ ထို့ကြောင့် sketch up ပုံဆွဲဒီဇိုင်းပုံများက ဖျတ်လပ်တက်ကြွပြီး အရောင်အသွေးကြွယ်ဝနေသည့် ဆယ်ကျော်သက်အရွယ်နှင့် တူလှပါသည်။ လန်းဆန်းတက်ကြွနေသည့် အရွယ်ဖြစ်သည့်အတွက်လည်း သူတို့ကိုထိန်းရသည်မှာ အလွန်ခက်သည်မဟုတ်လား။ ဤသဘောအတိုင်းပင် sketch up ဖြင့်ပုံဆွဲစဉ်၌ လက်ငြိမ်ရန် အလွန်အရေးကြီးပါသည်။ တစ်ချက်မှားတာနှင့် ပုံများကို ပြန်ပြီးအချောသပ်ရသည်မှာ လက်ဝင်လွန်းလို့ပါရှင်။ ပုံများကို ရွှေ့လျားသည့်အရာမှာ လွယ်ကူသော်လည်း ထိန်းရသည်မှာ တော်တော်လေး လက်ဝင်လှသည်ကိုတွေ့ရပါသည်။
စိတ်ပညာဌာန အမှတ်အသားပြ သစ်သားဘောင်
ဒီပုံလေးရန် တစ်ရက်နည်းပါး အချိန်များပေးပြီး ဆွဲယူလိုက်ရပါသည်။ ကြည့်လိုက်လျှင် လွယ်ကူမည်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့၌ ပုံချောထွက်လာရန် ဆွဲယူရသည်မှာ ရင်မောလွန်းလှပါသည်။ ဆွဲလိုက၊် ဖျက်လိုက်နှင့် လိုရာမရပဲ အလွန်လက်ဝင်လှသည်။ ထို့ကြောင့် ကျွန်မသူငယ်ချင်းတစ်ယောက်၏ အိမ်စာ၌ ယခုလိုရေးထားခြင်းကို ဖတ်လိုက်ရပါသည်။“ sketch up ပုံဆွဲတာ ဘဲရေကူးတာနဲ့ တူတယ်။ အပြင်ပန်းကြည့်လိုက်ရင် ငြိမ်ငြိမ်သက်သက်နဲ့ ရေပြင်ပေါ်စီးမျှောနေတာကိုပဲ မြင်ကြရပေမယ့်၊ တကယ့်ရေအောက်ထဲမှာတော့ ရုန်းကန်ကူးခတ်နေရတဲ့ ဘဝပါ“ တဲ့။
right side view and left side view
ကျွန်မတို့ project အိမ်စာများကို ကျောင်း website ပေါ်ရှိ computer upload စနစ်နှင့်ဆရာကို ပေးပို့ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိမ်စာများကို တစ်တန်းလုံးရှိ ကျောင်းသူကျောင်းသားအားလုံး လေ့လာဝင်ကြည့်လို့ရပါသည်။ ကျွန်မလည်း တစ်ခြားအဖွဲ့များ၏ ဆွဲပုံဆွဲနည်းများကို ဝင်လေ့လာဖြစ်ပါသည်။ ထိုင်ဝမ်ကျောင်းသားများ စာကြိုးစား၍ အိမ်စာများးကို အကောင်းဆုံးလုပ်ဆောင်ကြကြောင်း မြင်တွေ့ရပါသည်။ တစ်ချို့အဖွဲ့များ၏ပုံများ အလွန်လက်ရာမြောက်လှပါသည်။
တစ်ချို့ကျောင်းသားများက အခြေခံပုံဆွဲနည်းကို အထက်တန်းကျောင်းတက်စဉ်ကတည်းက သင်ယူခဲ့ပြီးကြောင်း သိရပါသည်။ ကျွန်မမှာတော့ ယခုအတန်းတက်စဉ်မှသာ sketch up နဲ့ ထိတွေ့ရသည်မို့ ဤအိမ်စာကို လုပ်သည့်အခါ၌ သူငယ်ချင်း ရွှံ့တုံးကို တော်တော်လေး အားကိုးလိုက်ရပါသည်။ ကျွန်မတစ်ယောက်တည်းလုပ်မည်ဆိုရင် တစ်လနေ၍မျှ ဤအိမ်စာကိုလုပ်ပြီးမည် မထင်ပါ။ ထို့ကြောင့်ပင်ဖြစ်မည်ထင်။ ဆရာများက အင်ဂျင်နီယာကျောင်းသားတွေအား အဖွဲ့နှင့်လုပ်ဆောင်တတ်ရန် အထပ်ထပ်နည်းပေးလမ်းပြလေ့ရှိပါသည်။
ယခုအိမ်စာအတွက် ကျွန်မတို့တစ်ခန်းသားလုံး တစ်ပတ်နည်းပါးမျှ အိပ်ရေးပျက်ပင်ပန်းခံပြီး အားထုတ်လိုက်ကြရပါသည်။ ကျွန်မနှင့် ရွှံ့တုံးသည်လည်း သောကြာနေ့နံနက်၉.၀၀နာရီအတန်းအမှီတင်ရမည့် ဤအိမ်စာကို ကြာသပတေးညနေအထိ ဆွဲကြသည်မှာ လက်စမသတ်နိုင်ပဲ ရှိနေပါသည်။ ထို့ကြောင့် ကြာသပတေးညလုံးပေါက် အိပ်ချင်သည့်စိတ်ကိုဘေးချိတ်ကာ၊ နှစ်ယောက်သား msn ကိုယ်စီဖွင့်၍ တစ်ယောက်ဆွဲပြီးသားပုံများကို ပို့လိုက်၊ အချောသပ်စာစီကုံးလိုက်နှင့် ညလုံးပေါက် အချိန်ပေးလိုက်ရပါသည်။
မည်သို့ပင်ဖြစ်စေ ပေးလိုက်ရသည့် ပင်ပန်းမှုများနှင့် ထိုက်တန်အောင် ဆွဲထွက်လာသည့် ပုံများက ကျွန်မတို့နှစ်ယောက်စလုံးကို အမောပြေစေခဲ့ပါသည်။


No comments:

Post a Comment