Pages

Tuesday, March 20, 2012

ကြက်ဥပြုတ်နှင့် ကျွန်မ



“အဖေ၊ ကြက်ဥပြုတ်ကျက်ပြီနော်”

အဖေပြုတ်ခိုင်းတဲ့ ကြက်ဥပြုတ်ရလို့ တော်တော်လေးကြာမှ အဖေကို ကျွန်မပြောလိုက်ပါတယ်။

“ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လည်းသမီးရဲ့”
“ဟိုလေ...ကြက်ဥပြုတ်ရေက ခုထိမအေးသေးဘူး။ အရင်အဖေပြုတ်တုန်းကလိုလည်းမဟုတ်ဘူး”
“ကဲကဲ ယူခဲ့ အဖေဆီကို”

အဖေဆီကို ကြက်ဥပြုတ်လှမ်းပေးလိုက်စဉ်..အဖေက

“ကြက်ဥပြုတ်ခွက်ထဲကရေပူက ဘယ်ကရေပြန်ထည့်ထားတာလဲ”
“ရှင်”
“ဟိုလေ ရေနွေးဓတ်ဗူးထဲက လောင်းထည့်ထားတာပါ”
“ဟိုက်၊ ဘာလို့လဲ သမီးရဲ့”
“ဟိုလေ၊ အဖေအရင်က ပြုတ်လာတဲ့ ကြက်ဥပြုတ်ထဲက ရေကလည်းနွေးနေတာမဟုတ်လား။ အဖေ ရေနွေးပူ ပြန်ထည့်ထားတာထင်လို့”
“အို ငါ့သမီးရယ် ဖြစ်ရလေ။ ကြက်ဥပြုတ်တောင် မပြုတ်တတ်သေးပါလား။ ဒါကြောင့် အဖေပြောတာပေါ့ မသိရင် မေးပါ။ သူများဘယ်လိုလုပ်သလဲ လေ့လာပါဆိုတာ”

ကျွန်မကို ပထမဦးဆုံးအကြိမ် ကြက်ဥပြုတ်ခိုင်းတာနဲ့ လွဲတော့တာပါပဲ။ ကြက်ဥပြုတ်မှအပူများ အေးသွားစေရန် ခွက်ထဲသို့ ရေအေးထပ်ထည့်ခြင်းဖြင့် အပူစီးသွားစေခြင်းကိုပင်၊ ရေနွေးပူထပ်ထည့်ပေးခြင်းဖြစ်မည်ဟု အူခဲ့ဘူးပါသည်။ ငယ်စဉ်က အဖေနှင့်အမေ အဆင်သင့် ပြုလုပ်ပေးစဉ်ကတော့ စားပွဲပေါ် ရောက်လာတာ စားဖို့တစ်လမ်းသာသိသည်။ စားပွဲပေါ် ဘယ်လိုပြင်ဆင်ရောက်လာသလဲ ဘာမျှ ရှည်ရှည်ဝေးဝေး မစဉ်စား မတွေးတောဖူးပေ။ ကိုယ်ကိုတိုင် ထလုပ်စဉ်မှသာ “ကြက်ဥပြုတ်မှာလည်း သူ့နည်းလမ်းနဲ့ပါလား”ဟု ဆင်ခြင်မိတော့သည်။ ငယ်ဘဝ အဖြစ်အပျက်များ ယခုအချိန်ပြန်တွေးလျှင်
ပြုံးစိစိဖြစ်နေရတတ်သည်။

“ကဲသိပြီလား သမီး၊ ဘာမဆို ကိုယ်ကိုတိုင်လုပ်ကြည့်မှ သိလာတယ်။ တတ်လာတယ်။ ဒါကြောင့် သူများလုပ်တဲ့အခါ ဘယ်လိုလုပ်ဆောင်ရသလဲ လေ့လာထားရမယ်။ လူတတ်ကြီးလို ဘာသိဘာသာမနေရဘူး။ ကြားရဲ့လား”
“ဟုတ်”

ဘယ်နေရာ ဘယ်အရပ်တွင် ရောက်နေပါစေ ပညာများ ကိုယ့်ထံရောက်လာရန် အခြေခံနည်းကောင်းအဖြစ် ဆယ်ကျော်သက်အရွယ်၌ ကျွန်မတို့ အိမ်လေး၌ ကြက်ဥပြုတ်ရင်း အဖေထံမှ နည်းကောင်းလေးကို လက်တွေ့ရထားလိုက်ပါသည်။
လက်တွေ့နည်းဖြင့် တသက်တာသိမှတ်သွားနိုင်ရန် ပညာပေးတတ်သော အဖေကို ကျေးဇူးတင်မိပါသည်။

No comments:

Post a Comment